Saturday, July 18, 2009

အမေ့ခံ ၊ အပယ်ခံ မဖြစ်စေရန် မည်သူ့မှာ တာဝန်ရှိသနည်း

အာဇာနည်နေ့ဟာဘယ်နေ့လဲ ၊ အာဇာနည်ဘယ်နှစ်ဦးလဲ ၊ ဘယ်သူတွေလဲ ၊ ဘယ်အချိန်မှာ အသတ်ခံခဲ့ရတာ လဲ ဆိုတဲ့ မေးခွန်းတွေကို မေးမယ်ဆိုရင် ဒိုးဒိုးဒေါက်ဒေါက်ပြန်ဖြေနိုင်တဲ့ သူ တဖြည်းဖြည်းနဲ့ နည်း လာပြီထင်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း မှုန်ဝါးဝါးပါပဲ။ ဒါပေမဲ့ ဗိုလ်ချုပ်အောင်ဆန်း ကဗျာများဆိုတဲ့ စာအုပ် လေးထဲက ကဗျာဆရာ ထွဏ်းနေနွယ် ရေးထားတဲ့ ၁၉ ဇူလိုင်ဆိုတဲ့ ကဗျာ ကလေး ကိုတွေ့တော့ တော်တော်လေး သဘောကျသွားတယ်။ ဒီကဗျာကလေး ကိုသာ အလွတ်ရနေရင် အထက်ကမေးခွန်းတွေကို ဖြေနိုင်မယ် ၊ မဖြေနိုင်လောက်ဘူး ဆိုတာ ကို စာဖတ်သူတို့ ဆုံးဖြတ်ကြပါကုန်။ အဲ ကဗျာ မူရင်းမှာက ဦးအုန်းမောင်နဲ့ ရဲဘော်ထွေး တို့နာမည် မပါဘူးဗျ။ ဒါကြောင့် ကိုယ့်ဘာသာထည့်လိုက်တယ်။ မူရင်း ကဗျာ ဆရာကို မလေးစားလို့မဟုတ်ပါဘူး။ ဒီကဗျာ ကလေးကို ကျွန်တော့် တူမ အတွက် ကူးရေးပေးရင်းကနေ ဘလော့ပေါ်မှာ တင်ချင်စိတ်ဖြစ်လာလို့တင်ပေးလိုက်တာပါဗျာ။ ဒီကဗျာကလေးက စာဖတ်သူမေ့နေတာလေး တွေ ပြန်ဖော်ပေးနိုင်ပါစေဗျာ။ ကျေးဇူးပြုပြီး ဖြည်းဖြည်းမှန်မှန် ဖြင့် ကဗျာကို အစအဆုံး ဖတ်ပေးစေချင်ပါသည်။ခေါင်းစဉ်က မေးခွန်းကိုတော့ ကိုယ့်ဖာသာမေး ၊ ကိုယ့်ဖာသာ ဖြေကြဖို့ပဲ မေတ္တာရပ်ခံလိုပါတယ်ဗျာ . . .

လေးစားစွာဖြင့်
နေစိုးနိုင်

၁၉ ဇူလိုင်
ဇူလိုင် ၁၉ ၊ တပ်လှန့်နှိုးသည်
တို့မျိုးစဉ်ဆက်တိုင်သတည်း
၁၉ ဇူလိုင်မမေ့နိုင်တည့်

မိုးရက်မိုးခါ ဖြစ်လေပါလည်း
ရှူသာမြင်ကွင်းနံနက်ခင်းနှင့်
ယင်းသည့်စနေ ဂြိုလ်ဆိုးမွှေခဲ့
တွင်းဝန်ရုံးဆီ ၊ ဆယ်နာရီနှင့်
စွန်းသည်ဟိုဖက် ၊ နာရီဝက်တွင်
ပြည်တွက်ရေးရာ ၊ များဝန်တာကို
ဖြာဖြာတနည်း ၊ ခေါင်းဆောင်ကြီးတို့
စုစည်းတထွေ ၊ ဆွေးနွေးနေစဉ် . . . ။

ဂျစ်ကားစိမ်းမှ ၊ ဆင်းသက်ကြပြီး
လက်မှတော်မီ ၊ စတင်းချီ လျှက်
တပ်မည်နံပါတ် ၊ ၁၂ မှတ်သည့်
စစ်တပ်ဝတ်စုံ ၊ အရေခြုံတို့
စုပြုံတက်သွား မိနစ်ခြားဝယ်. . .။
နားကွဲမတတ် ဒလစပ်လျှင်
ပစ်ခတ်ဆူညံ ၊ သေနတ်သံတို့
မိုးယံကိုဖောက် ၊ လေ၀ယ်နှောက်သည်
ထက်အောက်ဝန်းကျင် တုန်သတည်း

ကျည်ပွင့်သံလည်း . . .
မိုးယံကိုဖွင့် ၊ လေ၀ယ်လွင့်သည်
ယမ်းပွင့် ယမ်းခိုး ဝေ သတည်း . . .

