သူငယ်ချင်းတို့ရေ .... တို့တွေ ရဲ့ ရန်ကုန်ရွှေမြို့တော်ကြီးမှာ သယ်ယူပို့ဆောင်ရေးယာဉ်တွေ တစ်နှစ် နှစ်နှစ်အတွင်း တိုးတက်များပြားလာတာကတော့ သူငယ်ချင်းတို့ သိ မြင်လိုက်မယ်မထင်ဘူး။ ဘာဖြစ်လို့ လဲဆိုတော့ သူငယ်ချင်းတို့ ရန်ကုန် ရွှေမြို့တော်ကြီးနဲ့ ရွှေနိုင်ငံကြီးကို ခွဲ ခွာသွားကြတာ တချို့ဆို နှစ်နှစ်၊ သုံးနှစ်၊ လေးနှစ်၊ ငါးနှစ် တချို့ဆို ကြာလှပေါ့။
သူငယ်ချင်းတို့ရေ... သူငယ်ချင်းတို့ ခွဲခွာသွားကြတဲ့အချိန်လေး အတွင်းမှာပဲ ရန်ကုန်မြို့တော်ကြီးရဲ့ သယ်ယူပို့ဆောင်ရေး ယာဉ်တွေဟာလည်း ပြောင်းလဲလာတယ်ကွဲ့။ တို့တွေ ငယ်ငယ်တုန်းကတည်းက အားပေးခဲ့တဲ့ စစ်ကျန်ဘတ်စ် ဗိုက်ပူကြီးတွေ၊ ယိုင်နဲ့နဲ့ ကေအမ်ဟီးနိုး ရိန်းဂျားကြီးတွေ၊ ခရီးသည်တင် ယာဉ်တွေမဟုတ်တဲ့.. နိုင်ငံတကာမှာ ကုန်ပစ္စည်းတွေ သယ်ဆောင်ရာမှာသာ သုံးတဲ့ ဟိုင်းလပ်နဲ့ ဒိုင်နာယာဉ်တွေကနေ... နောက် အရွယ်လေး ရောက်လာတော့ ခရီးသည်တင် ဒေ၀ူး၊ ဟွန်ဒိုင်း ယာဉ်ကြီးတွေ၊ အဲယား ကွန်းယာဉ်တွေနဲ့ အဆင့်ဆင့် စီးခဲ့ကြရတယ်။
ခုတော့ ဂျပန်နိုင်ငံက တင်သွင်းလာတယ်လို့ဆိုတဲ့ (မြန်မာပြည် အတွက်တော့ ခုမှ တင်သွင်းလာလို့ ကားသစ်ပေါ့) အသုံးပြုပြီး ခရီးသည်တင် ယာဉ်ကြီးအစီး ၃၀၀ ကို ရန်ကုန်မြို့တော်ရဲ့ သယ်ယူပို့ဆောင် ရေး လုပ်ငန်းတွေမှာ အသုံးပြုဖို့ဆို ပြီး ၂၀၀၇ ခုနှစ်လောက်မှာ တင်သွင်းခဲ့တယ်။ ၂၀၀၈ ခုနှစ် အတွင်းမှာ ကားတွေတစ်သုတ်ပြီး တစ်သုတ် ရောက်ရှိလာခဲ့တယ်ပေါ့။ အဲဒီ ကားတွေအားလုံးရောက်လာတဲ့အခါ မှာ နောက်ထပ် အစီးရေ ၃၀၀ ကို ထပ်မံပြီး မှာယူတင်သွင်းခဲ့တာဖြင့်ရင် ခုဆို အစီးရေ ၁၅၀ ကျော် တောင် ရောက်ရှိလာခဲ့ပြီလေ။
