Wednesday, October 7, 2009

မြို့တော်ရန်ကုန်ဇာတ်လမ်းစုံ အပိုင်း ၂

မကလျာရေ . . .
    ပြီးခဲ့တဲ့ တစ်ပတ်က မြို့တော်ရန်ကုန်ဇာတ်လမ်းစုံ (၁)ကို မကလျာနဲ့ဝေးတမြေက အွန်လိုင်း မိတ်ဆွေများက အားပေးကြတဲ့အတွက် အခုတစ်ပတ် ဆက်လိုက်ဦးစို့ရဲ့ဗျာ။ သီတင်းကျွတ်ခါနီးကာမှ မြို့ တော်ရန်ကုန်မလဲ ကက်ထရီနာမုန်တိုင်းရဲ့ နောက်ဆက်တွဲအဖြစ် မိုးဦးလေဦးကာလလို့ ဖြစ်နေပြန်တယ်ဗျ။
မကလျာရေ . . ဒီတစ်ပတ် မြို့တော်ရန်ကုန်ဇာတ်လမ်းစုံ အပိုင်းနှစ်ကိုတော့ဖြင့် ဧရာဝဏ်ဆင်ကြီးနဲ့ပဲ စ လိုက်ကြပါစို့လားဗျာ။

ဇင်ဘာဘွေအိပ်မက် . . .
မကလျာရေ . . .
    ဒီစာကိုရေးနေ့တဲ့ အောက်တိုဘာ ၂ ရက်နေ့မှာ မြန်မာနိုင်ငံရဲ့ တန်ဖိုးအမြင့်ဆုံး ငွေစက္ကူဖြစ်တဲ့ ဧရာဝဏ်ဆင်ဖြူတော်ပုံပါ ကျပ်ငါးထောင်တန် ငွေစက္ကူထွက်ရှိလို့လာပါတယ်ခင်ဗျ။ ရန်ကုန်မြို့တော်သူ မြို့တော်သားတွေမှာလည်း တစ်ခုခုဆို လန့်တတ်ဖျားတတ်ပြီး ဗြုန်းဆို ခုန်တက်တတ်တဲ့ ကုန်ဈေးနှုန်းဆို တာကြီးကိုလည်း သတိထားသေးသဗျ။ ဒါပေသိ ထင်သလောက်တော့ မဆိုးရှာပေဘူး။ ရန်ကုန်ဆိုတာမြို့ တော်ဟောင်းကြီးပေမို့ မြို့တော်သူမြို့တော်သားတွေ တော်ရှာပါတယ်ဗျ။ ဆန်ပြေးဝယ် ဆီပြေးဝယ်မရှိပေ တော့ဘူး။ ပြောရရင်တော့ တစ်ခုခုဆို ဈေးတက်လိမ့်မယ်ဆိုတဲ့ လှန့်လုံးခြောက်လုံးတွေကို သိသွားပြီဗျ။ အဲအဲ ကုန်ဈေးနှုန်းသူငယ်နာကင်းပြီပေါ့ မကလျာရေ။ စီးပွားရေးပညာရှင်တစ်ယောက်ကတော့ ဒီလိုပြော သဗျ။ နားဆင်ကြည့်ကြစို့လားဗျာ။ ]]မြန်မာနိုင်ငံရဲ့ လည်ပတ်နေတဲ့ ငွေကြေးပမာဏအရ ငါးထောင်တန် တင် မဟုတ်ဘူး ကျပ်ငါးသိန်းတန်အထိ ထုတ်နိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပေးချေးနေရတဲ့ ရွှေ့ပြောင်း နိုင်တဲ့ပစ္စည်း ဥပမာ ကားအကောင်းစားတွေဆိုရင် ကျပ်သိန်းလေးထောင်ကနေ ကျပ်သိန်းရှစ်ထောင်အတိ ရှိနေပြီလေ။ ဟော အိမ်ခြံမြေဆိုရင်လည်း ကျပ်သိန်းပေါင်း တစ်သောင်းဆိုတဲ့ နေရာတွေက မြို့တော်ရန်ကုန် မှာ လက်ညှိုးထိုးမလွှဲဖြစ်နေပြီလေ။ ဒါကြောင့် ဒီလို ကိုင်ဆောင်ရလွယ်အောင် ငွေတန်ဖိုးကြီးတဲ့ ငွေစက္ကူ ထုတ်တာ ပြဿနာမဟုတ်ဘူးတဲ့ ပိုပြီးလွယ်ကူသွားအောင် ချက်လက်မှတ်သုံးတဲ့ဓလေ့တွေ၊ အီး-မန်းနီးလို့ ခေါ်တဲ့ ကဒ်စနစ်နဲ့ငွေပေးချေမှုတွေသာ တွင်ကျယ်လာအောင် လုပ်ဖို့လိုတယ်တဲ့ဗျ။
    ဟုတ်ပါ့ မကလျာရေ။ ကုန်လွန်ခဲ့တဲ့ ၂၀၀၀ ၀န်းကျင်က ပုဂ္ဂလိကဘဏ်တွေ ဖွံ့ဖြိုးခဲ့တဲ့ကာလတစ် ခုကို သတိရတယ်မလား။ အာရှဓန၊ မြန်မာယူနီဗာဆယ်၊ မြန်မာမေဖလားဝါး၊ ရိုးမ၊ မြန်မာအရှေ့တိုင်း၊ စသဖြင့်စသဖြင့် ဘဏ်ပေါင်းစုံကနေ ယူသုံးရတဲ့ ကဒ်စနစ်လေ။ ပြီးတော့ ဘဏ်ပိတ်ရက်မှာပါ ငွေထုတ် လို့ရတဲ့ အလိုအလျောက်ငွေထုတ်စက်လေ။ အဲဒါတွေ ကျွန်တော်ပြောတော့ မကလျာတို့လို ဝေးတမြေက လူတွေက တကယ်သုံးနေရတာမို့ ဘယ်ကလောက် တာသွားသလဲဆိုတာ ပိုသိမှာပါ။
