Friday, October 9, 2009

စကား .. စကား..

ကျွန်တော်တို့ နေ့စဉ်နေ့တိုင်း တစ်ဦးနဲ့တစ်ဦး စကားပြောဆို ပေါင်းသင်းဆက်ဆံနေ ကြတယ် ။ ကျွန်တော်တို့ ပြောဆိုလိုက်တဲ့ စကားလုံးတိုင်းဟာ အဓိပ္ပါယ်ရှိသော ၊ တန်ဖိုး ရှိသော ၊ ပစ္စုပန် သံသရာ နှစ်ဖြာကောင်းကျိုးရှိတဲ့ စကားလုံးများ ဖြစ်မှ ဖြစ်ပါလေစ ။ 

    အီလက်ထရောနစ်သင်တန်းတက်ခဲ့စဉ်က ဒီဂျစ်တယ်အကြောင်းနဲ့ပါတ်သက်ပြီး ဆရာ ရှင်းပြတာလေးကို အမှတ်ရမိပါသေးတယ် ။ ဒီဂျစ်တယ်ဆိုတာ ခလုတ်တစ်ခုလိုပါပဲတဲ့လေ ။ လူတွေခလုတ်ကို ထုတ်လုပ်အသုံးပြုကြတာမှာ အဖွင့် နဲ့ အပိတ်ဆိုတဲ့ အကြောင်းနှစ်ခုကိုပဲ စဥ်းစားခဲ့တာပါ ။ ဒီဂျစ်တယ်နည်းပညာဟာ ဒီအခြေခံသဘောတရားက ပေါက်ဖွားလာတာပါ။ ဒီဂျစ်တယ် ပစ္စည်းတိုင်းဟာ ဒီဂျစ်တယ်အခေါ် (1) နှင့် (0) ဆိုတဲ့ အခြေခံကို ဆင့်ပွားတွေး ခေါ် ထုတ်လုပ်ထားကြတာပဲ ဖြစ်ပါတယ်တဲ့ ။ အဖွင့်လား ။ အပိတ်လား ။ (1) မဟုတ်ရင် (0) ဆိုတဲ့အခြေခံလေးပါပဲ ။ 

  ဒီအခြေခံသဘောတရားလိုပါပဲ ။ ကျွန်တော်တို့ပြောဆိုသုံးနှုန်းလိုက်တဲ့စကားတွေဟာ အသိဉာဏ် ပညာတွေနဲ့ တွေးခေါ်မြော်မြင်ပြောဆိုမှာသာ အဓိပ္ပါယ်ရှိရှိ ၊ တန်ဖိုးရှိရှိ ၊ အတ္တ- ပရ ၊ ပစ္စုပ္ပန် သံသရာ နှစ်ဖြာကောင်းကျိုးပြည့်ဝစွာ ထွက်ပေါ်လာမှာ ဖြစ်ပါတယ် ။ ဒါမှမဟုတ်ခဲ့ရင်တော့…. ။ 

စကားအရာ ကျွမ်းကျင်လိမ္မာတဲ့ စာတတ်ပုဂ္ဂိုလ်တွေရဲ့ စကား (ဝါ) စာပေတွေဟာ အင်္ဂါခြောက်တန်နဲ့ ပြည့်စုံသတဲ့လေ ။ ခိုင်မာတဲ့ အကြောင်းတရား(ဟိတ်) နဲ့အရင်းတည် ၊ အလှအပ အကွန့်အညွှန့်တွေနဲ့ နိဒါန်းပျိုး ၊ ဥပမာဥပမေယျတွေ ၊သက်သေတွေ ၊ ပြယုဂ် တွေနဲ့ ကျကျနနထိထိမိမိ ရှင်းလင်း ၊နိဂုံးအဆုံးသတ်လှပတတ်ကြပါတယ် ။ 

  အဲဒီ အင်္ဂါခြောက်တန် စာမှန်သမျှ ဟန်အမျိုးမျိုးခွဲထုတ်ပြတော့ စကားပြောနည်း (၁၀) မျိုး ဆိုပြီး မှတ်သားခဲ့ရပြန်ပါရော ။ အခြေအနေ အကြောင်းအရာပေါ်မူတည်ပြီး ဒီစကားပြောနည်း (၁၀)မျိုးမှ သင့်တော်ရာကို စာပေကျွမ်းကျင်သူတို့ သုံးစွဲတတ်ကြပြန်ပါတယ် ။ 