အဲဒီလိုနဲ့ အဲဒီကားတွေဟာ ရန်ကုန်မြို့ရဲ့ ယာဉ်လိုင်းတွေထဲမှာ သာမန်ယာဉ်တွေနဲ့မတူ အထူးယာဉ် ရယ်လို့ ၂၀၀၈ ခုနှစ် ဇွန်လ ၁ ရက် နေ့မှာ မ.ထ.သ ယာဉ်လိုင်းကနေ ပြေးဆွဲခဲ့တယ်လေ။ ပြီးတော့ အရှေ့ ပိုင်းခရိုင်ယာဉ်လိုင်း၊ အနောက်ပိုင်း ခရိုင်ယာဉ်လိုင်းတွေမှာလည်း အထူးယာဉ်လိုင်း တွေ ပြေးဆွဲနေကြပြီပေါ့။ ရန်ကုန်မှာက မ.ထ.သ၊ ပါရမီ အဓိပတိ၊ ရွှေဧည့်သည်၊ အရှေ့ ပိုင်းခရိုင်၊ အနောက်၊ တောင်၊ မြောက်ပိုင်းခရိုင်. .... ဆိုပြီးယာဉ်လိုင်းကြီးပေါင်း ၁၆ လိုင်းတောင်ရှိသတဲ့။ အဲဒီလို ယာဉ်လိုင်းကြီး ၁၆ လိုင်း မှာ ရန်ကုန်မြို့ရဲ့ ပထမဆုံး အထူး ယာဉ်လိုင်းလဲဖြစ်၊ ပုဂ္ဂလိက ကုမ္ပဏီက ပြေးဆွဲတဲ့ ယာဉ်လိုင်းလဲဖြစ်တဲ့ ရွှေဧည့်သည်ကတော့ ၂၀၀၅ ခုနှစ် ကတည်းက စတင်ပြေးဆွဲခဲ့တယ်။ အဲဒီတုန်းက ၁၀၀၊ ၁၅၀ ကနေ၂၀၀၊ ခုတော့ သူက ဘယ်စီးစီး ၃၀၀ ကျပ် ပေါ့။ ပြီးတော့ မြန်မာ့စီးပွားရေးဦးပိုင်၊ ဗန္ဓုလ သယ်ယူပို့ဆောင်ရေးက အဓိပတိယာဉ်လိုင်းတွေက ဘယ်စီးစီး ၂၀၀ ကျပ်နဲ့ ပြေးဆွဲခဲ့ပြီး၊ နောက် မ.ထ.သ က အထူးယာဉ်ဆိုပြီးဘယ် စီးစီး ၂၀၀၊ အရမ်းဝေးတဲ့ လမ်းတွေ မှာဆိုရင် ဂိတ်အစအဆုံးကို ၃၀၀ နဲ့ ပြေးဆွဲ လာတာဖြင့် ခုဆို ရန်ကုန် မြို့မှာ အထူးယာဉ်တွေ စုပုံနေတာပေါ့ကွယ်။ ပြည်ပက သွင်းလာသမျှ ယာဉ်ကြီးတွေကို သာမန် ၅၀၊ ၁၀၀ ကျပ်နဲ့ ပြေးဆွဲနေ တဲ့ ရိုးရိုးယာဉ်လိုင်းတွေမှာ ပြေးဆွဲတာ မရှိသလောက်ပဲ။ အထူးယာဉ်ဆိုတော့လည်း ထူးရှယ် ပေါ့လေ။ တီဗီပါတယ်။ ကက်ဆက်ပါတယ်။ အဲ ဒါပေမဲ့ မ.ထ.သ အထူး ယာဉ်တွေမှာတော့ တီဗီ မပါဘူး။ ဈေးကလည်း ရှယ်ပဲလေ။ တစ်မှတ် တိုင်လဲ ၂၀၀ ပဲ၊ ၃၀၀ ပဲ၊ စီးချင်စီး မစီးချင်နေ။ အထူးစီးလို့ မြန်သလား ဆိုတော့လည်း မြန်တဲ့ကား မြန်သလို လိပ်တောင် ဘိုးအေ ခေါ်ရမဲ့ အထူး ယာဉ်တွေလည်း ရှိသတဲ့။