ဗိုလ်ချုပ်အောင်ဆန်း ၊ ပြည့် ချစ်ပန်းနှင့်
ခေါင်နန်းစာဆို ဦးဘချို ပြင်
ကြည်ညိုဆပွား ၊ ဒို့အားထားသည့်
စော်ဘွားမိုင်းပွန် ၊ လူရည်ချွန်လှ
သခင်မြ နှင့် . . .
တကွတူပြိုင် ၊ မန်းဘခိုင်
ကြိုင်လှိုင်သတင်း ၊ ဦးဘ၀င်း
(ထူးထူးဂုဏ်ဆောင် ဦးအုန်းမောင်
အသက်ကိုပေး ၊ ရဲဘော်ထွေးနှင့်)
ပျံ့သင်းဂုဏ်ဒြပ် ၊ ဦးရာဇာတ်တို့
ပစ်ခတ်ခံရ ၊ ဆောင်ခန်းမ၀ယ်
လဲကျသေဆုံး ၊ သွေးနီဖုံးသည်
ဆုံးရှုံးခဲ့ရလေပြီတကား . . . ။

ဒီသတင်းလျှင် ၊
ချက်ချင်းပြန့်သွား ၊ ပြည်သူ့နား သို့
သိကြားမကြာ၊ ပြည်လုံးမှာလည်း
သည်းညှာပျက်ပြုန်း ၊ ကြိမ်မီးအုံးသို့
ယူကျုံးမရ ၊ မျက်ရည်ကျခဲ့
တသနှမြော အသေစောဟု
သောကလှိုက်ဖို၊ ရှိုက်ငင်ငိုမိ
ရက်ကိုလစား ၊ ချိန်တွေများသည်
ခုကား ( ) နှစ်တိုင်ခဲ့ပြီ

ပြည့်လွတ်လပ်ရေး ၊ အသက်ပေးကာ
စတေးခံသွား ၊ ခေါင်းဆောင်များတွက်
ဒို့ကားတဖန် ၊ ဆောင်ရွက်ရန်ကား
မိမြန်အတွက် ၊ စွမ်းသည့်ဘက်မှ
ဆထက်ကြိုးကုတ် ၊ အားမာန်ထုတ်ခါ
ဗိုလ်ချုပ်ချမှတ် ၊ လမ်းစဉ်မြတ်ကို
ကျင့်အပ်လိုက်နာ ၊ သွားရန်သာတည်း

ဆယ့်ကိုးဇူလိုင် မမေ့နိုင်တည့်

ဇူလိုင်ဆယ်ကိုး တပ်လှန့်နှိုးသည်

ဒို့မျိုးစဉ်ဆက် တိုင်စေသတည်း . . .။

ထွဏ်းနေနွယ်

3 comments:

Angel Shaper said...

အယ်။။။။ အကိုက အဲလိုလဲ အသိပေး တတ်တယ်နော်။
ရိုးရိုးသားသား ၀န်ခံရရင် ကိုယ့်ဟာကိုယ် ရှုပ်နေပြီး ကိုယ့်အာဇာနည် ( အဆိုတော် အာဇာနည်မဟုတ်)ဖခင်ကြီးတွေကို မမေ့ပေမဲ့ သူတို့ရဲ့နေ့ လေးတွေမေ့တော့မလို့ ဗျာ...
အကုန်တော့ အကို့ လိုပဲ မေ့တေ့တေ့ဟီးးးး
ကျေးဇူးကိုနိုင်ကြီးရေ.......
ကဗျာလေးလဲကောင်းတယ်။

Anonymous said...

ညီရေ့...ခုလိုသတိပေးလိုက်တာ ကျေးဇူးပါ... ကိုလည်း ကဗျာတစ်ပုဒ်ရေးနေတာ... တင်ဖြစ်မလားတော့ မသိသေးဘူး...

လွင်မင်းခန့် 

မေလေးညို said...
This comment has been removed by the author.