ညီမရေ . . .
တို့မောင်နှမနှစ်ယောက် ဆွေးနွေးဖြစ်ကြတဲ့ အကြောင်းအရာတွေထဲမယ် တစ်ချိန်ကြရင်တော့ တို့လူငယ်နဲ့ လူငယ်ဝန်းကျင်အကြောင်းကို ထဲထဲဝင်ဝင် ဆွေးနွေးကြရအောင်လို့ ပြောဖြစ်ခဲ့တယ်နော်။ အဲဒီအချက်ကလည်း ဒီအကြောင်းအရာတွေကို ရေးဖြစ်အောင် ဆွေးနွေးဖြစ်အောင် တွန်းအားပေးနေသလိုပါပဲ ညီမရေ။ အခုတလော ကြားမိဖတ်မိတဲ့ အကြောင်းအရာတွေကလည်း ဆွေးနွေးစရာကောင်းတဲ့ စဉ်းစားစရာကောင်းတဲ့ အချက်အလက်တွေလည်း ဖြစ်နေပြန်ပါရောလား ညီမရေ . . .။

ညီမတို့ အရွယ် လူငယ်တွေကြားမှာ ရေပန်းစားနေတဲ့ အကြောင်းအရာတွေထဲမှာ ကိုရီးယားရုပ်သံ စီးရီးတွေလည်း ပါရဲ့မဟုတ်လား။ သွက်လက်ချောမောတဲ့ လူငယ်လေးတွေ ဦးဆောင်ပါဝင်တာ၊ သရုပ်ဆောင်တဲ့နေရာမှာ ဘာဝကျလှတာကြောင့် ကိုရီးယားရုပ်သံဇာတ်လမ်းတွဲတွေကို တို့လူငယ်တွေ အကြိုက်ကြီးကြိုက်ပြီး အားပေးခဲ့ကြတာလို့ ထင်မြင်ယူဆမိပါရဲ့။ ကိုရီးယားရုပ်သံဇာတ်လမ်းတွေထဲက သရုပ်ဆောင်လူငယ်လေးတွေရဲ့ လွှမ်းမိုးမှုဟာ မြန်မာလူငယ်တွေရဲ့ လူမူဘ၀၀န်းကျင်ကို ကြောက်စရာကောင်းလောက်အောင် ရိုက်ခတ်လာ တယ်ဆိုတာကိုကော ညီမသတိထားမိပါစ။ ကိုရီးယားတီဗီစတားလူငယ်လေးတွေရဲ့ ၀တ်စားဆင်ယင်မှုတွေဟာ မြန်မာလူငယ်လေးတွေကြားမှာ ရေပန်းစားလာတာ ညီမတို့ မျက်မြင်ကိုယ်တွေ့ပဲ မဟုတ်လား။ အဲ ခါတော်မီ ကုမ္ပဏီကြီးတွေကလည်း သူတို့ရဲ့ထုတ်ကုန်တွေ ရောင်းကောင်းအောင် ကြော်ငြာတွေမှာတင်မကတော့ဘဲ ကိုရီးယား တီဗီစတားတွေနဲ့ အတုဆုံးပြိုင်ပွဲတွေအထိ လုပ်လာကြတာကော ညီမ မြင်ရဲ့မဟုတ်လား။ အင်း . … ၀တ်စားဆင်ယင်မှုနဲ့ မပြီးဘဲ စိတ်ဓာတ်ရေးရာတွေပါ လိုက်ပြီး အတုခိုးကုန်ကြရင်ရော . . . . ။ ယဉ်ကျေးမှု တခု စိမ့်ဝင်လာတယ်ဆိုရင် အပေါ်ယံရုပ်ဝတ္ထုတင်မကဘဲ စိတ်ဓာတ်ရေးရာတွေပါ .. ပါလာတတ်တယ်လေ ...
ညီမရေ . . .