အထူးယာဉ်တွေ အားလုံး တက္ကသိုလ်တွေဆီကိုပဲ အဓိကထား ဦးတည် ပြေးဆွဲနေတာကို တွေ့ရ တော့ တစ်ချိန်က ရွာသာကြီး စီးပွားရေး တက္ကသိုလ်ကို ဒိုင်နာတွေလုတက်၊ တိုးစီးပြီး ကျောင်းတက်ခဲ့ရတာကို သတိရမိသေးရဲ့။ ပြည်ပက ကားသစ်လို့ ဆိုတဲ့ဟာတွေ ရောက်လာပြီး အထူး ယာဉ်တွေ ပေါများလာတော့ တစ်ချိန်က တို့တွေရဲ့ဖောက်သည်ကြီး ဗိုက်ပူယာဉ်ကြီးတွေဟာဖြင့် မြို့တွင်းကနေ မြို့ပြင်ထွက်၊ မြို့သစ်မြို့တွေဆီကိုသာ ဦးတည်ပြေး ဆွဲစေဆိုတဲ့ အမိန့် ကျရောက်လာခဲ့တယ်။ မြို့ထဲကို သွားရင် ဗိုက်ပူ ကြီးကို သနားလို့၊ ဗိုက်ပူကားကြီးပဲ စီးတယ်ဆိုတဲ့ သူငယ်ချင်းကို သတိ ရမိသေး။ ဗိုက်ပူကားကြီးတွေပြီး တော့ ဒိုင်နာတွေအလှည့်။ ဒိုင်နာတွေက ယာဉ်မတော်တဆမှု ဖြစ်တာများတယ်။ ပြီးတော့ ဖြစ်ရင်လည်း သေတာများ တယ်။ ဖြစ်မှာပေါ့ သူကခရီး သည်တင်တဲ့ယာဉ်မှ မဟုတ်လေတာ။ ဒိုင်နာတွေကို မြို့ပြင် နှင်ထုတ်တာ တော့ သဘောကျပါရဲ့။ ဒါပေမဲ့ ဗိုက်ပူကားကြီးတွေ ကိုတော့ လွမ်းမောရတုန်းပဲ။
ဘ၀သမား၊ အလုပ်သမား တွေဆိုတော့ လိုင်းကားစီးခရီးသည် ဘ၀မှာ အထူးယာဉ်ရော မထူးယာဉ် ရော ကြုံသလိုစီးနေရတာပေါ့ကွယ်။ ဒါပေမဲ့ အထူးယာဉ်တွေ စီးရတာ ဈေးပိုကြီးသလို ဒုက္ခကလည်းမသေးလှဘူး။ မြန်ချင်လို့ အထူးယာဉ်စီး တာ၊ မှတ်တိုင်မှာ ကျောက်ချ ရပ်ထားတာနဲ့၊ အဲယား ကွန်းကို ဖွင့်မောင်းတယ်ဆိုပြီး မှန်တံခါးတွေ ပိတ်ထားတာနဲ့၊ ပြီးတော့ အဲယားကွန်းကို မဖြစ်စလောက်လေး ဖွင့်၊ တခါတလေ လုံးဝမဖွင့်၊ နောက်တစ် ခုက အဲယားကွန်းဖွင့်ပြီး မမောင်းရင် တိုင်ပါဆိုလား။ တိုင် ဆိုတာ ဘာ တိုင်လဲလို့ မေးရမလို။ အဲ အထူးယာဉ်ဆိုတာ မတ်တပ်စီး ခရီးသည် မတင်ဘူး ဆိုပဲ။ ထိုင်ခုံပြည့်ပဲ တင်တာလေ။ သိတယ် မဟုတ်လား။ ရန်ကုန်မှာရှိတဲ့ လူဦးရေရဲ့ ထက် ၀က်ကျော်က လိုင်းကား တွေစီးနေရ တာဆိုတော့ အထူး ယာဉ်တွေ များလာပေမဲ့လည်း ခရီးသည်နဲ့ယာဉ်က မမျှတော့ ရှိတဲ့ကားကို လုတက်ကြရတာပေါ့။ ရုံးတက် ရုံးဆင်းချိန် ဆိုရင် အထူးယာဉ်ကြီးလည်း လူ အပြည့်ပါပဲ။ လူကများ၊ မှန်တံခါး တွေပိတ်ထားနဲ့ အဲယားကွန်းက မဖွင့်လေတော့ စဉ်းစားသာ ကြည့်ကြပေတော့။ ပြီးတော့ အထူးယာဉ်ဆိုတဲ့ ယာဉ်တွေရဲ့ ထိုင်ခုံတွေဟာဖြင့် ဂျပန်က လာတဲ့အတိုင်း မဟုတ်တော့ဘူးလေ။ မတ်တပ်စီးခရီးသည် မတင်ရ၊ ထိုင်စီးပဲ တင်ရမယ်ဆိုတော့ တွက်ချေ ကိုက်ရေး ထိုင်ခုံတွေ ဖြုတ်ပြီး မြန်မာ့နည်း မြန်မာ့ဟန်နဲ့ ထိုင်ခုံတွေ ပြန်တပ်ကြတယ်လေ။ အယောက် ၅၀ လောက်သာ တင်ရမဲ့ ယာဉ်တစ်စီးဟာ အယောက် ၇၀၊ ၈၀ တင်နိုင်အောင် ထိုင်ခုံတွေ တပ်ထားတယ်ဆိုတော့ ဘယ်လို ထိုင်နေကြရသလဲ။ အရပ်ရှည်တဲ့သူ၊ ခြေတံရှည်တဲ့သူတွေ အထူး ယာဉ်စီးရင်တော့ ဒုက္ခပေါ့။ ထိုင်ခုံကနေ မှတ်တိုင်ရောက်လို့ ထ ပြီး ထွက်ရင်လည်း ဒုက္ခပဲ။ လေ၀င် လေထွက် မကောင်းလို့ အသက်ရှုကြပ်ရတာက လည်း ဒုက္ခပဲ။ ဒါကြောင့် လေ၀င်လေထွက်ကောင်းပြီး အန္တရာယ်ကင်းနိုင်တဲ့ ဗိုက်ပူကြီးတွေကိုဖြင့် ပိုလို့တောင် လွမ်းမိသေးရဲ့။ ဗိုက်ပူကြီးတွေက စစ်တုန်းက ကျန်ခဲ့တဲ့ စစ်ကျန်ယာဉ်ကြီးတွေပေါ့။ နှစ်ကာလက ကြာ၊ ကြံ့ခိုင်မှုက အားနည်းလို့ မြို့တွင်းမှာ ပြေးဆွဲဖို့ မသင့် တော်ဘူးဆိုပြီး မြို့နေ လူထုအတွက် မြို့ပြင်ထုတ်လိုက်တာတဲ့လေ။ မြို့ပြင်မှာတော့ ဖြစ်ချင်ရာဖြစ်ပေါ့။
အထူး ယာဉ်ပိုင်ရှင်တွေမှာလည်း အဲဒီလို ထိုင်ခုံတွေ ပြည့်သိပ် တပ်ထားလို့ စားသာသလားဆိုတော့ မစားသာဘူးဆိုပဲ။ ကား တစ်စီးကို မြန်မာ ငွေကျပ် သိန်း ၂၀၀ (နိုင်ငံခြားမှာ နိုင်ငံခြားငွေနဲ့ ဘယ်လောက် ပေါက်တယ်ဆိုတာ မသိပေမဲ့) နဲ့ ၀ယ်။ ယာဉ် ကိုယ့်လက်ထဲကို စတင်ရောက်ရှိ လာချိန်မှာ ပထမဦးဆုံး ပြုလုပ်ရတာကတော့ ဘယ်နိုင်ငံမှာမှ မရှိတဲ့၊ မကြားဘူးတဲ့ ခရီးသည်တင် ယာဉ်ကြီးတွေရဲ့ ဘေးတံခါးပေါက် ဖောက်တဲ့ အလုပ် ရယ်၊ အဲဒီယာဉ်တွေမှာ ပါလာပြီးသား ထိုင်ခုံတွေကို ဖြုတ်၊ ထိုင်ခုံအသစ်တွေ ပြန်လဲတပ်ရတဲ့ အလုပ်ပေါ့။ ပြီးတော့ နောက် တစ်ခုက စီအင်န်ဂျီဆိုတဲ့ သဘာဝ ဓာတ်ငွေ့ယာဉ်အဖြစ် ပြောင်းလဲဖို့ရာ ဂက်စ်အိုးတွေတပ်နဲ့ ကား တန်ဖိုး သိန်း နှစ်ရာအပါအ၀င် ခုနက လုပ်ငန်းတွေ ဆောင်ရွက်ရတဲ့ စရိတ်တွေ နဲ့ ကားတစ်စီးရဲ့ ကုန်ကျစရိတ်ဟာ ငွေကျပ်သိန်းသုံးရာဝန်းကျင်လောက် ရှိတယ်လို့ သိရတယ်။ ဒါ လိုင်စင်ဝင်တဲ့ စရိတ်တွေ မပါသေးဘူးနော်။ ဒီတော့ တွက်ချေကိုက်အောင် ထိုင်ခုံတွေ ပြည့်သိပ် တပ်တော့တာပေါ့။ ကားတွေကို တံခါးပေါက် အသစ် ဖောက်ရတဲ့အကြောင်းရင်းကလည်း ဒီလိုလေ.. ဂျပန် နိုင်ငံက သုံးပြီးသား ယာဉ်တွေကို ၀ယ်တော့ ဂျပန်နိုင်ငံရဲ့ ယာဉ်ကြောစနစ်က ဘယ်ဘက် ကပ်မောင်းတဲ့စနစ်၊ မြန်မာနိုင်ငံက ညာဘက်ကပ်မောင်း တဲ့စနစ်။ ပြောင်းပြန် ဖြစ်နေပြီ။ မြန်မာနိုင်ငံရဲ့ ယာဉ်ကြောစနစ်မှာ ကားရဲ့ လက်ကိုင်ဘီးဟာ လက်ဝဲဘက်မှာ ရှိသင့်ပြီး အတက်အဆင်းတံခါးပေါက်က လက်ယာဘက်မှာ ရှိသင့်တယ်လေ။ ကိုယ်က ကားသစ်မှာရင်တော့ ကိုယ့်နိုင်ငံ ရဲ့ ယာဉ်ကြောစနစ်နဲ့ ကိုက်ညီတဲ့ ကားတွေကို မှာနိုင်တာပေါ့။ ဒါပေမဲ့ အသုံးပြုပြီးသားဖြစ်တဲ့ ယာဉ်တွေကို ၀ယ်ရတဲ့အခါ အဲဒီကားတွေရဲ့ အတက်အဆင်းတံခါးပေါက်တွေ က ကိုယ့်နိုင်ငံမှာရှိတဲ့ ကားလမ်းမရဲ့ အလယ် ဘက်မှာ။ အဲဒီတော့ ကားမှတ်တိုင်ဘက်မှာ အတက်အဆင်း တံခါးပေါက်တွေ အသစ် ထပ်ဖောက်ရတာပေါ့။ အဲဒီလို လုပ်ငန်းမျိုး ဘယ်နိုင်ငံမှာမှတော့ မကြားဘူးသေးသလို ကားဘော်ဒီ ၀ပ်လျှော့လုပ်ငန်းတွေကလည်း ဒီမှာပဲ ဖွံ့ဖြိုးတယ် မဟုတ်လား။
ဒီလိုနဲ့ ရန်ကုန်မြို့ရဲ့လိုင်းကား စီး ခရီးသည်တွေရဲ့ ဘ၀ဟာ သယ်ယူပို့ဆောင်ရေး ယာဉ်တွေ ဘယ် လောက်ပဲ ပြောင်းလဲလာလာ၊ အထူး ဆိုတဲ့ သီးသန့်ယာဉ်ကြီးတွေ ပေါ်လာခဲ့ပေမဲ့လည်း ပင်ပန်းနေကြဆဲပဲလေ။ လုပ်ငန်းခွင် မ၀င်ခွင်ကတည်းက လိုင်းကားပေါ်မှာ အလုပ်လုပ်နိုင်တဲ့ စွမ်းအားတွေ လျော့နည်းကျဆင်းနေကြရတယ်။ လုပ်ငန်းခွင်ထဲမှာ စိတ်အင်အား၊ လူအင်အားအပြည့် မလုပ်ဆောင်နိုင်ကြဘူး။ တစ်ဦး တစ်ယောက်ချင်းကနေ အား လုံးကို တွက်ချက်ကြည့်လိုက်ရင် နိုင်ငံရဲ့ ဂျီဒီပီကိုပါ ကျဆင်းစေတယ်ဆိုပြီး ကျွမ်းကျင် ပညာရှင်တွေက ဝေဖန်ထားကြတယ်လေ။ ရန်ကုန်မှာက လူ ဦးရေ ၆ သန်းဝန်းကျင်ရှိပြီး နေ့စဉ် ၃.