Friday, August 7, 2009

ခွဲထွက်တဲ့ အတွေး

အညာမွေးရပ်မြေကိုပြန်တော့ မထင်မှတ်ဘဲနဲ့ ကြုံတွေ့ သိရှိခဲ့ရတဲ့ စီးပွားရေးလုပ်ငန်း တစ်ခုအကြောင်းကလေးကို ပြန်ပြီးဖောက်သည်ချချင်တယ်ဗျာ။ တော်တော်လေးနှစ်သက်မိလို့ပါ
ကျွန်တော်တို့ အညာ အမရပူရ တစ်ဝိုက် နဲ့ တောင်ပြုံး ဘက်တွေမှာ ဘဲ မွေးမြူရေးတွေလုပ်ကြတယ်ဗျ ။ ကိုယ်တတ်နိုင်တဲ့ အတိုင်းအတာလေး အတိုင်းပေါ့ တနိုင်တပိုင် မိသားစု
မွေးမြူရေး ကနေ စီးပွားဖြစ် မွေးမြူကြတာအထိပါတာပေါ့ဗျာ။

ကျွန်တော်တို့ မိတ်ဆွေတစ်ယောက်က ဘဲအကောင်ရေ ၉၀၀၀ ( ကိုးထောင် ) လောက် ကို မွေးထားသူပါ။ ဘဲ ဆိုတဲ့ အမျိုး က အမြဲ ဥ နေတာမှမဟုတ်ဘဲဗျာ။ မဥခြောက်လ ၊
ဥခြောက်လ လို့ ဆိုရိုးရှိသကိုးဗျ ။ တစ်နှစ်မှာ ၆ လပဲ ဥတယ်ဆိုပြီး ယေဘုယျ မှတ်ထားနိုင်တာပေါ့ဗျာ။ ဒီခြောက်လ တောင်မှ အစာ ဆေး ရာသီဥတု စတာတွေ ကိုက်ညီမှပါ။
အဲ .. အစာ ၊ ဆေး ဆိုတဲ့ နေရာမှာ အဓိက က အစာ ဗျ ။ ဘဲ ဆိုတဲ့ အမျိုး က ဥတဲ့ အခါ မှာ အစာ စား တာ နည်း သွားတယ် ။ မဥတဲ့ အခါမှာဆိုရင်တော့ စား သလား
မမေးနဲ့ ဗျို့ သူ( ၆ လ) ဥ ထားလို့ ရထားတဲ့ ငွေယား လေးက သူမဥ ဘဲ ၆ လ စားတဲ့ စရိတ်နဲ့တင် ကုန်ရတာပေါ့။

ပြီးခဲ့တဲ့ ကြက်ငှက်တုပ်ကွေး ကလည်းဖြစ်တော့ ထွက်ကုန်ဈေးတွေကကျ ၊ အစာဈေး ၊ ဆေး ဈေးတွေက မကျ တာကြောင့် သူလည်း ဒီဘဲကောင်ရေ အများကြီးကို ဆက်လက်မွေးမြူထား
နိုင်ဖို့ မတတ်နိုင်တော့ဘူးပေါ့။ ဒါကြောင့် သူ ဘဲအကောင်ရေ ထက်ဝက်လောက်လျှော့ချပစ်လိုက်တယ်။ အခုလက်ရှိတော့ ဘဲအကောင်ရေ ၄ ထောင်ကျော်လောက်ပဲရှိတော့တာပေါ့ဗျာ။ အဲဒါလည်း ၀င်ငွေနဲ့ ထွက်ငွေက မကိုက်လာဘူးပေါ့ဗျာ။

ဒီအစားအစာ အခက်အခဲ ကို ဘယ်လိုလုပ်ရမလဲဆိုတာကို သူတော်တော် တွေးဟန်တူပါတယ်။ တောင်ပြုံး တစ်ဝိုက်က လယ် စိုက်တယ်ဆိုတော့ လယ်တွေထွန်ယက်ချိန် မှာ သူ့ဘဲတွေကို သူကျောင်းတယ် ထွန်ယက်ထားတဲ့ လယ်ကွက်တွေထဲမှာပေါ့။ နောက် စပါးတွေ ရိတ်သိမ်းချိန် မှာလည်း ရိတ်သိမ်းပြီးသား လယ်ကွက်တွေထဲမှာ ဘဲတွေကို ကျောင်းပေးပါတယ်။ ဒီအချိန်တွေမှာ သူ့အတွက် ဘဲတွေကို အစာကျွေးစရာမလိုပါဘူး။ မနက် ဘဲလွှတ် ညနေ ဘဲတွေကို ခြံထဲသွင်း ၊ ည အချိန် ဥ သမျှ ဘဲဥ တွေကို မနက်ရောက်တော့ လိုက်ကောက်ပေါ့။ ဒါပေမဲ့ လည်း ဒီအချိန်က သိပ်ကြာတာမှမဟုတ်တာ ။

