Tuesday, November 10, 2009

မြို့တော်ရန်ကုန်ဇာတ်လမ်းစုံ အပိုင်း (၃)


မကလျာရေ . . .
    ပြီးခဲ့တဲ့ တစ်ပတ်က မြို့တော်ရန်ကုန်ဇာတ်လမ်းစုံ (၂)ကို ရေးပြီးတဲ့နောက်ပိုင်း အလုပ်များနေတာ ရယ်၊ ခရီးထွက်သွားတာရယ်ကြောင့် စာဆက်ပြတ်သလို ဖြစ်သွားရတယ်ဗျာ။ ဒီတစ်ပတ်တော့ ပြောစရာ ရေးစရာလေးတွေ ပေါ်လာပြန်ပြီဆိုတော့လည်း မြို့တော်ရန်ကုန်ဇာတ်လမ်းစုံ အပိုင်း (၃) ကို ဆက်ကြပါဦး စို့ရဲ့လား။

ပြင်ဆင်ခွင့်ကလေး ပေးပါလား
မကလျာရေ . . .
    ပြီးခဲ့တဲ့ အောက်တိုဘာလ နောက်ဆုံးပတ်ထဲမှာ ရန်ကုန်မြို့တော်ကြီးကို ကြွပ်ကြွပ်အိတ်ပါးတွေ အသုံးပြုမှု ကင်းစင်တဲ့ မြို့တော်ကြီးဖြစ်လာစေဖို့အတွက်  ကြွပ်ကြွပ်အိတ်ထုတ်တဲ့ စက်ရုံ တစ်ရာကျော်ကို တစ်လအတွင်း ပိတ်သိမ်းဖို့ သက်ဆိုင်ရာက ညွှန်ကြားလိုက်တယ်ခင်ဗျ။ ဒါဟာ တစ်ကမ္ဘာလုံး လွှမ်းခြုံလုပ် ဆောင်နေကြတဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ
့ အမှိုက်ကထွက်လာတဲ့ ဓာတုပစ္စည်းများကြောင့် ပတ် ၀န်းကျင်ညစ်ညမ်းနေရတယ်ဆိုတဲ့စံနှုန်းမျိုးတွေနဲ့ ဆိုရင်တော့ ကြိုဆိုရမယ့် ကိစ္စပဲဖြစ်တယ်ဗျ။ ဒီနှစ်ထဲမှာ ပဲ ဇွန်လက မန္တလေးရွှေမြို့တော်ကြီးမှာ  ကြွပ်ကြွပ်အိတ်သုံးစွဲမှုကို ကန့်သတ်ခဲ့သလို အောက်တိုဘာလဆန်း ထဲမှာပဲ အုပ်ချုပ်ရေးမြို့တော်ကြီးဖြစ်တဲ့ နေပြည်တော်မှာလည်း အလားတူပဲ  ကြွပ်ကြွပ်အိတ် သုံးစွဲမှုကို ကန့်သတ်ခဲ့ပြန်ပါတယ် မကလျာရေ။ ဒီလုပ်ငန်းစဉ်ကြီး တကယ်တကယ့် မထောက်မညှာတမ်းပြောရရင် တော့ နောက်တောင်ကျနေပြီဆိုရမလားပါပဲ။

