အဖိုးလိမ်တာကောင်းလာဟင် ...
မြေးငယ်လေးတစ်ယောက်ရဲ့ မေးခွန်းပါ ။ ကလေးသဘာဝ သိချင်တာ ကိုမေးတတ်တဲ့သဘောပါပဲ။ ဒီနေ ရာမှာ လူကြီးဖြစ်တဲ့ ကျုပ်တို့လိုအဖိုးအရွယ်တွေက ပြန်ဖြေတဲ့နေရာမှာ တော်တော်လေး စဉ်းစာပြီးမှပြန်ဖြေရပါတယ်။ ဘာလို့လဲဆိုတော့ ဗျာ ဒီလို ပြန်ဖြေလိုက်တဲ့အဖြေကို သူတို့ ကအသေမှတ်ထားတတ်တာကိုးဗျ။
ဒါကြောင့်ကျွန်တော်လည်း လူတစ်ယောက်က တစ်ယောက်ကိုဖြစ်စေ ၊ အုပ်စု ချင်းဖြစ်စေ ၊ အများက တစ်ယောက် တစ်ယောက်က အများ ဘယ်သူ့ ဘယ်သူမှလိမ်တာမကောင်းကြောင်း။
လိမ်ခြင်းရဲ့အကြိုးအပြစ်များကိုလည်း ကလေးငယ်နားလည်နိုင်မယ့်စကား လေးတွေနဲ့ ဥပမာပေးပြီး တတ်နိုင်သလောက်ရှင်းပြပါတယ်။ ဒါပေမယ့် သူ့ မျက်လုံးလေးတွေက သိပ်သဘောမကျတဲ့ပုံခင်ဗျ။ လူကြီးဖြစ်တဲ့ အဖိုးကိုယ်တိုင်ပြောပြတာဆိုတော့ အတွန့်လဲမတက်ရဲဘူး။ ကိုယ်ကသာ လူကြီးမို့လို့ ကလေးအရိပ်အကဲကို သိလိုက်တာ။ သူ့မျက်လုံးက အဖြေမရသေးတဲ့မျက်လုံးပါ။
ဒီလိုနဲ့ သူက နောက်မေးခွန်းတစ်ခု ထပ်ထုတ်လာပြန်ပါတယ် ...
အဖိုး လု တာရောကောင်းလားတဲ့ ...
ဘုရား .. ဘုရား .. လို နှစ်ကြိမ်တောင် ပါးစပ်ကထွက်မိပါရဲ့ ။ ငါ့မြေး ဘာတွေတွေးလို့ ဒါတွေမေးနေတာပါလိမ့်ဆိုပြီး ကိုယ်ကလည်း နောက်ကွယ်က တွေးရတာကိုးဗျ။ တွေးရင်း သူ့မေးခွန်းကလည်း ဖြေရဦးမယ်။
လုတယ်ဆိုတာ မကောင်းကြောင်း ဒုစရိုက်မှုမြောက်ကြောင်း ၊ သူတပါးပစ္စည်း ကို ခွင့်ပြုချက်မရဘဲ သုံးစွဲတာ ၊ လိုချင်လို့ လုတာ ဘာမှမကောင်းကြောင်း အစရှိသဖြင့် ပြောပြရတာပေါ့ဗျာ။
ထုံးစံအတိုင်းပါပဲ စောဒက မတက်ပေမဲ့ သူ့မျက်လုံးအရိပ်ထဲမှာ ကျေနပ်တဲ့အရောင်ကတော့ ဝေးနေဆဲပါပဲ။
ခဏနေတော့ သူ့ဆီက စကားသံအချို့ထွက်လာတော့ ကျွန်တော်ဖြင့်ဗျာ .. ဘုရား .. ဘုရား ဆိုတာ ဘယ်နှကြိမ် တ မိမှန်းကို မသိတော့ပါဘူး။ ရှိသမျှဘုရား အကုန်ကယ်ပါ လို့သာဆိုပြီး ဟစ်လို့ငိုချင်တော့တာပ။ သူပြောတာကြည့်ပါဦး။
ဒါနဲ့များ အဖိုးရယ် .. လိမ်တာလဲ မကောင်း လုတာလဲမကောင်း ဘဲများ တီဘီတွေ ၊ ရေဒီယိုတွေကနေ လိမ်တဲ့ ၊ လုတဲ့ အကြောင်း အော်နေတာ မကောင်းပါဘူးတဲ့ ။
ဘုရား .. ဘုရား .. ဒီကောင်လေး အင်းစိန်အကြောင်း ယောင်လို့တောင်ကြားဖူးမှာမဟုတ်ဘူး။ ဒင်းကတော့လေ။ ..