ကုန်ခဲ့တဲ့ ၂၀၀၅ ခုနှစ်ထဲမှာ ကိုရီယားရုပ်သံဇာတ်လမ်းတွဲ တစ်တွဲဖြစ်တဲ့ "မခွဲအတူ" မှာ သရုပ်ဆောင် ခဲ့တဲ့ အသက် ၂၅ နှစ်သာ ရှိသေးတဲ့ ကိုရီယားသရုပ်ဆောင်မလေး "လီအွန်ဂျူ" တစ်ယောက် စိတ်ကျဝေဒနာနဲ့ ကိုယ်ကိုယ့်ကို အဆုံးစီရင်သွားပါပကော။ သူ ကွယ်လွန်ပြီး နှစ်နှစ်အကြာ ၂၀၀၇ ခုနှစ်နှစ်ထဲမှာ "ချစ်ညီမလေး ငယ်ပါသေး" ရုပ်သံဇာတ်လမ်းတွဲထဲမှာ ဟန်ရိုမေအဖြစ် သရုပ်ဆောင်ခဲ့တဲ့ လူငယ်သရုပ်ဆောင်မလေး "ဂျောင်ဒါဘန်"တစ်ယောက်လည်း စိတ်ကျဝေဒနာနဲ့ပဲ ကိုယ်ကိုယ့်ကို အဆုံးစီရင်သွားပြန်ပါသတဲ့။ ညီမရေ . .. ဂျောင်ဒါဘန် ဟာ ကွယ်လွန်ချိန်မှာ အသက် ၂၇ နှစ်အရွယ်ပါ။ သူတို့နှစ်ယောက်နောက်ကို လိုက်ပြန်တဲ့ ပေါ့စတား တစ်ဦးဖြစ်တဲ့ ယူနီးခေါ် လီဟေယွန် လည်းပဲ အသက် ၂၅ နှစ်သာ ရှိပါသေးတယ်။ သူလည်းပဲ စိတ်ကျ ဝေဒနာရှင်တစ်ယောက်ပါတဲ့။ ၂၀၀၇ ခုနှစ် ဧပြီလက အမေရိကန်ပြည်ထောင်စု ဗာဂျီးနီးယားတက္ကသိုလ်မှာဖြစ်ခဲ့ တဲ့ အကြီးအကျယ်ဆုံး သွေးထွက်သံယိုမှုကြီးရဲ့ တရားခံ ကိုရီးယားလူငယ်ကလေး ချိုဟင်တီဟာ အသက် ၂၃ နှစ်သာ ရှိသေးတာမို့ လီအွန်ဂျူက စလို့ ချိုဟင်တီအထိ စိတ်ကျဝေဒနာနဲ့ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားတဲ့ ကိုရီးယားလူငယ်လေးတွေထဲမှာတော့ အရက်စက်ဆုံး ပြုမှုသွားသူ တစ်ယောက်ပါ။ ချိုဟင်တီဟာ စိတ်ကျ ဝေဒနာနဲ့ ကိုယ်ကိုယ်ကို အဆုံးမစီရင်မီ သူ့ရဲ့ စိတ်ကြွရူးသွပ်ရမ်းကားမှုအောက်မှာအပြစ်မဲ့တဲ့ အသက် ၂၀ ကျော်လူငယ်ကလေးတွေ အယောက် ၃၀ ကျော်တောင် အသက်ပေးလိုက်ကြရပါရော့လား။ ဟော . . . မကြာသေးမီကပဲ ကိုရီးယားသမ္မတဟောင်းတစ်ယောက်ကလည်း တောင်ပေါ်ကခုန်ချပြီး ကိုယ်ကိုယ်ကို အဆုံးစီရင် ပြန်ပါသတဲ့။
ညီမရေ . . .