အဲသလို အင်္ဂါခြောက်တန် ပြည်စုံပြီး သင့်လျော်ရာစကားပြောနည်းကို သုံးစွဲတတ်ခဲ့ရင်သော်မှ

အတ္တ-ပရ နှစ်ဝကောင်းကျိုး ရရှိဖို့ မသေချာပြန်ပါဘူး ။ စကားခြောက်ခွန်း လူ၌ထွန်းလည်း နှစ်ခွန်းကိုသာ ကျိုးရှိရာကို ဆိုတဲ့အတိုင်း မြတ်ဘုရား သုံးစွဲဟောပြောတော်မူသော နှစ်ခွန်းသော စကားနှင့်ကိုက်ညီမှသာ အတ္တ-ပရ ၊လောကီ- လောကုတ္တရာ ကောင်းကျိုးချမ်းသာ ပြည့်စုံစေနိုင်မှာ ဖြစ်ပါတယ် ။ 

ပုဂ္ဂလဆန်ဆန် မိမိမိတ်ဆွေ အပေါင်းအသင်း တစ်ဦးတစ်ယောက်ချင်း နားလည်မှုတွေနဲ့ အရွှတ်အနောက် အမှားအယွင်း ပြောဆိုရေးသာမိတာကိုတော့ အပြစ်မပြောလိုပါ ။ အကျိုးကို မြော်မြင်ပြောဆိုတတ်ရင်တော့ အကောင်းဆုံးပဲပေါ့ ။ အဲ… အများနဲ့သက်ဆိုင်လာတဲ့ စကား ပြောဆိုခြင်း ၊စာပေရေးသားခြင်း ၊စာပေဖြန့်ဖြူးခြင်းလုပ်မယ်ဆိုရင်တော့ အကျိုးအပြစ် တွက်ချက်ဖို့လိုပါလိမ့်မယ် ။ စာပေဖြန့်ဖြူးခြင်းဆိုရာမှာ အများကို forward mail ပို့တာကအစ အကျုံးဝင်ပါတယ် ။

 

  ခုတစ်လော လက်ခံရရှိတဲ့ forward mail တစ်ချို့မှာ အကျိုးထက် အဆိုးအပြစ်များတာကို တွေ့နေရတယ် ။ ဘာသာရေးစာတစ်ချို့မှာ ဘုရားကို သူလိုကိုယ်လို လူသဏ္ဍာန် ဟန်ဖွဲ့ ရေးသားထားတာတွေ တွေ့နေရတယ် ။ စီဘောက်တစ်ချို့မှာ ဘုရားကို နင်ပဲငဆ သုံးနှုန်းနေ ကြတယ် ။  

အတ္တဗလဗွနဲ့ လူချင်းတူတာတောင်မှ သာမန်အရပ်သားနဲ့ ဝန်ကြီးချုပ် အစွမ်းချင်း အဆမတန် ကွာခြားသွားတယ် ။ ဝန်ကြီးချုပ်တစ်ယောက်ဟာ လူများစွာကို ဒုက္ခရောက်စေနိုင် သလို ကောင်းကျိုးချမ်းသာကို လည်းပေးစွမ်းနိုင်ပြန်တယ် ။ ဒါဟာ သာမန်အတ္တကိုယ်ကောင် နဲ့ လူပဲ ရှိပါသေးတယ် ။ ကိုယ်ကိုယ်တိုင် အတ္တကို အပြီးသတ် ချေမှုန်းနိုင်ခဲ့ပြီး အများသတ္တဝါ တို့ကို လည်း အတ္တ၏ ကြောင်းကျိုးနှင့်တကွ အတ္တကင်းရာ ချမ်းသာလမ်းညွှန်ပြသတော် မူသော မြတ်ဘုရားကို သာမန်လူသားတစ်ဦးအသွင် ဟန်ဆင်ရေးသားဖို့ မသင့်ဖူးဗျာ  

ဒီကြားထဲ စကားတစ်ခွန်းကလည်း တစ်မှောင့် ။ မိဘမေတ္တာနဲ့ ဇနီးမယားသံယောဇဉ်ကို ပစာဆင်ထားတဲ့ စကားလေးပါ ။ မိဘထက်ပိုချစ်လို့ မိန်းမယူထားတာပေါ့ တဲ့ ။ လင်မယားချစ်ခြင်းမှာ နှောင်တင်း ဆွဲငင်အားကောင်းတာ အမှန်ပါ ။ ဒါပေမယ့် မိဘက သားသမီးအပေါ်ထားတဲ့ နက်ရှိုင်းတဲ့ မေတ္တာ ၊ သားသမီးက မိဘကို လေးစားတဲ့ ယုံကြည်တဲ့အားကိုးတဲ့ တန်ပြန်မေတ္တာကလည်း အားကောင်းလွန်းပါတယ် ။ ဒီနှစ်ခုကို နှိုင်းယှဉ် ပစာပြု တုနိုင်ကောင်းလားဗျာ ။ အပြောင်အပျက်ဆိုရင်တောင် …. 

