Monday, September 7, 2009

ပျက်သုဉ်းခြင်းရဲ့လမ်းစများ

ရုံးမှာ စာရွက်စာတမ်းအချို့ကို မိတ္တူကူးတော့ တချို့စာရွက်လေးတွေက နည်းနည်းညစ်နေတာနဲ့ မူရင်းစာရွက်ကို ပြန်ကြည့်လိုက်တော့ နည်းနည်းလေး ညစ်ပတ်နေတာကို တွေ့လိုက်ရတယ်။ မူရင်းစာရွက်ကိုက မကောင်းတော့ ကူးတဲ့ စာရွက်ကလည်း မကောင်းတော့ဘူး။ အဲဒီမှာ ကျွန်တော့်အတွက် နည်းနည်းအခက်တွေ့သွားတယ်။ ဒီမိတ္တူစာရွက်စာတမ်းတွေကို ကျွန်တော့်အထက်လူကြီးဆီကို တင်ပေးရမှာ။ ဒါပေမယ့် မူရင်းစာရွက်ကိုက မကောင်းတော့ ကျွန်တော်လည်း ဘာမှမတတ်နိုင်ဘူး။ လူကြီးမေးရင်တော့ မူရင်းစာရွက် မကောင်းလို့ပါလို့ပဲ ဖြေရတော့မှာပဲလေ။ မြန်မာနိုင်ငံမှာတုန်းက မိတ္တူဆိုင်လေးတွေမှာ ကပ်ထားတဲ့ စာတမ်းလေးတစ်ခုကို သွားသတိရမိလိုက်တယ်။ ``မူရင်းကောင်းမှ မိတ္တူကောင်းမည်´´ တဲ့။
မိတ္တူကူးခြင်း (ကော်ပီကူးခြင်း)ဟာ စာရွက်စာတမ်းတွေမှာတင် ရှိတာမဟုတ်ဘဲ လူမှုရေး၊ စီးပွားရေး၊ ပညာရပ်နယ်ပယ်တွေမှာပါ ရှိနိုင်ပါလားဆိုတာကိုပါ အတွေးနယ်ချဲ့မိတယ်။ ဂီတလောကမှာ မကြာခဏ မြင်တွေ့နေရ၊ ကြားနေရတဲ့ အကြောင်းတစ်ခုကလည်း ကော်ပီကူးခြင်းကိစ္စပါပဲ။ Own Tune နဲ့ Copy ဆိုတာကို အနုပညာလောကမှာရော၊ စီးပွားရေးလောကမှာပါ အတော်များများ ဆွေးနွေးငြင်းခုန်တတ်ကြတယ်။ Own Tune ကို တန်ဖိုးထားတတ်ကြသလို Copy ဘက်ကနေလည်း ခုခံကာကွယ်ပြောဆိုတတ်ကြသူတွေလည်း ရှိတတ်ကြပါတယ်။ ကျွန်တော့်အတွက်ကတော့ ကိုယ်ပိုင်မူဟန် (Own Tune) အတွက်ရော ဆင့်ပွားကူးယူးခြင်း (Copy) အပေါ်မှာ ဘာမှ ဝေဖန်စရာ မရှိပေမယ့် စဉ်းစားစရာတွေကတော့ အများကြီး ရှိလာပါတယ်။ ဆင့်ပွားကူးယူးခြင်း (Copy) ဟာ နယ်ပယ်အတော်များများမှာ နက်နက်ရှိုင်းရှိုင်း ထိုးဖောက်ဝင်ရောက်နေတာမို့ သူ့အပေါ် အတော့်လေးကို သတိထားစရာ ဖြစ်လာပါတယ်။ ကိုယ်ပိုင်ဟန်တစ်ခု ဖန်တီးရတာ ခက်သလောက် ကော်ပီဟာ လွယ်ကူတယ်ဆိုပေမယ့် သူ့အတိုင်း ပြန်ကူးချမယ်ဆိုရင် တစ်ခါတရံမှာ လွဲမှားမှုလေးတွေ ဖြစ်လာတတ်ပါတယ်။ ဂီတလောက၊ ဗွီဒီယို လောက၊ ရုပ်ရှင်လောကမှာရော ကိုယ်ပိုဖန်တီးမှုနဲ့ ပုံတူကူးယူခြင်းဟာ အမြဲတမ်း တွေ့နေရတတ်ပါတယ်။ ဒါဟာ မြန်မာနိုင်ငံတစ်ခုထဲတင်မဟုတ်ဘဲ နိုင်ငံတကာမှာပါ ဖြစ်ပျက်နေတဲ့ကိစ္စတစ်ခုပါပဲ။
