Monday, September 21, 2009

မြို့တော်ရန်ကုန်ဇာတ်လမ်းစုံ အပိုင်း (၁)

မကလျာရေ . . .
နိုင်ငံရပ်ခြားက အွန်လိုင်းမိတ်ဆွေ တော်တော်များက
အွန်လိုင်းပေါ်မှာ တွေ့တိုင်း သာကြောင်းမာကြောင်းထက်
ရန်ကုန်မြို့တော်ကြီးအကြောင်းကို တစ်ခုတ်တရ မေးတတ်မြန်း တတ်ကြတယ်ဗျ။
သူတို့မှာလည်း မိဝေးဖဝေး တမြေရပ်ခြားသွားနေရတာဆိုတော့ မြန်မာပြည်နဲ့
ရန်ကုန်မြို့ကိုလွမ်းရှာပေမပေါ့။ ကိုယ်ချင်းများစာမိပါရဲ့ဗျာ
။ဒါကြောင့်လည်း ကျွန်တော် ကြားသိရသမျှ မြို့တော်ရန်ကုန် ဇာတ်လမ်းစုံကို
ဖောက်သည်ချလိုက်ရကြောင်းပါခင်ဗျ။

ပျက်အစဉ် . . .

မကလျာရေ . . .
တစ်မိုးတွင်းလုံး ရန်ကုန်မြို့တော်သူ
မြို့တော်သားတွေအတွက် အပြောများဆုံး အကြောင်းအရာတွေကမှ အဓိက အကြောင်းအရာက
လမ်းတွေပျက်နေတာပဲဗျ။ ဟိုနေရာကျင်း သည်နေရာချိုင့်တွေ ချည်းပဲမို့
ကမ္ဘာအင်အားကြီးနိုင်ငံတွေက ငွေကုန်ကြေးကျခံပြီးသွားတဲ့ လကမ္ဘာဆိုတာ
ဒီမြို့တော်ကြီးက လမ်းတွေပဲလို့ လူပြောင်လူနောက်တွေက ပြောကြလေသဗျ။
နောက်တစ်ခုကလည်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီခင်ဗျာလည်း ရသမျှ
ကတ္တရာ၊ ရှိစုမဲ့စု အင်အားကလေးနဲ့ ပြင်တော့ပြင်ရှာသမျှ ဒါပေသိ
ပျက်တာများနေလေတော့ ခင်မျာတွေမှာ မနိုင်ဝန်ထမ်းသလိုမို့ အင်း . . .
ပလိုင်းပေါက်နဲ့ ဖားကောက်သလိုမို့ ပျက်အစဉ်သာ ဖြစ်နေကြောင်းပါ မကလျာရေ .
. ။


မကလျာရေ . . .
အင်း ... ရန်ကုန်မြို့တော်သူ မြို့တော်သားတွေအတွက်
တစ်နေ့တစ်နေ့ကို ဆိုးဆိုးလာတဲ့ အကြောင်းအရာတစ်ရပ်ကလည်း ရှိသေးသဗျ။
တခြားဟုတ်ရိုးလား။ ငွေအကြွေ ကိစ္စဗျို့။ သက်ဆိုင်ရာ ကလည်း ငွေအကြွေ
ငါးဆယ်တန်၊ တစ်ရာတန်တွေ လူတစ်ယောက် ဘယ်လောက်ဖိုးဆိုလား နေပြည်တော်ရော
ရန်ကုန်ရောပေါ့နော် လဲပေးရှာပါရဲ့။ အဓိကမြို့ကြီးတွေမှာဆိုရင်
ဈေးထဲကဆိုင်တွေ ပါ လဲပေးသတဲ့ဗျ။ သို့သော်လည်း အဲ . . ပေါ့ဗျာ။
ကျွန်တော်တို့မတော့ နေ့စဉ်ဘစ်ကားပေါ်က စပယ်ရာငနဲနဲ့ ပြောရဆိုရ
ငေါက်ကြငမ်းကြတုန်းဗျို့။ ပိုက်ဆံအစုတ်ဆိုတာကတော့ အရေးမကြီးတော့ဘူး။
ပိုက်ဆံနဲ့ နည်းနည်းကလေးတူရင်တောင် နှစ်ဦးတစ်ဖက် ကျေနပ်နေကြရတယ်ဗျ။
ငါးဆယ်တန် တစ်ရာတန် နော် ပေးရင်ယူလိုက်ကြတာပဲ။ ဒါပေမယ်အခုဟာက
ပိုက်ဆံအကြွေဆိုတာကို မရှိတော့တာဗျို့။ ဒါကြောင့် ဒီပြသနာကလည်း
တစ်နေ့ထက်တစ်နေ့ကို ဆိုးဆိုးလာတယ်လို့ ပြောရကြောင်းပါ မကလျာရေ။