စကား စကား ပြောပါများ စကားထဲက ဇာတိပြသတဲ့ ။ ဇာတိ ပုည ဂုဏ်မာနတွေ မြင့်မြတ် တိုးတက်စေမယ့် ရေးသားပြောဆိုခြင်းများဖြင့် လောကကို အလှဆင်ကြပါစို့လားဗျာ ။ 

စေတနာ

03.10.2009(22း13)



4 comments:

Beauty Studio USA Branded Store said...

မှန်လိုက်လေ ကိုစေတနာရေ။စကားထဲက ဇာတိကြီးကြီး ကြီးကိုပြတာပဲ။

Angel Shaper said...

ကိုစေတနာရေ... မှန်ပါတယ်။
ဇာတိ ပုည ဂုဏ်မာနတွေ မြင့်မြတ် တိုးတက်စေမယ့် ရေးသားပြောဆိုခြင်းများဖြင့် လောကကို အလှဆင်ကြပါစို့ဗျာ။။။။။
ဖတ်သွား မှတ်သွားပါတယ်။

userone said...

အစ်ကို စေတနာရေ့  တထာဂတအရှင်ကို သာမန်လူသားအသွင်ရေးတဲ့ စာတွေက ဘယ်အရာကို သာမန်အဖြစ် ရည်ညွှန်းကြလဲ မသိပါဘူး။ ကျနော့်အမြင်အရတော့ ကျနော်တို့ မြန်မာတွေရဲ့ ဘုရားရှင်ဘုန်းတော်ဘွဲ့တွေက တခြားသောဘာသာတွေလိုပဲ တောက်ပထည်ဝါနေတာ မှန်ပေမယ့် တထာဂတအရှင်က သူ့ကို သာမန်လူပဲ ပြောပြော၊ အနန္ထတန်ခိုးရှင်ပဲ ထင်ထင်၊ အဲလို အထင်အမြင် သတ်မှတ်ချက်တွေထက် သူ့ရဲ့ ဓမ္မကိုသာ မြည်းစမ်းကျင့်ကြံအားထုတ်ကြည့်ဖို့ပဲ တိုက်တွန်းခဲ့မယ် လို့ ယူဆပါတယ်။ ဒီတော့ကာ ဟိန္ဒူဆာဒူးသူတော်စင်တွေလို ဦးခေါင်းတော်နားမှာ ရောင်ခြည်တွေ ဝင်းပနေတဲ့ ပုံတော်တွေ စိတ်ကူးနဲ့ မှန်းဆပူဇော်ထားတဲ့ ပုံတော်တွေ အစား၊ ဆရာတော်ဇနကာဘိဝံသ မိန့်ကြားခဲ့သလို ဘာပုံတော်မှ မရှိပေမယ့် ဂုဏ်တော်ကို ရည်မှန်းပူဇော်သလိုမျိုး၊ ဘာဂုဏ်မှ ဘာပါဝါမှ တင်မထားတဲ့ သာမန်လူသားစစ်စစ်ပဲ ဖြစ်ဖြစ် သူထားခဲ့တဲ့ ပညာအသိတွေ ဥာဏ်အသိတွေကိုပဲ ဦးခိုက်ပူဇော် လိုက်နာကျင့်ကြရမယ် ယူဆပါတယ်။ Debate လုပ်တယ်လို့ ထင်စေချင်ပါတယ် ကန့်လန့်လိုက်တိုက်နေတဲ့ ဂွကောင် မဟုတ်ရပါဘူး။

Anonymous said...

ကိုယ်အမြင်လေးကို နောက်တော့ အသေးစိတ်
ရှယ်ယာပါ့မယ်
ခုတော့ promotion လမို့လို့ နည်းနည်းအလုပ်များနေ
ပါတယ်...
ဘယ်လိုပဲဖြစ်ဖြစ် အားလုံးပျော်ရွှင်ချမ်းမြေ့ပါစေဗျာ..