Sunday, August 2, 2009

ထာဝရည

နေ့ရယ် ညရယ် အဖန်ဖန် ပြောင်းလဲဖြတ်ကျော်ရင်း လူသားတွေဟာ ကိုယ့်ဘဝ၊ ကိုယ့်သမိုင်း ကို ထင်တိုင်းရေးနေကြတယ် ။ ယေဘုယျအားဖြင့် နေ့ဘက်မှာ ရုန်းကန်လှုပ်ရှားကြရသလို ညဖက်ရောက်တော့ နားနေအိပ်စက်ကြတယ်ပေါ့ ။ နေ့မှာလည်း သူ့အလှတရား ၊ သူ့အဘိ ဓမ္မာတွေနဲ့ ပြည့်နှက်နေသလို ညဖက်လည်း သူ့အလှတရား ၊သူ့သစ္စာနဲ့ တည်ရှိနေပါတယ်။
ဒီသဘာဝတရားနှစ်ခုမှာမှ….


“ကျွန်တော် ညကို ချစ်တယ်”လို့ ညီတစ်ယောက်က စစ်စစ်ပေါက်ပေါက်ဆိုလာပြန်တယ်လေ။


တိတ်ဆိတ်အေးချမ်းမှုတွေနဲ့ လောကကြီးကို လွှမ်းခြုံပေးထားတဲ့ ည….


ငြိမ်းချမ်းတဲ့အိပ်စက်ခြင်းဆိုတာ ညဆိုတာမျိုးမှ ရနိုင်တာတဲ့….


တိတ်ဆိတ်ငြိမ်သက် အေးချမ်းခြင်းကြောင့် သူတော်ကောင်းတွေကိုတောင် သမာဓိတရားတွေ တိုးပွားစေတဲ့ ည…


ည..ဆိုတာ လူတွေကို ထမင်းစားစရာမလိုအောင်ကို ဖန်ဆင်းထားသတဲ့လေ…


အဲသလို လူတွေကိုချမ်းသာစေတတ်တဲ့ ညမို့လို ထာဝရညများသာဖြစ်ခဲ့ရင် သူက အရင်ဆုံး ထ က မှာ ဖြစ်သတဲ့လေ ….


ပါးစပ်က သေချင်တယ်အော်နေပြီး လက်က ဆေးပုလင်းလှမ်းတတ်တဲ့လူတွေ.......လို့ ပြောတတ် ပါလျှက် ကိုယ့်အတွက်ကိုယ် မဆန်းစစ်လေရော့သလား….


မောတာကို မောတယ်လို့ပြောပြီး ထပ်ထပ်မောနေမယ့်အစား နှစ်ခြိုက်စွာအိပ်စက်အနားယူ စေချင်တတ်တဲ့ ကျွန်တော်…


နေ့မှာ ရုန်းကန်လှုပ်ရှားခြင်းတွေနဲ့ လူတွေကို ပင်ပန်းစေတတ်တာမှန်ပေမယ့်…

အဲဒီလှုပ်ရှားရုန်းကန်ခြင်းတွေကပဲ လူသားတွေရဲ့အားမာန်ဖြစ်နေပြန်တယ်လေ…


နေ့ရဲ့အလင်းနဲ့ လူသားတွေရဲ့စက္ခုအမြင်ဓာတ်ရရှိစေပြန်တယ်လေ…အဲဒီစက္ခုအမြင်ကနေ ပြီးတော့ပဲ စဉ်းစားတွေးခေါ်မှုတွေ ၊တီထွင်မှုတွေ ၊အသိတရားတွေ စတဲ့ အခွင့်အလမ်းတွေကို ရရှိစေပြန်တာပေါ့ ။


နေ့ရဲ့နွေးထွေးတဲ့ရင်ခွင်မှာ လူသားတွေရော လူသားတွေစားသုံးနိုင်တဲ့အသီးအနှံတွေရော ခိုလှုံဝင်ရောက်ဖို့ လိုအပ်နေပြန်တယ်လေ…


နေ့တစ်နေ့မှာ အားမာန်တွေ အသိတရားတွေ စတဲ့လူသားတန်ဖိုးရှိစွာဖြတ်သန်းနိုင်ပါမှ
ညမှာ နားနေအိပ်စက်တဲ့ အဓိပ္ပါယ် က ပေါ်လွင်တော့မှာလေ…


ညရဲ့အားသာချက်တွေ နဲ့ နေ့ရဲ့အားသာချက်တွေကို အကျိုးရှိရှိလူတွေ အသုံးပြုတတ်လို့ လည်း တို့လူသားတွေ လွှမ်းမိုးတဲ့ကမ္ဘာ ဖြစ်နေရတာပေါ့ ….