လီအွန်ဂျူတို့လို ဂျောင်ဒါဘန်တို့လို ယူနီးတို့လို အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်မှုကြီးကြီးမားမား ရနေကြတဲ့ လူငယ်လေးတွေ ဘာကြောင့်များ သူတို့ချစ်တဲ့အသိုင်းအ၀ိုင်းနဲ့ လူ့လောကကြီးကို ကျောခိုင်းသွား ကြတာပါလိမ့်။ ဒါဖြစ်ရင် လောကကြီးမှာ ဆုံးရှုံးမှုဒဏ်ရာဒဏ်ချက်တွေကို နစ်နစ်သီးသီး ခံစားနေရသူတွေ သာမက အောင်မြင်မှုကြီးကြီးမားမား ရရှိခံစားပြီး မော်ကြွားနေကြတဲ့သူတွေလည်းပဲ လောကကြီးကို လူ့အသိုင်းအ၀ိုင်းကြီးကို ရင်မဆိုင်ရဲတဲ့ အဖြစ်တွေ၊ ကျောခိုင်းချင်တဲ့စိတ်တွေ ပေါ်ပေါက်လာနိုင်တာပါလားလို့ လည်း တွေးတောမိပြန်ပါတယ် ညီမရေ။ အမည်မဖော်လိုတဲ့ မြန်မာနိုင်ငံရောက် ကိုရီးယားစီးပွားရေးလုပ်ငန်း ရှင်ကြီး တစ်ယောက်ကတော့ ကိုရီးယားမှာ ဒီလိုနာမည်ကြီး အနုပညာရှင်လူငယ်ကလေးတွေသာမက အလွှာစုံ က ကိုရီးယားလူငယ်ကလေးတွေ အဆင်မပြေမှုတွေ တွေ့တိုင်းတွေ့တိုင်း အဲဒီထွက်ပေါ်ကြီးကနေ ထွက် သွားလိုက်ကြတာများ ဖက်ရှင်လို တောင် ဖြစ်နေပါပြီလို့ ၀မ်းပန်းတနည်းပြောသွားပါရဲ့။
ညီမရေ . . .
အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်မှုကြီးကြီးမားမားရပြီး မော်ကြွားနေရချိန်မှာပဲဖြစ်ဖြစ် ဆုံးရှုံးမှုဒဏ်ရာ ဒဏ်ချက်တွေကို နစ်နစ်သီးသီးခံစားနေရတဲ့ အချိန်မှာပဲဖြစ်ဖြစ် လောကကြီးကို ရင်ဆိုင်ရဲတဲ့ လောကဓံတရားကို ရဲရဲရင့်ရင့် မတုန်မလှုပ်ရင်ဆိုင်ရဲတဲ့ သတ္တိတွေ၊ အသိတွေ၊ တို့လူငယ်လေးတွေမှာ ရှိဖို့လိုအပ်ပေတာပေါ့။ ညီမရေ . .. တို့တတွေဟာ ဟောဒီလူ့လောကကြီးထဲမှာ အသက်ရှင်နေထိုင်သမျှ ကာလပတ်လုံးမှာ ချစ်တဲ့သူနဲ့ကွေ့ကွင်း သွားရတာမျိုးရှိသလို မချစ်မနှစ်သက်တဲ့သူနဲ့ ဆက်နွယ်ပေါင်းသင်းရတာတွေလည်း ရှိနေကြရတာပဲ မဟုတ်လား။ အောင်မြင်ဖူးတွေ ရရှိမော်ကြွားခဲ့ကြဖူးသလို အရှုံးတရားဆိုတာကို မလိုချင်ပါဘဲနဲ့လည်း လက်ခံလိုက်ရတာလည်း ရှိခဲ့ဖူးတာပဲ မဟုတ်လား။ ဥစ္စာဓန ရာထူးဂုဏ်သိမ် စည်းစိမ်တွေမှာ ရစ်မူးပျော်ဝင်ခဲ့ကြဖူးသလို ဒါတွေကိုလည်း လက်လွတ်ဆုံးရှုံးခဲ့ရဖူးမှာပါ။ ကိုယ်မက မလိုချင်ပါဘဲနဲ့ အမှတ်တံဆိပ်တွေ ကပ်နှိပ်ခံခဲ့ရသလို၊ ကိုယ်ကလိုချင်ပါ ရဲ့နဲ့ ငေးမောကြည့်ရင်းတမ်းတခဲ့ရတဲ့ အမှတ်တံဆိပ်တွေလည်း ရှိခဲ့ဖူးမှာပါ။

