မွေးနေ့တစ်ခုကို လွတ်လပ်စွာဖြတ်သန်းခြင်း ဆိုတော့ ဘယ်သူကများမွေးနေ့ကို မလွတ်မလပ် ဖြတ်သန်းနေကြလို့လဲ ဆိုပြီး ကပ်သပ်ပြီးပြောစရာတော့ရှိတာပေါ့။ ကျွန်တော့်မွေးနေ့တော့ မဟုတ်ပါဘူး ။ ကျွန်တော့်ညီလေး ရေတမာ www.yaytamar.blogspot.com ရဲ့မွေးနေ့ပါ။
မန္တလေးမှာနေကြတုန်းကတော့ မွေးနေ့မှာ ဘုရားကြီးသွားတာတို့ ကျွန်တော်တို့ မောင်နှမတွေ စားကြသောက်ကြတာတို့ပေါ့။ သူ့အမေကိုလည်း သူကန်တော့ ပြီး မုန့်ဖိုးတွေ အများကြီးတောင်းလေ့ရှိပါတယ်။
မိဘကျေးဇူးကိုသိတတ်တဲ့နေရာမှာလဲသူကနှစ်ယောက်မရှိပါဘူး။ နည်းနည်းပြောပြမယ်
ရေတမာ တစ်ယောက် ဖီလင်တွေထိပ်ဆုံးရောက်ပြီး သီချင်းကို အသားကုန်ဆိုနေတာပေါ့ဗျာ .. သူဆိုနေတဲ့သီချင်းက
ကျွန်တော်လည်း အစအဆုံးမရပါဘူး..
ဆိုင်ကရောင်းတဲ့ထမင်းနဲ့ ဟင်း ဟာ မင်းချက်တဲ့ဟင်းလောက်မကောင်းဘူးတို့ ..
ကိုယ့်အိပ်ကပ်ထဲပိုက်ဆံပြတ်တော့ ရွှေနားကပ်ကလေးချွတ်ခါ ပေါင်နှံပေးတာတို့....
ဆိုပြီး
cho: မှာ မင်းလောက်ကိုယ့်အပေါ်ဘယ်သူမှမကောင်းဘူး ... မင်းတစ်ယောက်တည်းသာ ကိုယ့်အတွက်ကောင်းနိုင်ဆုံးတွေဘာတွေ
အိမ်ထဲမှာ အသားကုန်အော်နေတော့ သူ့အမေကဘာပြောလဲဆိုတော့ ဟဲ့ ကိုေ... ငါတို့နင့်အပေါ်ဒီလောက်ကောင်းတာတောင် ဒီလိုကျေးဇူးကန်းတဲ့သီချင်းဆိုနေရသေးတယ် ဆိုပြီး သားကို ပြန်နောက်တတ်တဲ့ အမေပါ...