    မကလျာရေ  ကျွန်တော်အနေနဲ့တော့ အားလုံးသိပြီးသားဖြစ်နေတဲ့အတွက်  ကြွပ်ကြွပ်အိတ်ရဲ့ ဆိုး ကျိုးနဲ့ပတ်သက်တဲ့  ကြွပ်ကြွပ်အိတ်ဋီကာဖွင့်ဖို့တော့ စိတ်ကူးမရှိပေဘူးဗျ။ ဒါပေမယ့် ကျွန်တော်တို့လူမျိုး ကျွန်တော်တို့ ၀န်းကျင်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အကြောင်းအရာတစ်ခုကတော့ အပြောင်းအလဲတစ်ခုဖြစ်လာ ပြီဆိုရင် လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်ခွင့်မရကြတဲ့အတွက် အသားတကျမဖြစ်ဘဲ လိုရာမရောက် ဖြစ်ကုန်ကြတာကို ထောက်ပြချင်တာပါ။ ကျွန်တော်အမှတ်မမှားဘူးဆိုရင်တော့ ၂၀၀၀ ပြည့်နှစ် ၀န်းကျင် လောက်က ရန်ကုန်မြို့တော်ကြီးမှာ မြို့လယ်ခြောက်မြို့နယ်မှာ ကွမ်းယာရောင်းချခွင့် ပိတ်သိမ်းလိုက်တယ် နော်။ ပိတ်သိမ်းရုံတင်မဟုတ်ဘူး။ ရောင်းချမယ်ဆိုရင် ဖမ်းဆီးအရေးယူရမယ့် ကုန်စည်အဖြစ် သတ်မှတ် ခဲ့ကြဖူးတယ် မဟုတ်လား။

    မကလျာရေ အခုနေ ရန်ကုန်မြို့လယ်မှာ လမ်းသလားရင်း ကွမ်းယာစားဖို့အတွက် အခက်အခဲ မဖြစ်ရအောင် ကွမ်းကြိုက်သူတွေ ကွမ်းအထုပ်ကြီးအထုပ်ငယ်နဲ့ သွားကြမယ်လို့ ထင်နေပါသလား။ (ကွမ်း ယာက ရောင်းချခွင့်မှမရှိတာ) မရောင်းရဘူးဆိုပေမင့် စားသူတွေကရှိနေပြန်တော့ တိုးတိုးတိတ်တိတ်ရောင်း ကျဝယ်ကျရတဲ့အတွက် တိုးတိုးသား ဖြစ်မသွားပေဘူးလား။ အဲသလိုပါပဲ အများပြည်သူ မြင်သာထင်သာ မှာရှိနေတဲ့ ဆိုင်းဘုတ်ကြီးတွေမှာ အရက်နဲ့စီးကရက်ကြော်ငြာတွေ ကန့်သတ်လိုက်သလို ရုပ်မြင်သံကြား မှာလည်း ကြော်ငြာခွင့်မရတာ အမှန်ဖြစ်ပေမင့် စီးကရက်သောက်သူ အရက်သောက်သူ အရေအတွက်တော် တော်များ လျော့သွားပါရဲ့လား။ အင်း အခုနှယ်များတော့ ပိုတောင်များလာသလားလို့ပါ။ မြန်မာနိုင်ငံတစ်နှံ လျားလျား ဘယ်သွားသွား လက်ညှိုးထိုးမလွှဲတာက ]]မြန်မာဘီယာရပြီ}} ဆိုတဲ့ ဆိုင်းဘုတ်လေ။ အမယ်မန်း မြို့တော်မှာ ဘီယာစတေရှင်နဲ့အပြိုင် ရမ်စတေရှင်တွေ တယ်ပေါဆိုပဲ။ ဆိုလိုတာကတော့ မကလျာရယ် အချို့ကိစ္စတွေက စိတ်ဝင်တစားနိုးကြားသိရှိမှုဗတမေနညနျ နဲ့ စနစ်တကျထိန်းသိမ်းကွပ်ကဲနိုင်မှုတွေနဲ့ပဲ ဆိုင်တယ်ဗျ။ ဆိုပါတော့ဗျာ။ အရက်၊ ဆေးလိပ်၊ ကွမ်းယာကိစ္စမျိုးဟာ သုံးစွဲသူကိုယ်တိုင်က ဒါဟာကျန်မာရေး၊ လူမှုရေး၊ စီးပွားရေးကို ထိခိုက်နိုင်တဲ့အတွက် ရှောင်မှကောင်းမယ်ဆိုတဲ့ အသိ လိုအပ်နေ သလို ဒီလို အသိ တွေ လူထုကြားမှာ ပျံ့နှံ့လာဖို့လည်း လိုအပ်တဲ့မီဒီယာတွေသုံးပြီး ဆောင်ရွက်ကြ ရမယ်ဗျ။ ပြီးတော့ ဒါတွေကို အလွယ်တကူဝယ်ယူသုံးစွဲခွင့်မရအောင် ထိရောက်တဲ့ကန့်သတ်မှုတွေကိုပါ တစ်ပြိုင်နက်တည်း လုပ်ကြရမယ်။ ဘယ်လိုနေရာမျိုးတွေမှာ လုံးဝမရောင်းရဘူးဆိုတာမျိုး၊ ဈေးနှုန်းဘယ် လောက်ထားပြီး ရောင်းရမယ်။ ဘယ်လိုအသက်အရွယ်တွေကို မရောင်းရဘူးဆိုတာမျိုးကို ထိထိရောက်ရောက်  ဆောင်ရွက်တဲ့အပိုင်းကိုပါ တစ်ပြိုင်နက်တည်း ပူးတွဲဆောင်ရွက်နိုင်ပါမှ အသားကျတဲ့ လွယ်ကူလျှင်မြန်တဲ့ ကူးပြောင်းမှု ရကြ ရောက်ကြမှာပါ။ အဲသလို မဟုတ်ရင်တော့ ဈေးကြီးတဲ့တိုးတိုးသားဆိုပြီး နေရာတိုင်းမှာ ရနိုင်တဲ့ အခြေအနေတစ်ရပ်ကို ရောက်သွားလိမ့်မယ်ဗျ။