ဒါတွေဟာ လူ့အသိုင်းအ၀ိုင်း လူ့လောကကြီးထဲမှာ နေရင်တော့ မလွှဲမသွေရင်ဆိုင်ကြရမယ့် တရားတွေမို အရာရာကို ဖြစ်လြေ့ဖစ်ထရှိတဲ့ သဘောတရားတွေပါပဲလားလို့ အမြဲမပြတ်ဆင်ခြင်စဉ်းစားနေဖို့တော့ လိုအပ်ပါ လိမ့်မယ်။ လောကဓံကြီးနဲ့ ကြုံလာရင် တို့လူငယ်တွေ အကြောက်တရားကင်းကင်းနဲ့ ရင်ဆိုင်ရဲတဲ့သတ္တိတွေ၊ လူ့လောကကြီးနဲ့ လူ့အသိုင်းအ၀ိုင်းရဲ့ ထိုးနှက်ချက်တွေကို လက်မြောက်အရှုံးမပေးဘဲ ရဲရဲဝံ့ဝံ့ရင်ဆိုင်ရဲတဲ့ အသိတရားကို ဘာသာတရားကပဲ ပေးစွမ်းနိုင်ပါလိမ့်မယ်။

လောကကြီးကို လက်မြောက်အရှုံးပေးလိုတဲ့ လောကဓံကိုရှောင်ပြေးလိုတဲ့ စိတ်ဓာတ်နဲ့ အပြူအမှုကို တို့ဗုဒ္ဓဘာသာနဲ့ တို့ယဉ်ကျေးမှုဓလေ့ကတော့ အားပေးလေ့မရှိဘူးကွယ့်။ တို့နိုင်ငံမှာတော့ ဒီလိုအဖြစ်မျိုးတွေ ရှာမှ ရှားပေလိမ့်မယ်။ ဒါပေမယ့် ရှိတော့ရှိနိုင်တာမို့ မျက်စိဖွင့်ထားဖို့တော့ လိုပေလိမ့်မယ်။

ညီမရေ . ..
တကယ်တော့လည်း တချို့တလေရဲ့ ဘ၀တွေမှာ အောင်မြင်မှုကြီးကြီးမားမားရလာဖို့အတွက် ကိုယ်ကျင့်တရားတွေကို ကြီးကြီးမားမားကြီး စတေးခံရတာမို့ အောင်မြင်မှုကကြီးလာလေလေ အတိတ်က အရိပ်တစ္ဆေ ခြောက်လှန့်မှုဒဏ်ကို ကြီးကြီးမားမားကြီးကို ခံစားရလေလေပါ။ ဒါကြောင့်လည်း လောကကြီးကို လက်မြောက်အရှုံးပေးသွားရတာပါလို့ ကိုရီးယားရုပ်သံသရုပ်ဆောင်မလေးတစ်ယောက်နဲ့ ပတ်သက်ပြီး ကိုရီးယား ရုပ်သံမီဒီယာတစ်ခုက ဖွင့်ချလိုက်ပြန်တယ်ကွယ့်။ ဒါဟာ အရှက်နဲ့သိက္ခာအတွက် အကောင်းဆုံးပြယုဂ်ပါလို့လည်း ရှေ့နေလိုက်သူတွေလည်း ရှိခဲ့ပြန်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ဟာ လူ့အသိုင်းအ၀ိုင်းကြီးကနေတော့ဖြင့် ထွက်ခွာသွားကြပါပြီ ညီမရေ။
ညီမရေ . . .