    မကလျာရေ တစ်ညသားမှာတော့ အိပ်မက်မက်တယ်ဗျာ။ အိပ်မက်ထဲမှာ ကျွန်တော်ဇင်ဘာဘွေ နိုင်ငံကို ရောက်သွားသတဲ့ဗျ။ ဇင်ဘာဘွေကို ကျွန်တော်ရောက်ချိန်မှာ ဇင်ဘာဘွေဒေါ်လာ ဖိုက်ဘီလျံတန် ထုတ်သတဲ့လေ။ အဲဒီအချိန်မှာ ပေါင်မုန့်တစ်လုံးက ဒေါ်လာတစ်သောင်းလောက်ကျသတဲ့။ အဲဒါတောင် တန်းစီ ၀ယ်နေရသဗျ။ လူတန်းကြီးကအရှည်ကြီးရယ်။ အဲဒီအထဲမှာ ကျွန်တော်လည်း ပါသပေါ့နော်။ ပြီး တော့ အဲဒီပေါင်မုန်နဲ့ မနက်စာစားရမှာမို့ လက်ဖက်ရည်တစ်ခွက်ဝယ်တယ်ဗျာ။ ပြီးတော့ ပေါင်မုန့်နဲ့ညှပ် စားရအောင် ထောပတ်ဝယ်တယ်ဗျာ။ အားလုံးပေါင်း ဒေါ်လာတစ်သိန်းနီးပါး ပါလား ဘုရား ဘုရား။ ဒါနဲ့ သတင်းထောက်ပီပီ စပ်စုကြည့်တော့ အခုကျွန်တော်မနက်စာအတွက် သုံးလိုက်တဲ့ ဒေါ်လာတစ်သိန်းဆိုတာ လွန်ခဲ့တဲ့ ခြောက်လလောက်က မာစီဒီးကား သုံးစင်းလောက်ဝယ်စီးနိုင်သတဲ့။ အင်း . . . တော်ပါသေးရဲ့ အိပ်မက်မို့လို့သာပေါ့နော်။
ဇာခန်းဆီးနောက်ကွယ်က . . .
မကလျာရေ . . .
    မြို့တော်ရန်ကုန်မှာ ၂၀၀၅ ခုနှစ်နောက်ပိုင်းကစပြီး ဘီယာဆိုင်တွေ လက်ညှိုးထိုးမလွှဲဖြစ်လာသလို လူစည်ကားရာ လမ်းဆုံလမ်းခွတိုင်းမှာ အလှပြင်ဆိုင်အယောင်ဆောင်ထားတဲ့ အနှိပ်ခန်းတွေ မှိုလိုပေါက် လာသဗျ။ ပြီးတော့ ရန်ကုန်လို့ သုံးတောင်ပြည့်ခန်းသာလယ်မှာ အိမ်ထောင်စုနှစ်စု သုံးစုလောက်စုနေကြ ရတဲ့ အနေအထားမျိုးမှာ ကိုယ်အိမ်သူအိမ် ဧည့်သည်လာပြီလားဆိုရင် ဧည့်ခံစရာနေရာကလည်း စားသောက် ဆိုင်သာ ရှိတာကိုး။ ဒီတော့ ဘီယာဆိုင်နဲ့ကာရာအိုကေ ကိစ္စဟာ ယဉ်ကျေးမှုအသွင်ဆောင်လာတာ ၀မ်း နည်းစရာပေပဲဗျို့။ အဲဒီယဉ်ကျေးမှုကြီး အမြစ်တွယ်လာတော့ ရန်ကုန်သူရန်ကုန်သားတွေရဲ့ မျက်စီမှာ စော စောက ပြောတဲ့ ဗြူတီပါလာအနှိပ်ခန်းဆိုတာ ဒီထက်မညှာမတာ ပြောရရင် ဆောင်ကြာမြိုင်ဆိုတာ သိပ် ထူးဆန်းတဲ့အရာမဟုတ်တော့ပြန်ဘူး မကလျာရေ။
    သာမန် နေတဓူဝ သွားလာလှုပ်ရှားနေတဲ့ အစိတ်အပိုင်းတွေက မြင်နေကျ ရိုးသွားတဲ့ သဘောလဲ ပါလိမ့်မယ်ဗျ။ ဒါပေသိ ညနေပိုင်း ကျောင်းကပြန်လာတဲ့ မူလတန်းကျောင်းသားလေးတစ်ယောက်ကို မင်း ဖေဖေဘယ်သွားလဲ မေးလိုက်ရင် ]]လမ်းထိပ်က ဘီယာဆိုင်မှာ ရှိတယ်။ ကာရာအိုကေဆိုနေတယ်}} ဆိုတာ မျိုးကတော့ အင်း . . စဉ်းစားစရာပါ မကလျာရေ။ မြို့တော်ရန်ကုန်က လူပြောင်လူနောက်တွေ ပြောသလို ]]စားဝတ်နေရေး ငွေရှာပေး အချိန်တန်တော့ ဘီယာဆိုင်ပြေး ကျေးဇူးကြီးပေ တို့ဖေဖေ}} ဆိုတာမျိုးတွေ။ လျှပ်စစ်မီးခဏခဏ ပျက်တတ်တဲ့ ရပ်ကွက်ထဲက ကလေးတွေက လျှပ်စစ်မီးလာတဲ့ဆိုတာနဲ့ တစ်ရပ်ကွက် လုံးညံသွားအောင် ]]ဟေး}} ကနဲအော်တော့ ရပ်ကွက်ထဲက လူကြီးတစ်ယောက်က ]]ဒီကလေးတွေ ဘာဖြစ် နေတာလဲ မီးလာတာပဲ သူ့အဖေလာတာကြနေတာပဲ}} လို့ဆိုတော့ ကလေးတစ်ယောက်က]]မီးလာတာက ကျန်ကျောင်းကား ကြည့်လို့ရတယ်ဗျ။ အဖေလာရင် အရက်မူးလာတာ အရိုက်ခံရတယ်ဗျ}} လို့ပြန်ဖြေတော့ ဘာပြောရမှန်းမသိအောင်ကို ခံစားရတယ်ဗျာ။
    အဲဒီ ဘီယာယဉ်ကျေးမှုနဲ့ ဆောင်ကြာမြိုင်တွေ မှိုလိုပေါက်လာတဲ့ ပြဿနာ၊ ကနေ့ကလေးငယ် တွေရဲ့ စံပြဖြစ်နေတဲ့ ဖခင်တွေ ကိုယ်၌က စံပြဖြစ်အောင်မနေနိုင်တော့တဲ့ အနေအထားဟာ ရင်လေးစရာ ကြီးပါဗျာ။ ဒါပေသိ အခုဒီစာရေးနေတဲ့အချိန်မှာ သက်ဆိုင်ရာက အရေးတယူဆောင်ရွက်မှုလေးတွေ လုပ် ပေးနေတယ်ဆိုတော့ ကျေးဇူးတင် ၀မ်းသာရပေတယ်ဗျ။