    မကလျာရေ . . .။ ခုလည်းပဲ ကျွန်တော်တို့  ကြွပ်ကြွပ်အိတ်ပြဿနာကို ချည်းကပ်တဲ့နေရာမယ် တိုးတိုးသားမဖြစ်သွားဖို့ သိပ်အရေးကြီးတယ်ဗျ။ သုံးစွဲသူတွေကိုယ်၌က ဒီလိုသုံးစွဲတာဟာ ကိုယ်ကိုယ်တိုင် အတွက်ရော ပတ်ဝန်းကျင်အတွက်ရော အကျိုးမရှိဘူးဆိုတာ ကျေနပ်လက်ခံပြီးတော့ မသုံးတော့ဘူးဆိုတဲ့ အမြင်မျိုးပြောင်းလဲသွားဖို့အတွက် ဗတေမနညန်် ဃောစေငါည တွေ လုပ်ကြဖို့လိုမယ်ဗျ။ ပြီးတော့ အဲဒီအစား ဘာတွေ သုံးကြရမှာတုံး။ အဲဒါကလေးလဲ အရေးမကြီးပေဘူးလားဗျာ။ ဟိုတုန်းက ငါးသားငါးကို ဖက်အင် ဖက်နဲ့ ထုတ်ကြတာပဲလို ခပ်လွယ်လွယ်ပြောလို့ မဖြစ်ပြန်ဘူးဗျ။ အင်ဖက်လိုသလောက် မရနိုင်တော့ဘူး လေ။ ပြီးတော့ ကျွန်တော်တို့လူထုအများစုဟာ နိုင်ငံတကာက စူပါမားကပ်ကြီးတွေမှာလို  သားငါးခုတ်ထစ် ပြီးသား ပါကင်ဘူးလေးတွေကို မ၀ယ်နိုင်ကြသေးပါဘူးဗျာ။ ရပ်ကွက်ဈေးတွေမှာပဲ နေ့စဉ်တိုးဝှေ့အားပေး နေရဆဲပါဗျာ။ နောက်တစ်ခုက စက်ရုံကိုမှီခိုထားတဲ့ လုပ်သား တစ်သောင်းနီးပါးရဲ့ ပါရာဒိုင်းအရွှေ့ကလေး ဘယ်နဲ့ ရှိလာမလဲ။ စိတ်တော့ စိတ်ဝင်စားစရာပါ မကလျာရေ။