မီးနဲ့ရေ ဘာကိုရွေးမလဲ

မကလျာရေ . . .
ဒီကိစ္စကတော့ အားလုံးသိကြသည့်အတိုင်းဆိုတဲ့ အပြောကလေးနဲ့ စရမယ်ဗျ။
ဟုတ်တယ်လေ။ လျှပ်စစ်မီးနဲ့ သောက်သုံးရေးပြသနာဟာ တော်တော်ကလေး ရှိနေလေတော့
ကျွန်တော်တို့ ရန်ကုန်မြို့ တော်သူ မြို့တော်သားတွေ မီးနဲ့ရေ
ဘာကိုရွှေးမလဲလို့ မေးခွန်းထုတ်ကြရပြီဗျ။ တစ်ခုပဲ ရမှာကိုး။ ဒီတော့
ကျွန်တော်တို့က မီးကိုပဲ မျက်စိမှိတ်ပြီး အမှတ်ပြည့်ကလေးဟေ့လို့
အော်ရပေမပေါ့ဗျား။ ဟုတ်ဖူးလား။ မီးလာရင် ရေလာပြီပေါ့။ ဒါပေမယ့် မကလျာရေ
အခုတော့သည်လို မဟုတ်ပါဘဲကိုး။ ဘာကြောင့်ဆိုတော့ မီးက လာတော့လာပါရဲ့
အားမပြည့်ဘူးလေဗျာ။ သည်တော့ မီးလာသော်လည်းပဲ အဲ ရေမရပြန်ဘူးဗျ။ သည်တော့
ရေရအောင် မီးအားပြည့်ပြည့်လိုချင်လာပြန်ရော။ အင်း . . အရင်းစစ်တော့
အမြစ်မြေက ဆိုသလို လျှပ်စစ်မီးရဖို့ဆိုတာ မြို့တော်ရန်ကုန်အတွက်
ရေအားလျှပ်စစ်တွေကို အားကိုးလို့ မရပြန်ပေးဘူးတဲ့ဗျား။ ကိုင်း ဒါဆို
နိုင်ငံနဲ့အ၀ှမ်း ရေအားလျှပ်စစ်တွေ ပေါမှပေါ ဟောသည်ကာလကြီး
ဟောသည်ခေတ်ကြီးမှာ ဘယ်နှာ ဖြစ်ရသတုံးပေါ့။ သည်လိုလေ ကျွန်တော်တို့ရန်ကုန်
မြို့တော် ကြီးကို နေရှင်နယ်ဂရစ်လို့ခေါ်တဲ့ ဓာတ်မဟာလိုင်းကြီးကနေ
နွေမိုးဆောင်း သုံးရာသီလုံး ရနိုင်သမျှ ရေအားလျှပ်စစ်ကနေ မဂ်ဂါဝပ်
မည်မျှပင် ထည့်ပေးစေကာမူ အဆင့်ဆင့်သော လျှပ်စစ်ဓာတ် အားလိုင်းတွေနဲ့
ဓာတ်အားပေးခွဲရုံများရဲ့ ခေတ်နောက်ကျမှုတွေကြောင့် ပေးကားပေး၏မရဘဲ
လိုအပ်ချက်တွေ ရှိနေကြောင်းပါ မကလျာရေ။ သည်တော့
ကမ်းလွန်နဲ့ကုန်းတွင်းကလာတဲ့ သဘာဝဓာတ်ငွေ့ တွေနဲ့ လည်ပတ်တဲ့
လျှပ်စစ်ဓာတ်အားပေးစက်ရုံ လေးရုံနဲ့ ကူပံ့ပါမှ ရန်ကုန်မြို့တော်ကြီးဟာ
အင်ပြည့်အားပြည့် လျှပ်စစ်ဓာတ်မီး ထိန်ထိန်ညီးပေမှာကိုးဗျ။ သို့သော်လည်း
ဒီလုပ်ငန်းတွေကလည်း လုပ်လက်စပဲရှိသေးတာနဲ့ အခုလိုတွေ ဖြစ်ကြတာမို့်
ရန်ကုန်မြို့ကြီး အင်ပြည့်အားပြည့် လျှပ်စစ်မီးတို့
ထိန်ထိန်လင်းချိန်ကတော့ အချိန်တခုအထိ စိတ်ရှည်ရဦးမှာပေါ့ မကလျာရေ . . .။