၄ သန်း ကျော်လောက်က အဲဒီခရီးသည်တင် လိုင်းကားတွေကို စီးနင်းသွားလာနေ ကြရတယ်လေ။ အဲဒီလူဦးရေ ကိုသယ်ဆောင်ပေးနေတဲ့ ယာဉ်က ၆၀၀၀ ကျော်ပဲ ရှိသတဲ့။ သူငယ်ချင်းတို့ ရောက်ရှိနေတဲ့ နိုင်ငံတွေမှာလို အများပြည်သူသုံးသယ်ယူပို့ဆောင်ရေး စနစ် က မပြည့်စုံလေတော့ လိုင်းကားစီး ခရီးသည်များရဲ့ ဘ၀ဟာ မချောမွေ့လှဘူး။ မီးရထားတော့ ရှိပါလေရဲ့။ သူက သီးခြားလိုဖြစ်နေပြီး တစ်မြို့လုံးကို မခြုံငုံနိုင်လေတော့ တစ်နေ့ကို မီးရထားစီးခရီးသည်က တစ်သိန်းလောက်ပဲ ရှိတယ်လေ။ သူငယ်ချင်းတို့ ထိတွေ့နေကြတဲ့မြို့ကြီးတွေရဲ့ သယ်ယူပို့ ဆောင်ရေးစနစ်တွေလို MRT, Bus, Taxi တွေ၊ ပြီးတော့ ယာဉ်ကြောပိတ်ဆို့မှုကိုဖြေရှင်းနိုင်တဲ့ မြေအောက်ရထား၊ မိုးပျံရထားတွေလည်း မရှိလေ တော့ ဒီဘတ်စ်ကားတွေနဲ့၊ ဒီ မီးရထားလေးကိုပဲ အဆင်ပြေသလို စီးနင်းသွားလာနေကြရတယ်လေ။ မြို့ပြတစ်ခု ဖွံ့ဖြိုးမှုရဲ့ အခြေခံ အဆောက်အအုံမှာ သယ်ယူ ပို့ဆောင်ရေးစနစ် ပြည့်စုံကောင်းမွန်ရေးဟာလည်း အဓိက အရေးပါနေတော့ ရန်ကုန်မြို့နေ လူထုနဲ့ မျှတ စွာ သယ်ယူပို့ဆောင်နိုင်မဲ့ ကားတွေ ကိုပဲ ထပ်မံတင်သွင်းပြီး အထူးယာဉ် တွေပဲ ပြေးဆွဲနေမယ် ဆိုရုံနဲ့တော့ ရန်ကုန်မြို့ကြီးဟာ နိုင်ငံတကာမြို့ ကြီးတွေလို ဖွံ့ဖြိုး တိုးတက်လာပြီလို့ မဆိုနိုင်သေးဘူး။ ဒါပေမဲ့ ရန်ကုန်သူ ရန်ကုန်သားတွေကတော့ ဒါတွေကို စိတ်ရှည် သည်းခံမှုပေါင်းများစွာ၊ ကြံ့ကြံ့ခံ သတ္တိရှိစွာနဲ့ ဆက်လက် ရင်ဆိုင် နေကြတုန်းပဲ။ ရှေ့ကိုဆက်သွား နေကြတုန်းပဲလေ။
