ကျွန်တော်တို့ NCC7 ကမောင်နှမတွေက ကျောင်းတက်တုန်းကတည်းက မုန့်ဖိုးလေးတွေစုပြီး မိဘမဲ့ကလေးကျောင်းကလေးတွေမှာ သွားသွားပြီး အလှူလုပ်တယ်။ မန္တလေးမှာပါပဲ အဲလိုအလှူလုပ်ရင်တော့ ကျွန်တော် တို့ က ဗုဒ္ဓဘာသာ ရယ် ၊ ခရစ်ယာန် ရယ် ဆိုပြီးတော့ ခွဲပြီးမလှူပါဘူး။ ကျွန်တော်တို့ ထဲမှာ က ဗုဒ္ဓဘာသာဝင်ရော ၊ ခရစ်ယာန် ဘာသာဝင်ရော ပါနေတာကိုး ။ ကျွန်တော် တို့ စိတ်ထဲမှာတော့ ဘာသာရေးဆိုတာထက် ဒီမိဘမဲ့ ကလေးတွေ အပေါ်မှာ ကိုယ်တတ်နိုင်သလောက် လုပ်ပေးလိုက်တာပါပဲ။
ပထမဆုံးကျွန်တော်တို့ မန္တလေးမြို့ လမ်း ၃၀ ကကျောင်းမှာ သွားလှူပါတယ်။ ဒုတိယ တကြိမ်ကတော့ လမ်း ၈၀ မှာ ရှိတဲ့ တိုင်းရင်းသားပေါင်းစုံ ခရစ်ယာန်ကျောင်းပါ၊ တတိယ အကြိမ်ကို ကျွန်တော်တို့ လမ်း၃၀ မှာ ပဲသွားလှူဖြစ်လိုက်ပါတယ်။ ဒီတကြိမ်မှာ ကျွန်တော်တို့ အလှူတင်မကဘဲ မိဘမဲ့ ကလေးတွေနဲ့ အတူ ကစားခြင်း ၊ ကံစမ်းမဲများ ဖောက်ပေးခြင်း စသည်တို့ကိုပြုလုပ်ခဲ့ကြပါတယ်။ ကလေးတွေပျော်သလို ကျွန်တော်တို့လည်းပျော်ပါတယ်။
နောက်ကျွန်တော်တို့ နို့စို့အရွယ်ကလေးတွေထားတဲ့ကျောင်းဖက် ကိုသွားလှူပါတယ်။ ပထမ တစ်ခေါက် ကလည်းရောက်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ကျွန်တော်တို့လည်း ကြည်နူးမိပါတယ်။ ကြည်နူးတယ်ဆိုတာထက်ဗျာ ဒီကလေးလေးတွေက ကျွန်တော်တို့ ကိုမြင်ရင် ထိုင်ကန်တော့တာဗျ။ ခံစားလို့မရဘူး။ ပြောဖို့တော့ ခက်တယ် ။ ရင်ထဲတော့နင့်ခနဲနေသွားတာပဲ။ ကျွန်တော်တို့ ကလေးတွေအတွက် နို့ဗူးဖိုးလှူဖို့လုပ်ပါတယ်။ အဲဒီမှာ အဲဒီကျောင်းက ကျောင်းအုပ်ကြီးက အစည်းဝေးသွားနေရလို့တဲ့ တာဝန်ခံဆရာမ ပဲရှိတယ် ။ ကျွန်တော်တို့ ကို အလှူငွေဖြတ်ပိုင်း မပေးတော့ဘူးတဲ့ ။ ကျွန်တော်က ဒီ ဂုဏ်တွေ ပကာသန တွေကို မက်မောလို့ ပြောတာမဟုတ်ဘူး။ ဒါပေမယ့် အဲလိုပြောလာတဲ့ ဆရာမရဲ့ မျက်နှာကို ကျွန်တော်မကြိုက်ဘူး။ ဒါကြောင့် ကို မရရအောင်တောင်းတယ်။ ဖြတ်ပိုင်းကို ။ ဖြတ်ပိုင်းရေးပေးပါတယ် ။ အဲမှားရေးလိုက်မိလို့တဲ့ ငွေ ၂ သောင်းကွာနေတယ်။ အင်းရပါတယ်ပေါ့ .. လုပ်စမ်းပါ ..ပေါ့ဗျာ .. သိတယ်မို့လား . . ကျွန်တော်က လည်း ရွဲ့တဲ့နေရာမှာ နှစ်ယောက်ရှိတာမှမဟုတ်တာ ။
