Saturday, October 10, 2009

သတိဆိုတာမရှိရင် . . .

အချိန်အားဖြင့် ညနေ ၇ နာရီမှာ ၈ နာရီအတွင်း ၊ ပို၍အတိအကျဆိုရပါမူ ၇ နာရီခွဲနှင့် ၈ နာရီအတွင်း ကျွန်တော် နှင့် အတူ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းတစ်စု မြန်မာပြည် ရန်ကုန်မြို့တော်ကြီးမှာရှိတဲ့ စူပါမတ်ကက် တစ်ခုကို ဈေးဝယ်သွားကြပါတယ် ။ ရက်စွဲကတော့ ၈.၁၀. ၂၀၀၉ ပါဗျာ။
 
စူပါမတ်ကက် ကြီးထဲရောက်တော့ ကျွန်တော်လည်း တောသားပီပီ ငန်းကြောဆွဲနေမိတာပေါ့ ။(မြိုသားတွေလည်းငန်းတယ် .. ဒါပေမယ့် ပုံစံမတူ ) ငန်းစရာလဲကောင်းတာကိုးဗျ။ အရောင်အသွေးစုံနေတဲ့ အရောင်းစာရေးမလေးတွေနဲ့အတူ ရှိတဲ့အလှအသားကုန်ပြနေကြတဲ့ ဈေးဝယ်သူလေးတွေရောပေါ့။
 
သူတို့က လူကြည့်ခံချင်လို့ပြင်ဆင်လာတာကို ကိုယ်က အသိအမှတ်မပြုရင် ရိုင်းရာများကျနေမလားဆိုတဲ့ စိတ်ကလေးနဲ့ သူတို့လေးတွေကို ငန်းပေးပါတယ် ( ကျေနပ်ကြပါစေ )။ ဒီလိုနဲ့တောသားလေးကျွန်တော် ငန်းနေတုန်း ... အား... ဆိုတဲ့ ကလေးအသံကလေး အဆက်မပြတ်ထွက်လာပါတယ်ဗျာ။
 
ဘာဖြစ်တာလဲ ... ဆိုတဲ့မေးခွန်းကို ကိုယ်နဲ့နီးတဲ့လူကို ကပ်မေးတဲ့လူတွေမနည်းပါဘူး။ ပြီးမှ အသံလာရာကိုသွားကြည့်တဲ့လူကြည့်ကြပါတယ်။ စက်လှေကားမှာ မတော်တဆ ဖြစ်တာပါတဲ့ ။ ကျွန်တော်လည်း အတူပါလာတဲ့ ညီငယ်တစ်ယောက်နဲ့အတူသွားကြည့်ပါတယ်။ စက်လှေခါးမှာ ဖြစ်တာ ကလေး လို့ထင်နေတာ ပါ။ ကလေးလေးကလည်းငိုနေတာကိုး။ တကယ်ဖြစ်တာက အဲဒီကလေးရဲ့ အဖွားပါ။
 
အသက်အရွယ်အားဖြင့် ၇၀ ကျော် အရွယ်ပါ။ နယ်ကတက်လာကြတာတဲ့။ စက်လှေခါးကို အဖွားကမသုံးဖူးလို့ အတူပါလာတဲ့လူတွေက သတိထားဖို့ပြောနေတဲ့ကြားထဲမှပဲ ။ လှေခါးပေါ်တက်ပြီးကြောက် ၊ ကြောက်တော့ ခြေချော်ပြီး လှေခါးပေါ်ကို မျက်နှာနဲ့မှောက်ရက်ကျသွားပါတယ်။ နဖူးနဲ့ နှာခေါင်းရိုး ကွဲသွားပါတယ်။ အနားမှာရှိတဲ့ ဈေးဝယ်တွေကပဲ သွေးတွေကို တစ်ရှူးနဲ့သုတ်ပေးနေကြပါတယ်။ လုံခြုံရေးတွေလည်းလာပြီးကူညီကြပါတယ်။ နောက် ကျွန်တော်နဲ့ လုံခြုံရေးတစ်ယောက် အဖွားကို တွဲပြီး ရုံးခန်းကို တွဲခေါ်ခဲ့ကြပါတယ်။
 
လမ်းတစ်လျှောက်မှာ အဖွားကို တတ်နိုင်သလောက် စိတ်ပြေလက်ပျောက် စကားတွေ ကျွန်တော်ပြောလာခဲ့ပါတယ်။ အဖွားက ကျွန်တော်ထင်ထားတာထက် စိတ်ဓာတ်အများကြီး ခိုင်မာပါတယ်။ လက်ကလေးတွေ နည်းနည်း တုန်နေတာကလွဲရင် ။ အသံကိုတောင် ထိမ်းပြီး စကားပြန်ပြောပါတယ်။
 
ရုံးခန်းထဲရောက်တော့ ဇာတ်လမ်းစတော့တာပဲ။ အဲဒီက တာဝန်ရှိသူလို့ထင်ရတဲ့သူကို ကျွန်တော်မေးပါတယ် ။
အစ်ကိုတို့ဆီမှာ First Aid kit ရှိလား ဆိုတော့
ဟင် .. တဲ့ ..
သူ့မျက်လုံးထဲက အရိပ်ကသိပ်မကောင်းတော့
အရက်ပြန်လေး .. ပလာစတာလေး နဲ့
သွေးပေါင်ချိန်စက် ကလေးရမလားဆိုတော့ မရှိဘူးတဲ့ ။ ဒါနဲ့ ကျွန်တော်တို့ ရုံးက ကောင်မလေးတစ်ယောက်က ပဲ ဆေးဆိုင်ကို ပြေးပြီး အရက်ပြန်နဲ့ လိုအပ်တာလေးတွေသွားဝယ်လာခဲ့ပါတယ်။ သွေးပေါင်ချိန်စက်တော့မပါဘူးပေါ့ဗျာ။ ( ဘယ်ဝယ်နိုင်မလဲ)
 