ဒီကောင့် အဖေ ကရောဘယ်လိုမျိုးလည်း ဆိုတော့ သားတွေအပေါ်မှာ သူငယ်ချင်း တစ်ယောက်လို ပေါင်းသင်းတတ်တာပါ။ တကယ်လို့များ သူတို့အိမ်ကို စာဖတ်သူအလည်ရောက်သွားရင် ဒါသူ့အဖေလို့မထင်ဘဲ အစ်ကိုအကြီးဆုံးလို့တောင်ထင်စရာရှိပါတယ်။ သူတို့သားအဖ ဘော့လုံးပွဲ အနိုင်အရှုံးလောင်းကြတယ်။ မနက်ဆိုရင် ဆိုင်ကယ်လုစီးကြတယ်။ ပြောင်ကြနောက်ကျနဲ့ပျော်စရာကြီးပါ။
နောက်တစ်ခုကတော့ ရေတမာ ရဲ့အဖိုး နဲ့အဖွားပေါ့။ အဖွားကတော့ လေသံအေးလေးနဲ့ စကားပြောလေ့ရှိပါတယ် ။ အဖွားအစား အဖိုးက စကားပိုပြောပေးပါတယ်။အဖိုး က ကျွန်တော် ရယ် ၊ ရေတမာရယ် ၊ဖိုးချိုရယ် ကို ဆုံးမတဲ့စကားလေးပြန်လည်မျှဝေပေးလိုက်ပါဦးမယ်။ ( မှတ်မှတ်ရရ အဲဒီတုန်းက ကျွန်တော်တို့ က ရေတမာရဲ့ ကိုယ်ပိုင် ကွန်ပျူတာခန်းထဲမှာ ထမင်းဆွဲ`နေကြတာပါ။ ) အဖိုး ရဲ့ စာအုပ်ပုံ ( စဉ်မဟုတ် ) ကလည်း ရေတမာရဲ့ကွန်ပျူတာဘေးမှာပါပဲ ။ အဖိုးက ရေတမာကိုမေးပါတယ်။ ငါမြေး ရ မင်းကွန်ပျူတာကလည်း လေ့လာလိုက်ရတာကွာ မင်း ဒီပညာတတ်ရင် ချမ်းသာနိုင်လား တဲ့။ ရေတမာဘာပြန်ပြောတယ်ထင်လဲ .. အဖိုးရဲ့ .. ချမ်းသာဖို့က ပိုက်ဆံလိုတယ်ဗျ .. တဲ့။
အဖိုးကလည်း အားပေးပါတယ်။ မင်းတို့လို လူငယ်တွေအတွက် ကမ္ဘာကျော်ပုဂ္ဂိုလ်ကြီးများအကြောင်း ကိုရေးထားတဲ့ စာအုပ်ရှိတယ် ။ ဒါကို ဖတ်ဖူးလားတဲ့ ။ အားလုံးပြိုင်တူ ခေါင်းရမ်းတော့ ။ အဖိုးက အေး .. အေး .. ငါလည်း မဖတ်ဖူးဘူး တဲ့.. ။ အဲလို .. ဟာသာလေးတွေပြောပြိးမှ ဒီစာအုပ်ကလေးဖတ်ကြည့် ပေါ့ ဆိုပြီး ပေးတတ်တာပါ။
ရေတမာတစ်ယောက်နိုင်ငံခြားမသွားခင် ၁ ည အလိုထိ ကျွန်တော်နဲ့ အတူနေကြတာပါ။ နိုင်ငံခြားသွားတော့မယ်ဆိုတော့ သူ့မိဘတွေနေတဲ့ ဟိုတယ်ကို သွားအိပ်ပါတယ်။ မနက်မှာ ကျွန်တော်သူ့ကို စာအုပ်ကလေးတွေလက်ဆောင်ဝယ်ပေးပါတယ်။ မှတ်မိနေတာကတော့ လမ်းခွဲတာဝမ်းနည်းစရာလား .. တို့ တခြားစာအုပ်တွေရောပါပဲ။ လေယာဉ်ကွင်းကိုရောက်ကြတော့ ငိုမဲ့မဲ့ မျက်နှာနဲ့ ရေတမာ သူ့ အဖေ ၊ နဲ့ သူ့အမေကို နမ်းပါတယ်။ သူ့မိဘတွေလည်း ပြန်နမ်းကြပါတယ်။