ကျွန်တော် သိနေတယ် ဒီဆရာမ ကြားကားဆွဲပြီ ဆိုတာကို ။ ဒါကို အရမ်းဒေါသဖြစ်နေတယ် ။ ပိုက်ဆံထက် ဒီကလေးတွေအပေါ်မှာလုပ်ရက်တဲ့ သူ့ရဲ့စိတ်ဓာတ်ကို ရွံနေတာ ။ ဘယ်နေ့ကျောင်းအုပ်ကြီးပြန်ရောက်မလဲဆိုတော့ နောက် ၂ ရက်လောက်နေရင်ရောက်မှာပါတဲ့ ။ ကျွန်တော့်အကြံက ကျောင်းအုပ်ကြီးလာရင် လက်မှတ်ပြပြီး အဲဒီငွေ amount ကိုပြန်စစ်မလို့ပါ။ စိတ်ထဲမှာ ငြိုးထားတာပေါ့။ နောက် ၂ ရက်လောက်နေတော့ ကျွန်တော်လည်း စိတ်ကသိပ်မပူတော့ပါဘူး။ ကျောင်းကိုလည်း ပြန်မသွားဖြစ်တော့ပါဘူး။ ဒါပေမယ့် နောက်တစ်ခါ ဒီကျောင်းကိုတော့ လှူချင်တော့ဘူး။ ဒါစိတ်ရင်းရှိတဲ့ အတိုင်းပြောတာပါ။ ကုသိုလ်ဆိုတာ ရချင်မှလည်း ရပါလိမ့်မယ်။ ကျွန်တော်လုပ်နိုင်သလောက် လုပ်ပေးချင်တာက မိဘမဲ့ကလေးတွေကိုပါ။
အခု နောက်တခါ လှူဖြစ်တာကတော့ ခရစ်ယာန်ကျောင်းကလေးပါ မန္တလေးရဲ့ တောင်ဖက် စဥ့်ကိုင် မရောက်ခင်လေးမှာ ဇော်ဂျီဆိုတဲ့ ကျေးရွာကလေးရှိပါတယ်။ အဲဒီမှာပါ။ ကျောင်းကိုရောက်သွားကြတော့ ကျောင်းက Sister တွေက ၀မ်းပန်းတသာကြိုဆိုကြပါတယ်။ ကလေးတွေကတော့ ကျွန်တော်တို့ ကို ကွက်ကြည့် ကွက်ကြည့်လုပ်နေကြပါတယ်။ ခဏနေတော့ သူတို့ ကို ကျွန်တော် ဓာတ်ပုံစရိုက်ပေးပါတယ်။ အစပိုင်းမှာ သူတို့ တွေရှက်နေပါသေးတယ်။ ဒါပေမယ့် တဖြည်းဖြည်း ရဲတင်းလာတယ်။ ကျွန်တော့်ကို ဓာတ်ပုံဆရာလို့ပဲထင်နေတယ် ။ အလှူရှင်ကို ကျွန်တော့် ညီမတွေကိုပဲ ထင်နေတာပဲ။ ကျွန်တော်ကျေနပ်ပါတယ်။
နောက်ပြီးသူတို့ချင်း လူခွဲကြပါတယ်။ ဟိုတယောက်က ငါ့ မမ ။ ဒီတယောက် က ငါ့မမ ဆိုပြီး ကျွန်တော့် ညီမတွေ မှာ သွားလေရာမှာ ကလေး တပြုံကြီးနဲ့ပေါ့ဗျာ။ လေပူဖောင်း သည် နားမှာ ကလေးတွေ ၀ိုင်းအုံနေတတ်သလိုမျိုး ။ ( ခွေးသားအုပ်မ ဆိုရင် သူတို့ကျွန်တော့်ကို သတ်မှာမို့ မပြောဘူးနော်) ဒါပေမယ့် ကျွန်တော်တို့ပျော်ပါတယ်။ ကလေးတွေလည်းပျော်ပါတယ်။
အဲဒီမှာ ကလေးလေးတွေရဲ့ဇာတ်လမ်းတွေကို ကြားရတာ .. သြော်.. ဆိုတဲ့ အသံသာ ကျွန်တော်တို့ ပါးစပ်တွေက ထွက်လာနိုင်ပါတော့တယ်။ ...
ကလေးတစ်ယောက် က မြစ်ကြီးနားဖက် က အမေက သေ .. အဖေ က အရက်သမား .. သားသမီးတွေကို သူတောင်းစား လုပ်စား ခိုင်း ထားလို့ ကလေးငယ်ဘ၀ မှခေါ်ထားရသူ
နောက်တစ်ယောက် က အိန္ဒိယသွေးပါသူလေး ... အဖေ မသိ ... အမေမရှိ
နောက်တစ်ယောက် က ကျောက်မဲက .. လူငယ်သဘာဝ အလိုက်လွဲခဲ့မိရာက ကိုယ်ဝန်ရှိ .. ဖျက်ချဖို့ကြိုးစား .. Sister တွေက တား ထားရတယ်... ကတိတခုတော့ ပေးရတယ် ။ ကလေးကို မွေးပဲမွေးပေးပါ။ သူတို့ပြုစုစောင့်ရှောက်ပါ့မယ် ဆိုတဲ့ ကတိကြောင့် လူဘ၀ရောက်လာရသူလေး .. ကျောက်မဲမှာ မွေး မွေးတဲ့ညမှာ ပဲ ဇော်ဂျီ အရောက် ကားနဲ့ လာခဲ့ရတဲ့ ကလေး။
Sister တို့နဲ့နေရတာပျော်တယ် ဆိုတဲ့ ကလေးတွေပါပဲ...
သူတို့လေးတွေ ကျွန်တော်တို့ကိုသီချင်းဆိုပြကြပါတယ်။ က လည်း က ပြကြပါသေးတယ် ။ သီးချင်းတွေ တစ်ပုဒ်ပြီးတစ်ပုဒ်ပါပဲ.. ဘုရားသီချင်းတွေရော ၊ ခေတ်သီချင်းတွေရောစုံလို့ပါပဲ။ ကျွန်တော် က သူတို့လေး တွေ မောနေလို့ နားကြပါ ဆိုတာတောင်မနားကြပါဘူး။ အဲဒီအချိန်မှာ ကျွန်တော် မစဉ်းစားမိတာလေးတခုကို ညီမ တစ်ယောက်က ပြောပါတယ်။ Monitor( ကျွန်တော့်ကိုခေါ်တဲ့နာမည် ) ကလေးတွေ ဆိုချင်ဆို ကချင် က ပါစေတဲ့ ကလေးဆိုတာ သူတို့ ဘယ်လောက်လုပ်တတ်တယ်ဆိုတာကို လုပ်ပြချင်နေကြတာတဲ့ ။ သူတို့မှာ ဒီလိုလုပ်ပြခွင့်ရဖို့ ဘယ်လောက်နေမှ တခါရမယ်လို့နင်ထင်လဲ .. တဲ့ .. လေးစားမိပါတယ် ညီမရယ်။
ကျွန်တော်တို့ညနေပိုင်းပြန်လာခဲ့တော့ လက်ကလေးတွေပြလို့နုတ်ဆက်နေကြပါတော့တယ် ။
ကျွန်တော်တို့ မှာ လည်း ကြည်နူးမှုကိုယ်စီနဲ့ပေါ့။ ဒါပေမယ့် ကျွန်တော် စိတ်ထဲမှာ မေးခွန်း ကြီးတစ်ခုက ပါလာတယ်။ ကျွန်တော်တို့ သွားခဲ့တဲ့ ခရစ်ယာန်ကျောင်းဟာ ဟိုးတချိန်က ဘုန်းကြီးကျောင်း ကြီးပါ။ တရားဟောရာခန်းမ ကတော့ သိမ်ကျောင်းကြီးပါ။ ပတ်ပတ်လည်မှာ သိမ်ငုတ်တွေတောင်ရှိပါသေးတယ် ။ သိမ်ကျောင်းခေါင်မိုးပေါ်မှာ လက်ဝါးကပ်တိုင် တင်ထားတာပါ။ ဘုန်းကြီး ( ခရစ်ယာန် RC ဖြစ်ပါသည် ) နေတဲ့နေရာကတော့ ဆွမ်းစားကျောင်းတစ်ကျောင်းဖြစ်ပါတယ်ခင်ဗျာ။
မန္တလေး ဆိုတာ ဗုဒ္ဓဘာသာတို့ရဲ့ အသည်းနှလုံး ပိဋ္ဋကတ် တော်တွေ ကိန်းအောင်းရာဌာနေ၊ သံဃာ အာဇာနည်တွေမွေးဖွားရာမြေ ၊ သံဃာအင်အားအများဆုံးနဲ့ သာသနာထွန်းကား ရာလို့သတ်မှတ်ခဲ့တဲ့ နေရာ ဖြစ်ပါလင့်ကစား ဘဇာ အတွက်များကြောင့် ဒီနေရာနဲ့ နည်းနည်း ပဲကွာတဲ့ နေရာမှာ သိမ်ငုတ် တွေ ငုတ်တုတ် နဲ့ ခရစ်ယာန်ဘုရားရှိခိုးကျောင်းဖြစ်သွားရတာလဲ..