ဒီလောက်ဆိုရင် ကြွေလွင့်သွားကြရှာပြီဖြစ်တဲ့ ကိုရီးယားလူငယ်သရုပ်ဆောင်ကလေးတွေနဲ့ ပတ်သက်ပြီး အသိတရားရရစရာ၊ သင်ခန်းစာယူစရာလေးတွေ တော်တော်များများ တွေ့ခဲ့ဖတ်ခဲ့ရပြီးဖြစ်မှာပါ။ လူ့ဘ၀သက်တမ်းတစ်လျှောက်မှာ လောကဓံတရားဆိုတာဟာ မကြုံချင်လည်း ကြုံရမှာဖြစ်သလို မဆုံချင်လည်းဘဲ ဆုံကြရဦးမှာပါ။ အတိတ်က အရိပ်တစ္ဆေခြောက်လှန့်မှုဒဏ်ကို ခံစားနေရတဲ့သူတွေရော၊ ရှုံးနိမ့်မှုဒဏ်ရာတွေကို ပစ္စုန်ပ္ပန်မှာ ခံစား နေရသူတွေရော၊ လမ်းလျှောက်ရင်း လမ်းပျောက်နေကြသူတွေရော မလိုချင်ပါဘဲနဲ့ အခြေအနေဆိုးတစ်ရပ်ကို လက်ခံလိုက်ရလို့ ကံကြမ္မာကို ရိုးမယ်ဖွဲ့ကြသူတွေအတွက်ပါ လောကဓံကြီးကို တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်နိုင်ဖို့ တွေ့ဆုံကြုံကွဲ လောကဓံတရားကြီးကို မတုန်မလှုပ်ရင်ဆိုင်နိုင်ဖို့ဆိုတာဟာ ဘာသာတရားကသာ ဖြည့်စွမ်းပေးနိုင်မှာပါ ညီမရေ။

ညီမရေ …
ပြန်မရနိုင်တော့တဲ့ အတိတ်ဆိုတာကို မတမ်းတတ်ဖို့၊ ဖြစ်မလာသေးတဲ့အနာဂတ်ကို စိတ်ကူးမယဉ်ဖို့နဲ့ ပစ္စုပ္ပာန်မှာ ကျေနပ်နေပျော်အောင် ကျင့်ကြံရမယ်ဆိုတာ ဗုဒ္ဓရဲ့အဘိဓမ္မာတွေထဲက အဘိဓမ္မာတစ်ခုပါ။ ကိုယ်ပြုခဲ့တဲ့ ကုသိုလ်ကောင်းမှုတွေနဲ့ မကောင်းမှုအကုသိုလ်တွေဟာ ကိုယ်နောက်ကို အရိပ်လို အစဉ်အမြဲလိုက် နေတတ်တာမို့ သင့်တင်မျှတဲ့ နှလုံးသွင်းတတ်ဖို့က သာလို့ အရေးကြီးပါတယ်။ ယောနိသောမနာသိကာရ လို့ ဗုဒ္ဓဘာသာဝင်တွေ ပီပီ ကံ ကံရဲ့အကျိုးကို ယုံကြည်သူတွေပီပီ နှလုံးသွင်းမှန်ကန်ဖို့လည်း လိုအပ်လှပေတာပေါ့။ ကုသိုလ်တရားရဲ့ နောက်ကို ကုသိုလ်တရားကလိုက်ပြီး အကျိုးပေးနေတတ်သလို ပြုခဲ့ဖူးတဲ့ အကုသိုလ်တရားဟာ လည်း အစဉ်အမြဲလိုက်တတ်တာမို့ ကြမ္မာဆိုးနဲ့ တိုးရလေတယ်လို့ ယိုးမယ်ဖွဲ့ကြပြန်ပါရော။ ဒီလို သဘောတရား ကို ထိုးထွင်းသိနိုင်ပြီဆိုရင် လောကကြီးထဲမှာ ကျေနပ်နေပျော်သွားမှာပါ။

ညီမရေ . .