နေ့တစ်နေ့ကို အကျိုးရှိရှိအသုံးမပြုနိုင်တဲ့ သူတစ်ယောက်အဖို့  ညကမ္ဘာဟာ ဘာများ အလှပါ နိုင်ဦးမှာလဲ….


မဖြစ်နိုင်တဲ့ ထာဝရညအိပ်မက်မှာ ပျော်ဝင်စီးဆင်းနေမလား…..


တကယ်တော့ ညရဲ့ရင်ခွင်မှာ ချော့သိပ်ပေမယ့် အိပ်မပျော်နိုင်တဲ့လူသားတွေ ရှိနေပြန်တယ်။


ညရဲ့အလှကို တကယ်ခံစားနိုင်ဖို့က တို့တစ်တွေ နေ့တစ်နေ့တိုင်းကို အဓိပ္ပါယ်ရှိစေမှ ဖြစ်တော့မှာလေ..


ကန္တာရမှာ အိုအေစစ်ရှိသလို ရေခဲတွေ ဖုံးလွမ်းတဲ့ကြားမှာမှ ရေပူစမ်းများကလည်း ရှိနေပြန် တယ်လေ…


ကန္တာရက လူတွေ အိုအေစစ်ကို ရှာဖွေ တွေ့ရှိခဲ့ကြသလို ရေခဲပြင်ကလူတွေလည်း ရေပူစမ်း များကို ရှာဖွေ တွေ့ရှိခဲ့ကြတယ်လေ…


ထာဝရညအလှကို တင်စားတဲ့ ညီငယ်ကော ….ညအလှကို အပြည့်အဝခံစားမိပါရဲ့လား..

ညတစ်ညရဲ့ အလှတရားကို အပြည့်အဝခံစားနိုင်တဲ့သူဟာ နေ့ကို အလွယ်တကူ ဖြတ်သန်းနိုင်သလို နေ့တစ်နေ့ကို အပြည့်အဝအသုံးချတတ်တဲ့သူဟာလည်း ညရဲ့ အလှတရားကို တကယ့်ကို အပြည့်အဝခံစားနိုင်ကြပါတယ်လေ…


လူတိုင်းလူတိုင်း နေ့ဖက်မှာအားမာန်ရှိရှိ ဖြတ်သန်းရင်း ညဖက်မှာ အေးမြတဲ့အလှတရားတွေ ခံစားနိုင်ကြပါစေတော့ရယ်လို့သာ….


စေတနာ
01း08း2009(22း20)

3 comments:

Angel Shaper said...

ထာဝရညရဲ့ အေးချမ်းငြိမ်သက်ခြင်းလေးတွေ လူသားအားလုံးညီတူစွာ ခံစားနိုင်ပါစေလို့ တောင်းဆုထပ်လောင်းချွေပါရစေ။
နေ့အတွက်အားမာန်သစ်တွေ ပေးတဲ့ ညရဲ့လက်ဆောင်လေးတွေအတွက် ဂုဏ်ယူမိပါတယ်။ အရမ်းကောင်းတဲ့ပိုစ့်လေးအတွက် ကိုစေတနာ့ကို ကျေးဇူးတင် လေးစားရင်း နဲ့.....

Anonymous said...

ညတဲ့
သီတဂူလမင်းအသရေနဲ့
ကျက်သရေ ရွှန်းမြနေတဲ့ ညတွေ
မသူတော်တွေ ပျော်ပါးတတ်တဲ့
မဟူရာ လမိုက်ညတွေ
အင်း ဘယ်လိုပဲပဲဖြစ်ပါ
ကိုစေတနာရဲ့ ညလွှာရုံမှာ
ဖြန့်အာရုံစေစားရာသို့
မျှောမိပါကြောင်း
အောင်စည်ဟိန်း

Anonymous said...

:)..:)...:)
နေ့ ကိုကော ညကိုကောချစ်တယ်။
နံက်ခင်းတိုင်းကို အားမာန်အပြည့်နဲ့ ကြိုရင်း
ညတိုင်းကိုလည်း ငြိမ်းချမ်းစွာ အိပ်စက်နိုင်
ဖို့ ကြိုးစားတယ်။:)
အချိန်တိုင်းကို လိုချင်တယ်။
moment တိုင်းကို အကောင်းဆုံးအသုံးချ
ချင်တယ်။:)