Copy ကူးယူးခြင်းနဲ့အတူ သူနဲ့အတူ တွဲပါလာတာကတော့ လွှမ်းမိုးခြင်းဆိုတာပဲ။ ဘယ်လိုမျိုး လွှမ်းမိုးခြင်းလဲ။ သိသာထင်ရှားတဲ့ အကြောင်းတစ်ခုကို ပြပါဆိုရင် ကိုရီးယား အနုပညာဟာ အာရှတိုက် နိုင်ငံအတော်များများကို ထိုးဖောက်ဝင်ရောက်လာပြီး ကိုရီးယားယဉ်ကျေးမှုဟာလည်း အဲဒီနိုင်ငံအတော်များများက လူများစွာဆီကိုပါ ကူးစက်စေခဲ့ပါတယ်။ ကိုရီးယားအနုပညာရှင်များဟာ သူတို့ရဲ့ အစွမ်းအစနဲ့ အာရှနိုင်ငံအတော်များများက သူတို့ရဲ့ ကိုရီးယားယဉ်ကျေးမှုကို လက်ခံလာအောင် ကြိုးစားနိုင်ခဲ့ကြပါတယ်။ ဒါဟာ သူတို့ကို ချီးမွမ်းသင့်တဲ့ကိစ္စတစ်ခုပါပဲ။ မီဒီယာများကတောင် ``ကိုရီးယားယဉ်ကျေးမှု လွှမ်းမိုးခြင်းနဲ့အတူ မိမိတို့ရဲ့ ရိုးရာယဉ်ကျေးမှုပါ ပျောက်ကွယ်သွား နိုင်လောက်တယ်´´ လို့ သတိပေးရလောက်အထိ ဖြစ်ခဲ့တာပါ။ ဒါပေမယ့်လည်း တစ်ခုတော့ ဖြေသာသေးပါတယ်။ ကိုရီးယားနိုင်ငံကလည်း အာရှတိုက်ထဲမှာပဲ ရှိနေသေးတာကိုး။ ကျွန်တော်က ယဉ်ကျေးမှုကို ခွဲခြားရာမှာ အရှေ့ကမ္ဘာခြမ်း (အာရှတိုက်) နဲ့ အနောက်ကမ္ဘာခြမ်း (ဥရောပ၊ အမေရိက) ဆိုပြီး ခွဲခြားထားပါတယ်။ အာရှုတိုက်သား အတော်များများဟာ သာမန်အားဖြင့် ယဉ်ကျေးမှုခြင်း တူညီတတ်ကြပါတယ်။ မိမိကိုယ်ကို တန်ဖိုးထားခြင်း၊ မိသားစုအပေါ် တန်ဖိုးထားခြင်း၊ သူငယ်ချင်းမိတ်ဆွေအပေါ် တန်ဖိုးထားခြင်း၊ ပတ်ဝန်းကျင်အပေါ် ဂရုစိုက်ခြင်းဆိုတာတွေဟာ အာရှတိုက်သားအတော်များများအတွက် အခြေခံစံနှုန်းအားဖြင့် အတူတူပါပဲ။ ဒါပေမယ့်လည်း ဒီမှာ ပြောစရာတစ်ခု ရှိလာပါတယ်။ မိမိတို့လူမျိုးရဲ့ ကိုယ်ပိုင်ယဉ်ကျေးမှုအပေါ် တန်ဖိုးမထားဘဲ တခြားနိုင်ငံ ဒါမှမဟုတ် အနောက်နိုင်ငံများရဲ့ ယဉ်ကျေးမှုအပေါ် အထင်ကြီးခြင်းကြောင့် ကိုယ့်လူမျိုးရဲ့ ယဉ်ကျေးမှုဟာ ပျောက်ကွယ်သွား တတ်ပါတယ်။ ဥပမာအားဖြင့် ထိုင်းနိုင်ငံဟာ အနောက်နိုင်ငံများရဲ့ ယဉ်ကျေးမှု လွှမ်းမိုးခြင်း ခံရခြင်းကြောင့် သူတို့ရဲ့ ကိုယ်ပိုင်ယဉ်ကျေးမှုဟာ ပျောက်ကွယ်လုနီးပါး ဖြစ်ခဲ့ပါတယ်။
ကမ္ဘာ့နိုင်ငံတော်တော်များများဟာ ၂၀ ရာစုနှောင်းပိုင်းမှာ များစွာပြောင်းလဲတိုးတက်ခဲ့ပါတယ်။ နည်းပညာပိုင်းမှာရော၊ စက်မှုပိုင်းဆိုင်ရာမှာပါ အလွန်မြန်ဆန်စွာနဲ့ ပြောင်းလဲတိုးတက်နေတာ အားလုံးမြင်တွေ့နိုင်ပါတယ်။ နည်းပညာ တိုးတက်လာခြင်းကြောင့် Globalization လို့ ခေါ်နေကြတဲ့ ကမ္ဘာရွာကြီးတစ်ခု ဖြစ်ပေါ်လာပါတယ်။ တင်စားခေါ်ဝေါ်ကြတဲ့အတိုင်း အလွန်ကျယ်ပြောလှပါတဲ့ဆိုတဲ့ ကမ္ဘာကြီးဟာ ရွာလေးတစ်ရွာလောက်ကို သေးငယ်သွားပါတယ်။ ဒါဟာ နည်းပညာတိုးတက်ခြင်းရဲ့ အကျိုးကျေးဇူးပါပဲ။ ဒီအကျိုးကျေးဇူးဟာ လူများစွာအတွက် ကောင်းကျိုးတော်တော်များများကို ရရှိခံစားစေခဲ့ရပါတယ်။ ဒါပေမယ့်လည်း တိုးတက်ခြင်းရဲ့ နောက်ကွယ်မှာ ဆုတ်ယုတ်ခြင်းဆိုတဲ့ စကားလိုပဲ ဆုတ်ယုတ်မှုတွေဟာလည်း ဖြစ်ပေါ်လာပါတယ်။ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး၊ နည်းပညာပိုင်းမှာ များစွာ တိုးတက်လာခဲ့ပေမယ့် ဖွံ့ဖြိုးဆဲ နိုင်ငံအတော်များများအတွက် ယဉ်ကျေးမှု ဆုတ်ယုတ်မှု တဖြည်းဖြည်း ဖြစ်ပေါ် လာပါတယ်။ လူမျိုးတစ်မျိုးရဲ့ ယဉ်ကျေးမှုဟာ ကျန်းမာရေးမကောင်းတဲ့ လူနာတစ်ယောက်လိုပါပဲ။ ကိုယ်ခန္ဓာအားနည်းပြီး ခုခံနိုင်စွမ်း နည်းတဲ့လူတစ်ယောက်အတွက် ပြင်ပက ရောဂါပေါင်းစုံဟာ သူ့ဆီကို အလွယ်တကူ ၀င်ရောက်လာနိုင်သလို မိမိတို့ရဲ့ အမျိုးသားယဉ်ကျေးမှုကို ခိုင်မာအောင် မတည်ဆောက်ဘူး၊ ဒါမှမဟုတ် ကိုယ့်လူမျိုး ယဉ်ကျေးမှုကို တိုးတက်သထက် တိုးတက်အောင် မကြိုးစားဘူးဆိုရင် ပြင်ပယဉ်ကျေးမှုဟာ တဖြည်းဖြည်းနဲ့ ကိုယ့်လူမျိုးယဉ်ကျေးမှုထဲ စိမ့်ဝင်ပြီး ၀ါးမျိုသွားနိုင်ပါတယ်။ ဆရာကြီး ရွှေဒုံးဘီအောင်ရဲ့ ``အမျိုးပျောက်မှာ စိုးကြောက်စရာ´´ ဆိုတဲ့ စာအုပ်ခေါင်းစဉ်လိုပါပဲ။ ယဉ်ကျေးမှုပပျောက်ခဲ့မယ်ဆိုရင် ဘာသာရေးနဲ့ လူမျိုးပါ ပျောက်ကွယ် သွားနိုင်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကိုပါ ဖြစ်ပေါ်လာစေနိုင်ပါတယ်။
နိုင်ငံအတော်များများဟာ ယဉ်ကျေးမှုသာမကဘဲ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး၊ အနုပညာ စတာတွေဟာ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ကူးလူးဆက်ဆံနေကြရပါတယ်။ အဲဒီလို ကူးလူးဆက်ဆံနေကြရပေမယ့် မတူညီကြတဲ့ အကြောင်းအရာ အတော်များများကို ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးနဲ့ ယှဉ်ပြီး ချိန်ညှိယူရတဲ့ သဘောသဘာဝ ရှိရပါတယ်။ အဲဒီလိုမဟုတ်ဘဲ တိုက်ရိုက်ကူးယူမယ်ဆိုရင် နောက်ဆက်တွဲကလည်း ကောင်းမှာမဟုတ်ပါဘူး။ ဆိုးကျိုးများစွာသာ ပေါ်ပေါက်လာစေ နိုင်တဲ့ အကြောင်းခြင်းရာတစ်ခုကို ဖြစ်ပေါ်လာမှာပါ။ မြန်မာလူမျိုးများမှာ မြန်မာ့ယဉ်ကျေးမှုဆိုတာ ရှိသလို၊ အမေရိက၊ အင်္ဂလန်၊ တရုတ်၊ ကိုရီးယား အစရှိတဲ့ နိုင်ငံတွေမှာလည်း သူတို့ယဉ်ကျေးမှုနဲ့ သူတို့ ရှိကြတာပါပဲ။ အမေရိကရဲ့ ယဉ်ကျေးမှုဟာ အမေရိကနိုင်ငံများရဲ့ ယဉ်ကျေးမှုနဲ့ပဲ ကိုက်ညီမှုရှိနိုင်သလို၊ အင်္ဂလန်ရဲ့ ယဉ်ကျေးမှုဟာလည်း အင်္ဂလန်နိုင်ငံမှာရှိတဲ့ ပြည်သူများနဲ့ပဲ ကိုက်ညီမှာပါ။ တရုတ်လူမျိုးများက အင်္ဂလန်နဲ့ အမေရိကရဲ့ ယဉ်ကျေးမှုကို ဆင့်ပွားဖန်တီးမှုမပါဘဲ တိုက်ရိုက်ကူးချမယ်ဆိုရင် တရုတ်လူမျိုးယဉ်ကျေးမှုအနေနဲ့ ဘယ်လိုမှ လက်ခံနိုင်စရာ မရှိပါဘူး။ ထိုနည်းတူပါပဲ။ မြန်မာလူမျိုးကလည်း ကိုယ့်ယဉ်ကျေးမှုကို တန်ဖိုးမထားဘဲ တိုင်းတစ်ပါးယဉ်ကျေးမှုကို တိုက်ရိုက်ကူးချခဲ့မယ်ဆိုရင် တော်တော့်ကို အရုပ်ဆိုးအကျည်းတန်သွားစေမှာပါ။ မြန်မာလူမျိုးများဟာ ယဉ်ကျေးဖွယ်ရာရှိတယ်၊ နှစ်လိုဖွယ်ရာ ရှိတယ်၊ စိတ်သဘောထား ဖြူစင်တယ်လို့ အနောက်နိုင်ငံက လူများက အခုချိန်မှာ ချီးမွမ်းပြောဆိုနေ ကြပေမယ့် နောက်တစ်ချိန်မှာ အဲဒီလိုမျိုး ဆက်ပြောနိုင်ကြပါ့မလားလို့ တွေးဆစဉ်းစားစရာတွေ များစွာရှိလာပါတယ်။
တောင်ကိုရီးယားနိုင်ငံဟာ သူတို့ရဲ့ ယဉ်ကျေးမှုကို ခေတ်နဲ့အညီ အများလက်ခံနိုင်အောင် ပြောင်းလဲဖန်တီးနိုင်ခဲ့ပါတယ်။ Update လုပ်နိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း အများက ကိုရီးယားယဉ်ကျေးမှုဆိုပြီး နာမည်တပ်ပေးခဲ့ကြတာပါ။ ဒါဟာ ယခုလက်ရှိခေတ် တောင်ကိုရီးယား လူကြီး လူငယ်တော်တော်များများက ကြိုးစားခဲ့တာပါ။ တောင်ကိုရီးယားနိုင်ငံ တိုးတက်လာတာ နှစ်ပေါင်း ၂၀ ကျော်ပဲ ကြာပါသေးတယ်။ ၁၉၈၅ ခုနှစ်မှ နိုင်ငံပြောင်းလဲတိုးတက်မှုကို စတင်ခဲ့ရတာပါ။ နှစ်အနည်းငယ်အတွင်းမှာ သူတို့ရဲ့ ယဉ်ကျေးမှုအဟောင်းကို အသစ်တွေနဲ့ ထပ်ပေါင်းထည့်ပြီး တိုးတက်အောင် ကြိုးစားခဲ့တာပါ။ ကျွန်တော်တို့နိုင်ငံလည်း ဒီလိုကြိုးစားဖို့ အခွင့်အရေး အများကြီး ရှိပါသေးတယ်။ ဒါဟာ လူတစ်ဦးတစ်ယောက်ချင်း လုပ်လို့ မရနိုင်ပေမယ့် လူအများစုကနေ စပြီး လုပ်ဆောင်ခဲ့မယ်ဆိုရင် အချိန်မီပါသေးတယ်။ ဒီမှာ မီဒီယာများရဲ့ အခန်းကဏ္ဍကလည်း များစွာအရေးပါပါတယ်။ မီဒီယာဆိုတာရာမှာ စာနယ်ဇင်းလောက၊ အနုပညာလောက အားလုံးပါဝင်ပါတယ်။ အခုနောက်ပိုင်းဆို ဘလော့ဂ်တွေကနေတစ်ဆင့် ကိုယ့်လူမျိုးအတွက် ပေးဆပ်နေကြသူတွေ အများကြီး ရှိလာပါပြီ။ ပိုပြီးကျယ်ပြန့်လာပါပြီ။ ကျွန်တော်တို့လူမျိုးရဲ့ ယဉ်ကျေးမှုကိုလည်း ကောင်းမွန်တဲ့ အသစ်တွေ ထပ်ပေါင်းပြီး လူအများ လက်ခံနိုင်တဲ့အဆင့်ရောက်အောင် ကြိုးစားသွားသင့်ပါတယ်။ အဲဒီလိုမှ မကြိုးစားဘဲ ပုံတူကူးချတာကိုပဲ လက်ခံနှစ်ခြိုက်နေမယ်ဆိုရင် ကျွန်တော်တို့ရဲ့ ယဉ်ကျေးမှုဟာ တစ်ချိန်မှာ ပျောက်ကွယ်ကောင်း ပျောက်ကွယ်သွားနိုင်ပါတယ်။
 