အမိသော်လဲ သားတော်ခဲချိန်
မကလျာရေ . . .
    မကလျာရေ မြို့တော်ရန်ကုန်ရဲ့ ပို့ဆောင်ရေးကိစ္စမှာ တော်တော်ကို အဆင်မပြေတာလေးတွေ့ရ မြင်ရပြန်တယ်ဗျ။ အထူးယာဉ်လိုင်းဆိုပြီး လိုင်းသစ်တွေ တိုးဆွဲပေးနေပေမယ့် တစ်စတစ်စများနေဆဲ မြို့တော်ရန်ကုန်ရဲ့ လူဦးရေ အနေအထားအရ ဆင်ပါးစပ် နှမ်းပက်သလို ဖြစ်နေရတဲ့ အနေအထားပါ။ မြို့သစ်မှာနေရရှာတဲ့ ၀င်ငွေနည်းဝန်ထမ်းတွေအတွက် ခရီးရှည်ကြီးကို အသွားအပြန် လုပ်ကြရတဲ့အခါမယ် ကားကကြီးပေတဲ့ ထိုင်စရာခုံကနည်းတာမို့ ထိုင်စရာတစ်နေရာလေး ရဖို့အရေးကို အချိန်ကိုခံပြီး ကားပတ် စီးရတာကိုက အလုပ်ကြီးတစ်လုပ်လို့ ဖြစ်နေပြန်တယ်ဗျာ။ ခရီးတစ်ခုကို မြန်မြန်ရောက်ချင်ရင် သွက်သွက် မောင်းတတ်တဲ့ ကားကလေးတွေ တိုးစီးပြန်တော့လည်း ကိုယ်လိုသူလို လူတွေကြီးကို ခုချိန်ထိကို လူပဒေသာ တွေ အပေါ်ထက်က (ခေါင်းမိုးပေါ်ကိုပြောတာ) လိုက်ရတာတွေ ရှိနေဆဲပါပဲ။ ပြောချင်တာက အဲသလို စီး သူကများ ကားကနည်းချိန်မှာ ကိုယ်ဝန်ဆောင်တို့ မသန်မစွမ်းတို့ သက်ကြီးရွယ်အိုတို့ကို နေရာမပေးနိုင် ကြတော့တာဟာ မုဒိတာတရားတွေ ခေါင်းပါးကုန်လို့ မဟုတ်ပါဘူး။ လူလိုမသိတတ်တာလည်း မဟုတ်ရ ပါဘူး မကလျာရေ။ စောစောက ပြောခဲ့သလို အားလုံးဟာ မြို့တွင်း ခရီးရှည်ကြီးကို စီးပြီးသွားကြရတာ ပါ။ သိတဲ့အတိုင်း ကားပေါ်မလဲ ထိုင်ခုံနည်း ခရီးသွားကများတာမို့ ဆူးလေမြို့လယ်ကနေ မြောက်ဒဂုံလို တောင်ဒဂုံလို ဟိုး ယုဇနဥယျာဉ်မြို့တော်လို နေရာမျိုးက ခရီးသည်တွေဆိုရင် တစ်နာရီခွဲလောက် နီးပါး  အချိန်ပေးရတာမို့ သူတို့ခင်ဗျာ နေရာလေးတစ်နေရာအတွက် မုဒိတာစိမ်းတွေ ၀င်ချင်လည်း ၀င်ပေမပေါ့ဗျာ။ သည်ကြားတဲ့ ထိုင်ခုံတစ်နေရာအတွက် မြို့လယ်ဂိတ်စမရောက်ခင်ကတည်းက ထိုင်စီးလာတဲ့သူဆို စဉ်းစား ကြည့်ပေရော့ . . .။