ဒီအချိန်မှာ သူစဉ်းစားလိုက်တာ က ဒီလို ထွန်ယက်နေတဲ့ (သို့ ) ရိတ်သိမ်းနေတဲ့ လယ်ကွက်တွေ အမြဲရှိနေရင်ကောင်းမယ် ဆိုတဲ့ စိတ်ကူးကနေ အခြေခံသွားတာပေါ့။ ဒီမှာ သူစဉ်းစားတယ် ဒီလိုမျိုးဘယ်နေရာမှာ ရှိနိုင်လည်း ဆိုတော့ ရွှေဘိုမြို့နယ် မှာဆို လယ်ထဲမှာ စပါးပင် ပြတ်တဲ့အချိန်ဆိုတာ သိပ်ရှိတာမဟုတ်ဘူး။ စပါးပင်စိုက်ပြီးရင်တောင် စပါးပင် တော်တော် အရွယ်ရောက်တဲ့အထိ လယ်ကွက်တွေ ထဲမှာ ဘဲတွေလွှတ်ကျောင်းလို့ ရတယ်လေ။

ဒီတော့ သူက တောင်ပြုံး ဖက် မှာ ဘဲကျောင်းလို့ မရတဲ့ အချိန် ဘဲတွေကို ကားနဲ့တင်ပြီး ရွှေဘိုဘက် လာ ။ ယာယီဘဲခြံလေးတွေကို လယ်ကွက်တွေနား ဆောက် လူနေတဲလေး နဲ့ ပေါ့။ ဘဲခြံဆိုတာ က လည်း တစ်တောင် ၊ နှစ်တောင် အမြင့်လောက် ပိုက်နဲ့ဝိုင်းထောင်ထားလိုက်ရင် ပြီးတာပဲလေ ။ ဘဲက အမြင့်ခုန် နိုင်တာမှမဟုတ်တာ ။

အဲဒီတော့ ရွှေဘိုဘက် အဆင်မပြေရင် အမရပူရဘက် ၊ တောင်ပြုန်းဘက် စသည်ဖြင့် အဆင်ပြေရာနေရာရှာပြီး ရွှေ့ ပြောင်းမွေးမြူရေးလုပ်နေကြတာပေါ့။
အဲ အဲဒီအချိန်မှာတော့ အစာ စရိတ်လုံးဝ အကုန်အကျမရှိတဲ့ အတွက် သူ့ အဖို့ တော့ တွက်ခြေကိုက်ပေါ့။ ဟုတ်လား

ငယ်ငယ်တုန်းက ကြားဖူးခဲ့ တာ က ရွှေ့ ပြောင်းတောင်ယာ လုပ်ငန်းဆိုတာပဲ ကြားဖူးတာလေ။ အခုတော့ ရွှေ့ ပြောင်း မွေးမြူရေးလုပ်ငန်းတွေကို ပါ ထိုးဖောက်လုပ်ကိုင်လာကြပြီပေါ့။

ကဲ.. မိတ်ဆွေရေ..
ရွှေဘိုသွားတဲ့ လမ်းဘေးမှာ .. ပိုက်ကလေး တစ်တောင်ကျော်လောက်အမြင့်ရှိတဲ့ ဘဲခြံကလေးတွေတွေ့ ရင် ဒါ ရွှေ့ပြောင်း မွေးမြူရေးလုပ်နေကြတာပါလား လို့ သာမှတ်လိုက်ပေတော့။

လုပ်နေကြ လမ်းဟောင်းကြီးမှ ခွဲထွက်ပြီး အောင်မြင်အောင် လုပ်နိုင်ခဲ့သူတို့အား လေးစားပါ၏။ ။
လုပ်ငန်းများ ဆထက်တပိုး တိုးတက်နိုင်ကြပါစေ

ဖောက်ထွက်ပြီးတော့ တွေးတော ဆင်ခြင်နိုင်ကြပါစေ


လေးစားစွာဖြင့်
နေစိုးနိုင်

5 comments:

may16 said...

ကောင်းတဲ့ အတွေးအခေါ်ပဲ အဲဒီလူတော့ ဒီ့ထက်မက တိုးတက်ကြီးပွားအုံးမှာ..

Beauty Studio USA Branded Store said...

စီးပွားရေးရဲ့သော့ချက်တွေကို အတွေ့အကြုံတွေထဲကပဲ သူရသွားတာပဲ။ကောင်းတယ်ဗျာ။

Angel Shaper said...

အားလားလား။။
ဂွတ်လိုက်တဲ့ အတွေးလေးတွေဗျာ။
ဒီထက်မက တွေးနိုင် ဖောက်ထွက်နိုင်ကြပါစေဗျိုးးးးးးးးး

Anonymous said...

အစ်ကိုနေစိုးနိုင်ရေ...ကောင်းလိုက်ပြီး
ပညာသားပါလိုက်တဲ့ကြီးပွားရေးစနစ်။
အဲ့ဒီလိုတွေးတက်တဲ့အစ်ကိုကြီးကိုလည်း
ချီးကျူးမိတယ်တကယ်။ ဒီpost လေးကနေ
လည်းမသိဘူးခဲ့တဲ့ ဘဲများရဲ့အကြောင်း
သိခွင့်ရခဲ့ပြန်တယ်။ :)
ခင်မင်လျှက်...ခင်မာလာအောင်...

Anonymous said...

hi!This was a really magnificentsuper post!
I come from roma, I was fortunate to find your website in bing
Also I obtain a lot in your Topics really thank your very much i will come every day