ဒါနဲ့ ကျွန်တော်လည်း ကြားဖူးတာတွေထဲက မှတ်မိသလောက် သွေးပေါင်စမ်းနည်းနဲ့ စမ်းကြည့်တော့ သိပ်အခြေအနေမဆိုးပါ။
 
အဖွားအရမ်းသတ္တိကောင်းတယ်ဆိုတော့မှာ အဖွားက သူက ကျန်းမာရေးဝန်ထမ်းဟောင်းပါတဲ့ ။ တော်သေးတာပေါ့။ သွေးမကြောက်တတ် ၊ တော် ရုံစိတ်လှုပ်ရှားမှုကို ထိမ်းနိုင်တဲ့ လူမို့ ။ အပိုပြောတာမဟုတ်ဘူး အဖွားနေရာမှာ ကျွန်တော့် အမေသာဆို ကိစ္စပြတ်တယ် ။ အမေ့မှာက သွေးတိုးရော၊ နှလုံးရောဂါရော ၊ တခြားရောဂါတွေရော အကုန် ကန်ထရိုက်စွဲ ထားတာလေ။
 
ကျွန်တော် အကြံပေးလိုတာကတော့ လူနေတဲ့နေရာတိုင်းမှာ Accident ဆိုတာ ရှိနိုင်ပါတယ်။ ဒါကြောင့် အနည်းဆုံး First Aid kit လေးတွေ ဆောင်ထားသင့်ကြောင်းပါခင်ဗျား။
 
ကျွန်တော်တို့ ဆီက SuperMarket ကြီးတွေအနေနဲ့လည်း Customer Care ဆိုတာ အပြုံးကလေးနဲ့ ချိုသာစွာ မုသားပြော(အဲမှားလို့ ) တတ်တဲ့ ဂရုစိုက်မှုမျိုးထက် ပိုတဲ့ Care Plan လေးတွေ ထားသင့်ကြောင်း အကြံပေးလိုတာပါ။
 
ပညာရှိရှိ မရိှရှိ သတိဖြစ်ခဲတာကတော့ လူ့သဘာဝဖြစ်တာမို့ လက်တို့ပေးလိုက်ပါတယ်။ ကိုယ်နဲ့နီးစပ်တဲ့ ပတ်ဝန်းကျင်မှာ ဒီလို အကြံလေးတွေ ပေးခြင်းဖြင့် သင့်တင့်လျှောက်ပတ်တဲ့ တိုးတက်မှုတစ်ခုကို ဖန်းတီးနိုင်လိမ့်မယ်ဆိုတဲ့ ယုံကြည်ချက်ကလေးကြောင့်ပဲ ဒီပိုစ့်လေးကိုရေးဖြစ်ပါတယ်။
 
ကလက်....
ဆိုတဲ့ ကြွေချင်းထိခတ်သံကြားလို့ လှည့်ကြည့်လိုက်တော့ အလုပ်စားပွဲပေါ်မှာပြန့်ကျဲနေတဲ့ ကော်ဖီတွေက လူကိုပြောင်နေသလိုပဲ...
 
ဟင်း ... သတိ မရှိတဲ့ ငါ... ခံကွ... ရှင်းစမ်းဦး ဒီစားပွဲကို ....( စာရိုက်ပြီး လက်ပြန်အချ တိုက်မိလိုက်တယ်လေ ကော်ဖီခွက်ကို )
 
( သြော် .. ပညာရှိရှိ မရှိရှိ.... သတိမရှိတာကတော့ .. လူ့သဘာဝကိုး ... သတိကို အသိ နဲ့တည်ဆောက်ကြရမယ် )
 
လေးစားစွာဖြင့်
နေစိုးနိုင်
--
Nay Soe Naing
www.naysoenaing.com

3 comments:

Beauty Studio USA Branded Store said...

၇န်ကုန်က စူပါမာကတ်တွေက ငွေပဲကြည့်တာလေ။ ဈေးပေါပေါလစာတွေပေး
ရောင်းတတ်တွက်တတ်ရုံ အရောင်းစာရေးတွေငှား
ဝယ်သူကို ဂရုမထား
ဝယ်လို့ ငွေရှင်းသွားရင်ပြီးပြီးရော
ဘာထရိန်နင်၊ ညာထရိန်ဆိုတာမရှိ
ဝန်ထမ်းတွေကိုလဲ သင်ပေးရကောင်းမှန်းမသိ။ သူတို့သိတာ
ဝယ်သူတွေဆီက လာမယ့်ငွေ နဲ့
သူတိုရောင်းကုန် မြန်မြန်ကုန်ဖို့
ပြောရရင်တော့ဗျာ
စိတ်ပျက်စရာ အရှည်ကြီးပဲ။
တော်သေးပါတယ်။
ဒီလိုဈေးတွေရှိသေးလို့
မဟုတ်လို့ကတော့ သိမ်ကြီးဈေးနဲ့ သံဈေးတို့လို ဈေးတွေမှာပဲ ဝယ်နေရတယ်။

leomark said...

အင်းဗျာ...!@#$%^&*()_+

Angel Shaper said...

သြော် .. ပညာရှိရှိ မရှိရှိ....
သတိမရှိတာကတော့ .. လူ့သဘာဝကိုး ... သတိကို အသိ နဲ့တည်ဆောက်ကြရမယ်။
မှန်လိုက်တာဗျာ။