လေးစားစွာဖြင့်
 
ဇေယျာဦး

--

2 comments:

Angel Shaper said...

ကျွန်တော်တို့လူမျိုးရဲ့ ယဉ်ကျေးမှုကိုလည်း ကောင်းမွန်တဲ့ အသစ်တွေ ထပ်ပေါင်းပြီး လူအများ လက်ခံနိုင်တဲ့အဆင့်ရောက်အောင် ကြိုးစားသွားသင့်ပါတယ်။ အဲဒီလိုမှ မကြိုးစားဘဲ ပုံတူကူးချတာကိုပဲ လက်ခံနှစ်ခြိုက်နေမယ်ဆိုရင် ကျွန်တော်တို့ရဲ့ ယဉ်ကျေးမှုဟာ တစ်ချိန်မှာ ပျောက်ကွယ်ကောင်း ပျောက်ကွယ်သွားနိုင်ပါတယ်။
သိပ်မှန်တဲ့စကားပါပဲ။
သိပ်ကောင်းတဲ့ပိုစ့်လေးပါ။ ကိုဇေယျာဦးကို ကျေးဇူးတင်လေးစားပါတယ်။ ဘာမှ မပြောတတ်လို့ ဘာမှ မပြောတော့ပါဘူး။ တစ်ခုခုလုပ်နိုင်ဖို့  ကြိုးစားချင်တယ်။ အတွေးတစ်ချို့ နဲ့ပြန်ပါပြီ။ ကျေးဇူးပါ။

နေစိုးနိုင် said...

မူရင်းကောင်းမှမိတ္တူကောင်းမည်တဲ့
မှန်လိုက်တာ
ကျွန်တော့်ကိုယ်တွေ့ဆိုတော့ နည်းနည်းထပ်ဖြည့်ပေးချင်တယ်

မူရင်းကောင်းမှမိတ္တူကောင်းမည်

သိချင်လျှင်မီးလာအောင်စောင့်
မစောင့်နိုင် မီးစက်မောင်း

ဟူသတတ်