အသိကလေးတစ်ချက် . . .
မကလျာရေ . . .
    ရန်ကုန်မြို့တော်ကြီးမယ် လမ်းအသုံးပြုသူတွေ ယာဉ်အန္တရာယ်ကင်းဝေးစေဖို့ ဆိုပြီးတော့ ယာဉ် စည်းကမ်းထိန်းသိမ်းရေးကော်မတီကြီး ဖွဲ့ပြီး ယာဉ်နဲ့လူ လမ်းပေါ်မယ် သွားမှုလာမှုတွေကို ကြီးကြပ်လာ လိုက်တာ အနှစ်နှစ်ဆယ်တောင် ရောက်ပါပေါ့လား။ အင်း ကြာတော့ ကြာပြီပေါ့လေ။ ဒါပေသိ အခုချိန် အထိ ယာဉ်တိုက်မှုတွေ၊ ယာဉ်တိမ်းမှောက်မှုတွေ၊ အဲဒီလို ဖြစ်စဉ်တွေကြောင့် လူတွေ ထိခိုက် ဒဏ်ရာရ သေဆုံးမှုတွေကတော့ လျော့ကျမသွားသလို အာဆီယံမှာ အဆင့် ၂ တောင် ရောက်ကုန်ပါပေါ့လား။ ဒါလဲ ပဲ မကလျာရေ ဘယ်လောက်ပဲ ကြီးကြပ်ထိန်းသိမ်းမှုတွေ လုပ်လုပ် အဓိကကျတာတော့ လမ်းအသုံးပြုသူတွေ မဟုတ်ပေဘူးလား။ ခြေလျင်သွားတဲ့လူကလည်း ခြေလျင်သွားသူတွေလိုက်နာရမယ့် စည်းကမ်း၊ အနှေး ယာဉ်မောင်းသူကလည်း အနှေးယာဉ်မောင်းသူလိုက်နာရမယ့် စည်းကမ်း၊ ခရီးသည်တင်ယာဉ်မောင်းသူတွေ ကလည်း လိုက်နာရမယ့် စည်းကမ်းကိုယ်စီ ရှိပြီးသား မဟုတ်လားဗျာ။

    ဒီနေရာမှာလည်း လမ်းအသုံးပြုသူတွေကိုယ်တိုင် အန္တရာယ်ကို ကြိုတင်တွက်ဆနိုင်အောင်၊ ဖြစ်လာ မယ့်ဆိုးကျိုးကို ပီပီပြင်ပြင်ကြီးသိပြီးမှ ဆင်ခြင်တုံတရားတွေ လက်ကိုင်ထားနိုင်အောင် စောစောကပြောခဲ့ တဲ့ ဗတမေနညနျ တွေ လူထုကြားမှာ ပျံ့နှံ့လာဖို့လည်း ဗတေမနညန်် ဃောစေငါည တွေ ခပ်များများကိုလုပ် ကြရမယ်ဗျ။ ကျွန်တော်နေပြည်တော် ရှိစဉ်က တစ်မနက်မှာ နေမကောင်းတဲ့ ကလေးကို ဆေးရုံတင်ဖို့ဆို ပြီး အဖေလုပ်သူက ဆိုင်ကယ်နဲ့ ဆေးရုံကို လာသဗျ။ မအေလုပ်သူက သားကိုစောင်ကြီးပတ်ပြီး ဆိုင်ကယ် နောက်မြီးကို ထိုင်လိုက်သတဲ့။ ကိုင်း ဘာတွေဖြစ်ကြမလဲ။ တွေးမနေပါနဲ့တော့ဗျာ။ သည်လိုပြဿနာတွေ ဖြစ်တိုင်းဖြစ်တိုင်း မသိလို့ဖြစ်ကြရတာပါလားဆိုတဲ့ တွေးလုံးမျိုးတွေက ကျွန်တော်ရင်ထဲမှာ အခုပြောရင်အခု ထိထိခိုက်ခိုက် ဖြစ်ရတယ်ဗျာ။