ဘာကြောင့်လဲ ...
ဘာကြောင့်လဲ ...
ဘယ်သူကြောင့်လဲ ..
လဲ .. လဲ ... လဲ
ဆိုတဲ့ အတွေးမပြတ်ခင်မှာ မန္တလေးပြန်ရောက်သွားခဲ့ပြီး သူငယ်ချင်းကျွေးတဲ့ ရေခဲမုန့် စားလိုက်တော့မှ နည်းနည်း ရင်အေးသွားတယ်...
ကျွန်တော့်စိတ်မှာခံစားခဲ့ရသည့်အတိုင်း တင်ပြထားခြင်းဖြစ်သည့်အတွက် အခြားသူများအတွက် စိတ်အနှောက်အယှက်ဖြစ်ခဲ့လျှင် တောင်းပန်ပါသည်။ ကျွန်တော်က တော့ ..
ဘာကြောင့်လဲ ... ဆိုတဲ့ မေးခွန်းကို တွေးတောနေဆဲပင်ဖြစ်ပါတော့သည်။
လေးစားစွာဖြင့်
4 comments:
သူငယ်ချင်းမောင်နှမတွေရဲ့ အပျော်တွေတောင်ကူးစက်လာပါတယ်။ လေးစားပါတယ် သူငယ်ချင်းတို့ရေ။ မိမိကိုယ်ကျိုးမကြည့်ဖို့လည်း သံဝေဂရတယ်။ ကလေးတွေအတွက်လုပ်ပေးနိုင်သလောက်လုပ်ပေးမယ်
ကြည်နူးဖို့ ကောင်းတဲ့ အလှုလေးတွေအတွက် ဒီသူငယ်ချင်း မောင်နှမအုပ်စုလေးကို လေးစားပါတယ်။ အားလုံးဒီ့ထက်မက လှုနိုင်ကြပါစေနော်။
ကိုယ်ချင်းစာစိတ်မွေးပြီး အားငယ်တဲ့သူ၊ အငယ်ဆုံးသော သူတွေ အတွက် လုပ်ပေးနိုင်သလောက် လုပ်ပေးနိုင်အောင်ကြိုးစားပါ့မယ်။
ကိုနိုင်ကြီးရေ သိပ်မတွေးပါနဲ့ ဗျာ။။။။
ပျော်ရွှင်ပါစေနော်။
ခရစ်ယာန်ကျောင်းဟာ ဟိုးတချိန်က ဘုန်းကြီးကျောင်း ကြီးပါ။ တရားဟောရာခန်းမ ကတော့ သိမ်ကျောင်းကြီးပါ။ ပတ်ပတ်လည်မှာ သိမ်ငုတ်တွေတောင်ရှိပါသေးတယ် ။ သိမ်ကျောင်းခေါင်မိုးပေါ်မှာ လက်ဝါးကပ်တိုင် တင်ထားတာပါ။ ဘုန်းကြီး ( ခရစ်ယာန် RC ဖြစ်ပါသည် ) နေတဲ့နေရာကတော့ ဆွမ်းစားကျောင်းတစ်ကျောင်းဖြစ်ပါတယ်ခင်ဗျာ။
ရင်ထဲမကောင်းလိုက်တာ
ဘာတွေဖြစ်ကုန်တာပါလိမ့်
အတွေးတွေ များသွားပြီ
ခင်မင်စွာဖြင့်
ကိုနေစိုးနိုင်ရဲ့ အလှူကို တကယ်သာဓုခေါ်ပါတယ်ရှင်..
ကိုယ်တိုင်မလုပ်ပေးနိုင်သေးပေမယ့် လုပ်ပေးတဲ့သူတွေကို တကယ်လေးစားပါတယ်ရှင်..
Post a Comment