ဘယ်လိုပဲဖြစ်ဖြစ် ရန်ကုန်မှာ မွေး၊ ရန်ကုန်မှာ ကြီးပြီး၊ ရန်ကုန်မှာ ပညာသင်ကြားခဲ့ရတဲ့... ရန်ကုန်မြေ ကို မစွန့်ခွာနိုင်သေးတဲ့ ရန်ကုန်သူ တစ် ယောက်အတွက်တော့ တစ်ချိန်ချိန်မှာ မိုးပျံရထား၊ မြေအောက်ရထားကြီးတွေ စီးခွင့်ရလိမ့်မယ်လို့ တော့ မျှော်လင့်နေမိတာ အမှန်ပါပဲ။ မီးပွိုင့်တွေ မရှိတဲ့ Free way လမ်းမကြီးတွေ၊ ဈေးသယ်တွေနဲ့ ရှုပ်လျှက်ခတ်နေတဲ့ ပလက်ဖောင်းတွေမဟုတ်ဘဲ ရှင်းလင်းသပ်ရပ်တဲ့ ပလက်ဖောင်းတွေ၊ လူ ကူးခုံးကျော်တံတားကြီးတွေ၊ သပ်ရပ်လှပတဲ့ ခေတ်မီ ဘူတာရုံကြီးတွေ၊ ရှင်းလင်းပြေပြစ်တဲ့ ဘတ်စ်ကားလိုင်းတွေနဲ့ အဆင့်မြင့် ယာဉ်ကြီးတွေကို ထိ တွေ့ ခံစားခွင့် ကြုံလာရလိမ့်မယ်လို့ အိပ်မက်ဆန်ဆန် မျှော်လင့်နေတုန်းပါပဲ။ ခုတော့ ဒုက္ခများတဲ့ အထူးယာဉ်ကြီးတွေနဲ့ ခရီးသည်တင် လိုင်းကား တွေကိုပဲ နိုင်ငံရဲ့ ဂျီဒီပီတွေ အဆုံးရှုံးခံပြီး ဆက်လက် စီးနင်းလိုက်ဦးမယ် အဝေးရောက် သူငယ်ချင်းတို့ရေ......။
ရွှေစင်အိ
4 comments:
ညီမ ရွှေစင်အိ ကို ပေးဆပ်သူရဲ့ အဖွဲ့ သား တစ်ယောက်အနေနဲ့  နွေးနွေးထွေးထွေး ကြိုဆိုပါတယ်။ ရန်ကုန်မြို့ ရဲ့ လက်ရှိ Transportation Situation အကြောင်း ဗဟုသုတ တိုးရတဲ့အတွက် ဒီ Post လေးအတွက် ကျေးဇူးတင်ပါတယ်။
လေးစားစွာဖြင့်
လွင်မင်းခန့် 
ကျွန်တော်လည်း အစ်ကိုကြီး လွင်မင်းခန့်လိုပါပဲ
တခြားသူတွေလည်း ကျွန်တော်တို့ ညီမလေး ကို ကြိုဆိုကြမှာပါ
လေ့လာအားနဲ့ အရေးအသား ကို အသိအမှတ်ပြုလေးစားပါတယ် ဗျာ
စိတ်ညစ်တယ် ရန်ကုန်မှာ ကားစီးရတာ ပူရင် ပိုဆိုး ပိုက်ဆံပိုယူပြီး AirCon လည်းမရှိဘူး အထူးကားတွေလည်း ထိုင်ခုံပြည့်ရင်မတင်ဘူး ဆိုပြီး တင်နေတာတွေကိုတွေ့ရတာပဲနော်
ပေးဆပ်သူမှာ အဖွဲ့ဝင်တစ်ယောက် တိုးလာတဲ့အတွက် ၀မ်းမြောက်မိတယ်.. သူငယ်ချင်း ရွှေစင်အိရေ.. ၀မ်းမြောက်စွာနဲ့ ကြိုဆိုပါတယ်ဗျာ..
Post a Comment