ဒီစာလေး ဖတ်လိုက်ရလို့ လောကဓံကြီးကို ရင်ဆိုင်ရဲသွားပြီဆိုတဲ့ မှတ်ချက်ကလေး၊ လောကဓံတရားကို အရှိတရားကို လက်ရှိအနေအထားတွေကို သုံးသပ်နိုင်တဲ့စိတ် လက်ခံလိုတဲ့စိတ်ကလေး ရင်ထဲမှာ ပေါ်လာပြီ ဆိုရင်တော့ ကျေနပ်ပျော်ရွှင်နေပါ။
ညီမနဲ့တကွ ညီ ညီမအားလုံး ပကတိတရား အရှိတရားကို လက်ခံနို်င်တဲ့ လူငယ်တွေဖြစ်ပါစေ။
ညီမနဲ့တကွ ညီ ညီမအားလုံး ကျေနပ်နေပျော်တဲ့ဘ၀ကို ပိုင်ဆိုင်ကြတဲ့ လူငယ်တွေဖြစ်ပါစေ။
ရောထွေးနေတဲ့ အရာတွေ ကြားထဲမှ ကျေနပ်နေပျော်တဲ့ ဘ၀ ကိုတည်ဆောက်နိုင်မယ့် အရာတွေကို ရွေးထုတ်ယူ နိုင်ကြပါစေ ...

အစ်ကို
အောင်စည်ဟိန်း
အောင်စည်ဟိန်း
4 comments:
အောင်စည်ဟိန်းရေ... မင်းနဲ့  ကို အပျောက်ချင်း ပြိုင်နေကြသလိုပဲနော်... ခုလို မင်းစာတွေပြန်တွေ့ ရတာ ဝမ်းသာပါတယ်.. ပြီးတော့ လူငယ်တွေအတွက် အကျိုးရှိတဲ့ post ကောင်းတစ်ခုမို့ လို့ လည်း ကျေးဇူးလည်းတင်.. ဖတ်ရတာလည်း အားပါးတရ ရှိလှပါတယ်.. မြန်မာ လူငယ်တွေ တစ်ဘက်က ဖွံ့ ဖြိုးတိုးတက်အောင် Smart ဖြစ်လာကြဖို့  လိုသလို တစ်ဘက်က လောကဓံကို ခံနိုင်ရည်ရှိကြဖို့ လည်း Mature ဖြစ်လာကြဖို့ လိုအပ်ပါတယ်... မင်းရဲ့ စာတွေကို ဆက်လက်စောင့်မျှော်လျက်..
လွင်မင်းခန့် 
ပြောပြန်ရင် ကိုယ့်လူကိုယ်မို့ ချီးကျူးတယ်ပြောခံရဥိးမယ်
တကယ်တော်
တကယ်ကောင်းတဲ့
စာတစ်ပုဒ်ကို မချီးကျူးဘဲမနေနိုင်ဘူးဗျို့
အစ်ကိုအောင်စည်ဟိန်း ဒီလိုမျိုးစာတွေ ဒီထက်ကောင်းတာတွေ အများကြီးရေးနိုင်ပါစေ
ကိုအောင်စည်ဟိန်းရေ....
ဘာမှ မပြောတတ်လို့  ဘာမှမပြောတော့ပါဘူး။ သေချာတာ တစ်ခုကတော့ လောကဓံကြီးကို ရင်ဆိုင်ရဲသွားပြီ၊ လောကဓံတရားကို အရှိတရားကို လက်ရှိအနေအထားတွေကို သုံးသပ်နိုင်တဲ့စိတ် လက်ခံလိုတဲ့စိတ်ကလေး ရင်ထဲမှာ ပေါ်လာပြီ ဆိုတာပါပဲ။ ဒီလိုပိုစ့်လေးတွေအတွက် ကျေးဇူးတင် လေးစားမိပါတယ်ဗျာ...
ပေးတဲ့ဆုလေးနဲ့လဲ လူငယ်တိုင်း ပြည့်စုံနိုင်ပါစေဗျာနော်။
စိတ်ဓာတ်ကျနေချိန်မှာ အခုလို စာဖတ်ခွင့်ရတာ ကျေးဇူးပါ...
Post a Comment