နနွင်းရောင်တွေ ထိန်ထိန်ဝေ

မကလျာရေ . . .
အင်း . . သည်ကိစ္စကလည်း ရန်ကုန်မြိုတော်သူ မြို့တော်သားတွေရဲ့
နှုတ်ဖျားမှာ ရေပန်းစားနေဆဲ အကြောင်းအရာတစ်ခုပါဗျား။ ပြီးခဲ့တဲ့
နှစ်လလောက်စလို့ ရန်ကုန်မြို့ရဲ့ လမ်းတွေပေါ်မှာ ဌာနဆိုင်ရာ
ခွင့်ပြုချက်နဲ့ စီးနင်းနေကြတဲ့ အရပ်ဘက် စစ်ဘက်က ဆိုင်ကယ်တွေဟာ
သုံးဘီးရောင်၊ အရပ်ကနားလည်တာက နနွင်းရောင် ပြောင်းသုတ်လိုက်ကြတယ်ဗျ။
ဖြစ်ပုံက ဒီလိုပါ။ ရန်ကုန်မြို့တော်မှာ ဌာန ဆိုင်ရာ
ခွင့်ပြုချက်နဲ့စီးနေတဲ့ ဆိုင်ကယ်တွေ နဲ့ နားလည်မှုနဲ့စီးနေကြတဲ့
ဆိုင်ကယ်တွေသိပ်များနေတဲ့အပြင် ယာဉ်တိုက်မှုပါကျူးလွန်လာတဲ့အတွက်
စီစစ်ပြီး အရောင်သတ်မှတ်ဖို့ ပြောတယ်ဗျ။ ဒိလို အရောင်သတ်မှတ်လိုက်ရင်
ရောင်တော်ပြန်နဲ့ ရောလွှတ်သူတွေ လိုက်စီးဖို့မဖြစ်နိုင်အောင်
လူကြိုက်များမှု မရှိတဲ့ အရောင်တုံးတုံးတွေသုတ်ဖို့ သီးခြားနံပါတ်ပေးဖို့
ဆုံးဖြတ်ကြတယ်ဗျ။ ဒါနဲ့ အရပ်ဘက်က ဆိုင်ကယ်တွေက သုံးဘီးရောင်နဲ့ စစ်ဘက်က
ဆိုင်ကယ်တွေ စစ်ရောင်သုတ်လိုက်ရင်တော့ အပြင်က ရောင်တော်ပြန်ဆရာတွေ
သူတို့ဆိုင်ကယ်တွေ အဲဒီအရောင်တွေ လိုက်သုတ်ပြီးရင် ဈေးကွက်ဝင်မှာ
မဟုတ်လေတော့ လိုက်မသုတ်လောက်ဘူး။ ရောင်တော်ပြန်မလွှတ်လောက်ဘူးဆိုပြီး
ဒီအရောင်တွေနဲ့ သတ်မှတ်စီးနင်းကြကြောင်းပါ မကလျာရေ . . ။


မှန်၏မှောင်ရိပ်

မကလျာရေ . . .

ပြီးခဲ့တဲ့ လဆန်းပိုင်းကစလို့ ရန်ကုန်မြို့ရဲ့ လမ်းအသီးသီးမှာ
တာဝန်ရှိသူတွေ ပူးပေါင်းလို့ စတပ်ကာကပ်ထားတဲ့ ကားတွေကို စတေကာတွေ ခွာတဲ့
စီမံချက်ပြန်စတယ်ဗျ။ အဲဒီစီမံချက်အရ ကားပေါင်းစုံကို စစ်ဆေးပြီး
စတေကာတွေခွာလိုက်တာ လမကုန်ခင်မှာတဲ့ အစီး 400 လောက် စတေကာတွေ
ခွာနိုင်သတဲ့ဗျ။ အဲ မောင်းပြေးတဲ့ ကားကလည်း အစီး 40 ကျော်ရှိဆိုပဲ။
ဒါနဲ့ ဒီကားတွေကို နံပါတ်တွေမှတ်ပြီး ဓာတ်ဆီဆိုင်က သွားစောင့်ပြီး
စတေကာခွာလိုက်ရသတဲ့။ မကလျာရေ . . . ကိုင်း ဒီတစ်ပတ်တော့ ဒီမျှနဲ့
ကျေနပ်ပေတော့ဗျို့။ နောက်တစ်ပတ်ကျတော့ နောက်ထပ်ဇာတ်လမ်းတွေ
ဖတ်ရပေဦးမှာပေါ့နော်။
မကလျာနဲ့ တကွ ဝေးတမြေက အွန်လိုင်းချစ်ဆွေများ ကျေနပ်နှစ်သိမ့်နိုင်ပါစေ။


အောင်စည်ဟိန်း

--

4 comments:

Angel Shaper said...

ဇာတ်လမ်းစုံ အပိုင်း (၁) ကို ပထမဆုံး တစ်ယူပြီး လာဖတ်ပါတယ်။ အိမ်ပြန်ရတော့မှမို့ ၀မ်းသာနေတာ နဲနဲတောင်ကြောက်လာပြီ။
အရင်အတိုင်းရန်ကုန်ကို နားထောင်ပြီး ပြန်သွားတာပဲအေးပါတယ်။ ဘာမှမပြောတတ်တော့လို့ ပါးစပ်ပိတ်ပြီး ပြန်သွားပြီ။ ဘာမှမပြောခဲ့ဘူးနော်။

flowerpoem said...

ဇာတ်လမ်း (၁) ကိုလာဖတ်ပါတယ် :)

Anonymous said...

ကျေးဇူးပါပဲ အောင်စည်ဟိန်းရေ...

LMK

မြတ်နိုး said...

ကျေးဇူးပါပဲ ..ကိုအောင်စည်ရေ..

အတော်များများဖတ်သွားပါတယ်