ဝင်္ကဘာထဲမှာ . . .
မကလျာရေ . . .
    ဘယ်လိုပဲဖြစ်ဖြစ်ပါ။ မြို့တော်ရန်ကုန်ကတော့ဖြင့် မြို့တော်သူမြို့တော်သားတွေကို နွေးထွေးစွာ ကြိုဆိုလျက်ပါ။ ဘယ်နေရာဘယ်ဒေသမှာပဲ ပုံတော်တူစေတီတော်တွေ တည်တည်။ လေးဆူဓာတ်တော်စုံ တဲ့ မြတ်ဘုရားရွှေတိဂုံရဲ့ ထီးရိပ်အောက်လောက်တော့ အေးမြနွေးထွေးမယ် မထင်ပါဘူး။ လိုင်းကားတွေ ကြပ် မီးတွေပြတ်ပေမယ့်လည်း ဒီမြို့ကြီးပဲ ဘ၀အိပ်မက်တွေ အနာဂတ်လှလှတွေကို ထုဆစ်ပေးနေဆဲမို့ ဘ၀ဆိုတဲ့ ၀င်္ကဘာတဲ့မှာ ကျွန်တော်တစ်ယောက်တော့ မမောနိုင်မပန်းနိုင်ရှိကြောင်းပါ မကလျာရေ. . .။
    ဒီတစ်ပတ်တော့ ဒီလောက်နဲ့ပဲ ရပ်ပါရစေတော့ . . .
    မကလျာနဲ့ ဝေးတမြေက အွန်လိုင်းမိတ်ဆွေအားလုံး ကျေနပ်ကြမယ့်ထင်ပါရဲ့။