    တကယ်တော့လည်း ကျွန်တော်တို့အားလုံးဟာ လမ်းနဲ့ကင်းနိုင်ကြသူတွေ မဟုတ်ကြပေဘူးလေ။ နံနက်လင်းတာနဲ့ မြို့ကြီးပြကြီးက လူတွေအားလုံးဟာ ကိုယ်စီကိုယ်စီ အိမ်ကနေ အလုပ်ကိုထွက်လာပြီ ဆိုကတည်းက လမ်းကို နည်းမျိုးနဲ့အသုံးချကြတဲ့ လမ်းအသုံးပြုတွေ မဟုတ်ပေဘူးလား။ ခြေကျင်ပဲလျှောက် လျှောက်၊ ရထားပဲစီးစီး၊ ကားပဲစီးစီး၊ ဆိုင်ကယ်၊ စက်ဘီးနဲ့ပဲ သွားသွား သေချာတာကတော့ လမ်းကိုအသုံး ပြုပြီး လိုရာခရီးသွားကြသူချည်းမို့ အားလုံးဟာ အန္တရာယ်ရှိတယ်ဆိုတဲ့ အသိကလေး ဦးဖို့လိုမနေပေဘူး လားနော်။ သည်တော့မှ သတိကလေးနဲ့ ဆင်ခြင်တုံတရားလေးနဲ့ သွားကြလာကြ ဆုံးဖြတ်လုပ်ကိုင်ကြပါမှ  ယာဉ်အန္တရာယ်ကင်းကြပေမပေါ့။
   
မကလျာရေ . . .
    ပုဂ္ဂလိကဘဏ်တွေ တော်တေmာ်များများ နိုင်ငံတစ်ဝှမ်းပေါ်လာပေမယ့် ငွေလွှဲကိစ္စတွေမတော့ ဝေး လံခေါင်ဖျားဒေသများအတွက် ဟွန်ဒီကို သုံးနေကြရဆဲပါ။ ပြည်ပလူတွေလိုပဲ ပြည်တွင်းမလဲ သူတို့မပါရင် ဘယ်ဟာမှ မပြီးပေဘူးဗျာ။ ရေး၊ မြိတ်၊ ထားဝယ်လို မြန်မာနိုင်ငံရဲ့ တောင်ဘက်စွန်းမြို့ကြီးတွေ၊ မြစ်ကြီး နား၊ ဗန်းမော်လို မြောက်စွန်းပိုင်းမြို့ကြီးတွေမှာ ပုဂ္ဂလိကဘဏ်တွေ ရောက်နေပေမယ့် မြို့ငယ်လေးတွေက လူတွေအတွက်တော့ ဟွန်ဒီဟာ အစဉ်မလာမပျက်တဲ့ ကိစ္စပါပဲ။ အများစုကတော့ ကားဂိတ်တွေ၊ ပွဲရုံတွေ က လွှဲကြသလို၊ တစ်ပိုင်တစ်နိုင် အိမ်အရောက်ပို့တဲ့ ဟွန်ဒီတွေလဲ ရှိနေဆဲပါ။ ထိုင်း၊ မလေး၊ စင်ကာပူ ရောက်မြန်မာတွေအတွက်တော့ ဟွန်ဒီလိုတာ ရေးပြစရာကို မလိုပါဘူးနော့။ အဲ ခုရက်ပိုင်းမှာတော့ ဟွန်ဒီ ငွေလွှဲလုပ်ငန်းနဲ့ နာမည်ကြီးနေတဲ့ ပွဲရုံနဲ ကားဂိတ် ကုမ္ပဏီအချို့ကို သက်ဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေ လုပ် သဗျ။ အင်း ပြောရရင်တော့ ငွေကြေးဝန်ဆောင်မှုလုပ်နေတဲ့ လုပ်ငန်းတိုင်းဟာ ငွေကြေးနဲ့ဆိုင်တဲ့ ဥပဒေ အရ ခွင့်ပြုချက်ရယူထားဖို့ လိုတယ်ပေါ့နော်။ ဒါမရှိတော့ လုပ်လို့မရဘူးပေါ့နော်။ အင်း သူလည်း တိုးတိုး သားလို ဖြစ်သွားရင်တော့ ဟွန်ဒီခတွေ တက်ကုန်တော့မှာပဲလို့ တွေးမိပြန်တယ်ဗျ။