ငါ့မြေး.. ဘာတွေလာပြောနေတာလဲကွာ .. သွား.. သွား .. ဆော့ချေ.. ဆိုတော့ သူကဆက်ပြောသွားသေးတယ်ဗျ။ သူပြော တာမှန်တဲ့အကြောင်းပေါ့ခင်ဗျာ။ လူသဘာဝ ဒီလိုပါပဲ ကလေးလူကြီး မရွေးပါဘူး ။ ကိုယ်ပြောတာမှမှန်တယ်ဆိုတာကို သက်သေပြချင်ကြတာပါပဲလေ။ သူဘာပြောသွားလဲဆိုတော့။
ဟုတ်တယ်အဖိုးရဲ့ သား ကြား ခဲ့တယ်...
ရတနာပုံ က .. ဒယ်လ်တာကို လိမ်တယ်ခင်ဗျာ ... ဒယ်တာက လူက ရတနာပုံကလူ ခြေထောက်ထဲကဘော့လုံးကို လုပါတယ်ခင်ဗျား .. လှလိုက်တာဗျာ ...
ဒယ်လ်တာက လဲ လိမ်ပါတယ် ခင်ဗျ။ ... လိမ် ..တယ်ခင်ဗျ .. ၀င်လုတယ် ခင်ဗျာ .. မရပါဘူး ...
ရတနာပုံ က ဒယ်လ်တာ ကို လိမ်တဲ့နေရာမှာမမှီဘူးခင်ဗျ။ ... ဘောလုံးက VIP စဉ် နား မှာဘေးထွက်ဘောဖြစ်ပါတယ်။ ခင်ဗျာ .. ရတနာပုံက မြှောက် ရပါမယ်ခင်ဗျာ .... မြှောက်တယ်ခင်ဗျ။ .မြှောက် ပါတယ် ခင်ဗျာ.. တဲ့
သြော် ... သြော် .. သြော်.... တော်ပါသေးရဲ့ .. ဒါဆိုရင် အင်းစိန်နဲ့တော့ဝေးသွားပြီဆိုပြီး အလုံးကြီးကျရတော့တယ်ဗျာ ။
အင်းသူပြောတော့လဲဟုတ်တာပဲ... မလွဲဘူးဗျ
ကျွန်တော်ပြောတာလဲမလွဲပါဘူးဗျာ ....
ဒါဆိုလွဲသွားတာဘာလဲ ....
နားလည်မှုပေါ့ဗျာ ...
(ကျွန်တော့်အပေါ်မှာတော့မလွဲလိုက်ကြပါနဲ့)
( သူငယ်ချင်းတစ်ယောက်ပေးပို့သော ရတနာပုံပရိတ်သတ် မကောင်းကြောင်း ဇောင်းပေးထားသော စာတစ်စောင်ပေါ်တွင်အခြေခံထား ပါသည်။ )
မှတ်ချက် ။ ။ နေစိုးနိုင် ဘောလုံးကို ၀ါသနာမပါပါ။ အားလဲမပေးပါ ။ အားပေးခြင်းကိုလဲ အားမပေးပါ ။ လူတွေကိုတော့ စိတ်ဝင်စားပါသည်။
လေးစားစွာဖြင့်
နေစိုးနိုင်
--
5 comments:
လိမ်ကြ လုကြတာတော့ ခုမှမဟုတ်ပါဘူး။ ကြာပါပီလေ။ အော် 21 21.
အိုင်ဒီယာတစ်မျိုးလေးဗျ။ကောင်းတယ်။ မြန်မာစကားကို မြန်မာတွေ သုံးတာဖျက်နေ သလိုတော့တင်တာ သူ့နေရာနဲ့သူ စာသားအထားအသိုပေါ်မှာ မူတည်မှ လိုရင်းရောက်သွားတော့တယ်။ခေတ်ကာလကြောင့် စကားနဲ့ စာသားအဓိပ္ပါယ်တွေ ပြောင်းလဲလာကြတယ်ဗျာ။ မိုက်တယ်ဆိုပြီးသုံးသလိုပေါ့။အိုင်ဒီယာကောင်းလေးကို ကြိုက်တယ်ဗျာ။ပျော်ရွှင်သော သီတင်းကျွတ်အခါသမယ ဖြစ်ပါစေဗျာ။
ကျွန်တော်တို့ ပဲလွဲနေတာ နေမှာ ပါဗျာ..အဟဲ
လွဲလွဲလေးပဲ တွေးသွားပါတယ်။
တစ်ယောက် တစ်လုံးစီပေးလိုက်မယ် လုမနေရအောင်၊ လိမ်မနေရအောင်။ ( လက်ပစ်ဗုံး ) ဟုန်းဟုန်းးးးးးးးးးးး
လုံးဝ လေးစားတယ်ဗျာ။ လင့်ခ်ယူသွားတယ်။ နောက်မှ အားတိုင်းလာဖတ်ဦးမယ်။
Post a Comment