အောင်စည်ဟိန်း

5 comments:

flowerpoem said...

မြို့တော် ရန်ကုန် ဇာတ်လမ်းများကို လာခံစားပါတယ် . .

Beauty Studio USA Branded Store said...

ပြန်ခါနီးတောင် မပြန်ချင်တော့ဘူး။

Ree Noe Mann said...

စာလုံးလေးတွေ အရမ်းသေးလွန်တယ်ဗျာ။

အဆင်ပြေရင် ပြန်ပြင်ပေးပါအုံး။
ကျနော်လို ငမွဲ( မျက်လုံး ) အတွက် အဆင် မပြေလို့ပါ။
ကျေးဇူးနော်

ရီနို

Anonymous said...

မပြီးသေးသော ပန်းချီးကား မှုန်ဝါးဝါးနဲ့မြင်
ညစဉ်ပင် ညစဉ်ပင်...ဆိုတဲ့စာသားလေးကို သတိရမိတယ်ဗျာ.

Angel Shaper said...

ဟုတ်ပါ့။ ကိုချမ်းပြောသလိုပဲ။
ပြန်ခါနီး ပြန်တောင်မပြန်ချင်တော့ဘူး။
ကယ်ကြပါဦးးးးးးးးးးးးးးးးဗျိုးးးးးးး