    မကလျာရေ သင်္ဘောသားနဲ့ ရှိုးဂျော့ဟာ အလုပ်အကိုင်အခွင့်အလမ်း ပုံစံတွေ ကွာသလို၊ ရပ်တည် ချက်တွေလည်း မတူကြဘူးဗျ။ လုပ်ခလစာရတာတွေ မတူသလို၊ စွန့်စားရပုံတွေမတူတာကြောင့် တရားဝင် ငွေလွှဲကိစ္စဟာ တန်းညှိလို မရနိုင်ဘူးဆိုတာ မကလျာတို့က ကျွန်တော်ထက်ကို ပိုပြီးသိမှာပါ။ ပင်လယ်ပြင် ထဲက သင်္ဘောသားတစ်ယောက်အတွက် စားစရာ၊ နေစရာ အခမဲ့မို့ ရသမျှပိုက်ဆံဟာ အတင်ချည်းပဲမို့ မိသားစုလွှဲပို့ငွေကို လစဉ်မှန်မှန် သက်မှတ်နှုန်းနဲ့ ပိုနိုင်တာ သဘာဝကျလှပါတယ်။ ကိုယ်ခြေထောက်ပေါ် ကိုယ်ရပ်နေရတဲ့ ရှိုးဂျော့သမားအတွက် မိသားစုလွှဲငွေသတ်မှတ်နှုန်းနဲ့ လစဉ်မှန်မှန်ပို့နိုင်ဖို့ဆိုတာ ဘယ်လို မှ မဖြစ်နိုင်ဘူးဆိုတာ တကယ်ကို ဝေးတမြေမှာ နေထိုင်လုပ်ကိုင်နေကြတဲ့ မကလျာအပါအ၀င် ကျွန်တော့် ရဲ့ အွန်လိုင်းမိတ်ဆွေများကို ရေးပြစရာ ပြောပြစရာ မလိုအပ်ပါဘူးနော်။

    မကလျာရေ အပြောင်းအလဲတိုင်းဟာ ဦးတည်ချက်တစ်ခုဆီကို သွားကြတာပါ။ ဆိုးတာနဲ့ကောင်း တာနဲ့ နှစ်ခုတည်းရယ်ပါ။ ဘယ်ဘက်ကိုပဲ ဦးတည်ဦးတည် အပြောင်းအလဲတွေမှာ နေသားတကျဖြစ်သွား ဖို့ဆိုတာ ကြိုတင်ပြင်ဆင်မှုတွေ ဖြစ်နိုင်၏မဖြစ်နိုင်၏ အပြန်အလှန်သုံးသပ်မှုတွေရှိဖို့လိုသလို နေသားတကျ ဖြစ်သွားဖို့အတွက် ပြင်ဆင်ချိန်လေး ရချင်တာပါ။ ဒီတစ်ပတ်တော့ ဒီလောက်နဲ့ပဲ ဝေးတမြေကအွန်လိုင်း မိတ်ဆွေတွေ ကျေနပ်နှစ်သိမ့်နိုင်ပါစေနော်။

အောင်စည်ဟိန်း

--

2 comments:

flowerpoem said...

ဇာတ်လမ်းစုံကို လာဖတ်ပါတယ်ရှင်..

kaungkinpyar said...

သတင်းအစုံကို သေချာ ဖတ်သွားပါတယ်..း)