ပြီးတော့ ကျွန်တော်တို့ကို နမ်းပါတယ်။ ကျွန်တော်ကတော့ပြန်မနမ်းပါ ( ရေတမာကိုရွံလို့) ။ သူကလည်း သူ့မိဘတွေရှေ့မှာ ဟန်ဆောင်ပြီး ၀မ်းနည်းစိတ်ကိုထိမ်း ။ သူ့မိဘတွေကလည်း သူမသိအောင် စိတ်ကိုထိမ်းနဲ့ လေယာဉ်ကွင်း က အဆောင်ထဲမှာ မိသားစုတွေ တစ်ဦးနဲ့တစ်ဦး ဟန်ဆောင်ပြိုင်ပွဲကြီးကျင်းပနေသလားတောင် အောင့်မေ့ရပါတယ်။
သူမြင်ကွင်းကပျောက်သွားတော့မှ မျက်နှာအမှန်ကိုဖော်ပြခွင့်ရရှာတဲ့ ရေတမာတို့အမေ .. ရေတမာတို့အဖေ .. ကျွန်တော်တို့ကိုလည်း စကားသိပ်မပြောတော့ဘူး .. သူတို့လင်မယားချင်းလည်း သိပ်စကားမပြောတော့ဘူး .. အတွေးကိုယ်စီနဲ့ဖြစ်မှာပေါ့။
အပျံသင်စငှက်ကလေးတစ်ကောင်အတွက် ရတက်မအေးနိုင်ရှာတဲ့ မိခင်ငှက်မ ကြီးရဲ့ ခံစားချက်ထက် မလျှော့တဲ့ ခံစားချက်မျိုး ရေတမာ အမေရဲ့ရင်တွင်းမှာဖြစ်နေမယ်ဆိုတာ ကျွန်တော်တို့ခံစားမိပါတယ်။
ကိုနိုင်ရေ ကျွန်တော့်မွေးနေ့မှာ ငှက်လွှတ်ပေးပါတဲ့...
ညီ .. ရေ .. စိတ်ချ ငှက်ကလေးတွေလွှတ်ပေးလိုက်မယ်...
လွှတ်လပ်စွာပျံသန်းပါစေ.. သူတို့ အစွမ်းရှိသရွေ့ပေါ့
နောက်တစ်ခေါက် .. ပျံသန်းခွင့်တွေမဆုံးရှုံးခင် အချိန်ထိပေါ့
ပျံသန်းပါစေ .. လွတ်လွတ်လပ်လပ်ပေါ့
မိဘရဲ့အရိပ်နဲ့ဝေးနေတဲ့ တနေရာမှာ
မွေးနေ့ဆိုတာကြီးကို လွတ်... လပ် ... စွာဖြတ်သန်းနေရမယ်
ဆိုတာ ခံစားမိပါရဲ့..
လွတ် .... လပ် ... မှူ ထဲမှ ထွဋ္ဋ်မြတ်မှုကိုရအောင်ရှာပါ
ဝေးတမြေက အမေ နဲ့ အဖေ ကို ကျေးဇူးတင်နေလိုက်ပါ
ပြီးတော့ ... ဆက်လက်ပျံသန်းပါ...
အတောင်မညောင်းခင်ထိပေါ့
( မှတ်ချက် ။ ။ လွတ်လပ်ခြင်း နှင့် လွတ် ပြီး လပ် ခြင်း မတူပါ )
ဘာရယ်မဟုတ်ပါဘူးဗျာ ညီတစ်ယောက်ရဲ့မွေးနေ့မှာ သူနဲ့ပတ်သက်တာလေးတွေကို ပြန်စဉ်းစားမိနေတာပါ
ကိုနိုင်
3 comments:
ကိုနေစိုးနိုင်ရေ ရေတမာ ဆီကို လိုက်သွားပြီး ဆုတောင်းလိုက်အုံးမယ်
ဟက်ပီဘတ်ဒေးးးးးးးးးးး ရေတမာ.....
မွေးနေ့မှာ လွတ်လပ်စွာ ဖြတ်သန်းနိုင်ပါစေလို့ ကိုနိုင်ကြီး ထပ်တူဆုတောင်းပေးပါတယ်။
အောင်မြင်ပျော်ရွှင်ပါစေ။
ကျေးဇူးပါ ကိုနိုင် ငှက်လွတ်ပေးတာရော ပိုစ်ရေးပေးတာရော လွတ်လပ်စွာဖြတ်သန်းနေပါတယ်
Post a Comment