Sunday, May 3, 2009

လက်ရှိ

ကြိုတော့ပြောထား ပါရစေဗျာ ။ ကျွန်တော်ရေးတဲ့စာတွေဟာ ကျွန်တော့်ကိုယ် ကျွန်တော်ပြန် ဆုံးမရင်း ရလာတဲ့အတွေးတွေပါ ။ ကောင်းမယ်ထင်တာ လေးတွေကို သူငယ်ချင်းအချင်းချင်း မျှဝေလိုတဲ့ သဘောမျိုးပဲ ဖြစ်ပြီး ဆရာလုပ်ချင်တဲ့လူ ၊ပြီးပြည့်စုံတဲ့လူ သဘောမျိုးမဟုတ်ပါ။ အမှားတွေ ပေါတဲ့လောက ကြီးမှာ အမှားကြားက လူတစ်ယောက်က နည်းနည်းပါးပါး တွေးမိတဲ့ အမှန်တရားလေးတွေပါ ။ မင်းရော အပြည့်အဝ လိုက်နာနိုင်ရဲ့ လားလို့မမေးပါနဲ့ ။ N... O .. နိုး ပါ ။ တတ်နိုင်သလောက်တော့ ကြိုးစားနေပါတယ် ။

လက်ရှိ” ဘယ်က လာပါသလဲ ???????

မိတ်ဆွေအပေါင်းအသင်းတွေ ကျေးဇူးပေါ့ဗျာ ။ အလုပ်မရှိသေးတဲ့ သူတွေကလည်း အလုပ်ရှာရတဲ့ အခက်အခဲအကြောင်း စိတ်ပျက်ဖွယ် စီကာပတ်ကုံးပြောတတ်သူများရဲ့ ကျေးဇူး ။ အလုပ်ရှိပြီးတဲ့သူများကလည်း လစာနည်းလို့ မလောက်ငှတဲ့ ပြဿနာ၊ အထက်အောက် မညီမျှမှုတွေကို စိတ်ပျက်တဲ့အကြောင်း မကျေမနပ် ရုန်းကန်လှုပ်ရှား နေရတဲ့ သူတို့ဘဝအကြောင်းရင်ဖွင့်တတ်သူတို့ရဲ့ ကျေးဇူး ။အင်း လစာကောင်းတဲ့လူတွေ ကျတော့ကော ။ပလိုင်းပေါက်နဲ့ဖားကောက်နေရတဲ့ သူတို့ဘဝ ။ နောင်ရေးကိုရင်လေးလွန်းလို့ ငိုကြွေးပြီးတောင် ကျွန်တော်ကို ပြောပြဖူးပါရဲ့။ တော်တော်များများ အဆင်ပြေအောင် တွေးတတ်ပေမယ့် မိသားစုနဲ့ ခွဲခွါရလို့ လက်ရှိအလုပ်ကို စွန့်လွှတ်ချင်စိတ်ဖြစ်နေတဲ့ ဆရာ သမားတစ်ယောက်ရဲ့ ကျေးဇူး ။ဟုတ်ကဲ့…နားထောင်တဲ့ ကျွန်တော်ကရော ။အရာရာ အဆင်ပြေပြေ ချောချောမွေ့နဲ့ စိတ်လက်ချမ်းသာပါရဲ့ လား ။ကျွန်တော်သေသေချာချာပြော ရင်လေ စာဖတ်သူ ငိုချင်သွားလိမ့်မယ် ။လက်ရှိအခြေအနေတွေကို စိတ်ပျက်နေသူအားလုံးရဲ့ ခံစားချက် အတန်အသင့် လျော့ပါးစေလိုသော အတွေးကနေ လာခဲ့ပါတယ် ။

“လက်ရှိ”…ဆိုသည်မှာ

လက်ရှိအလုပ်.ကျွန်တော်တို့လုပ်ချင်သည်ဖြစ်စေ ၊မလုပ်ချင်သည်ဖြစ်စေ လုပ်ရတော့ မှာပါပဲ ။

လက်ရှိမိသားစု…ကျွန်တော်တို့လိုချင်သည်ဖြစ်စေ ၊မလိုချင်သည်ဖြစ်စေ တာဝန်ရှိစွာ ပက်သက် နေရဦးမှာပါပဲ ။

လက်ရှိအခက်အခဲ…ကျွန်တော်တို့ဖြေရှင်းနိုင်သည်ဖြစ်စေ ၊ မဖြေရှင်းနိုင်သည်ဖြစ်စေ ရင်ဆိုင် ဖြေရှင်း နေရဦးမည်သာ ။

လက်ရှိပတ်ဝန်းကျင်…ကျွန်တော်တို့ဆက်ဆံလိုသည်ဖြစ်စေ ၊မဆက်ဆံလိုသည်ဖြစ်စေ ဆက်ဆံနေရဦးမှာ ပါပဲ ။

လက်ရှိစီးပွါးရေး…ကမ္ဘာကြီးတိုးတက်ပြီး အခွင့်အလမ်းပေါများသည်ဖြစ်စေ ၊ကမ္ဘာစီးပွားပျက် ကပ်နဲ့ ကြုံရသည် ဖြစ်စေ ၊ကျွန်တော်တို့ စီးပွါးရေးလုပ်ကြရဦး မှာပါပဲ ။

လက်ရှိနိုင်ငံရေး…ကျွန်တော်တို့ကြိုက်သည်ဖြစ်စေ ၊မကြိုက်သည်ဖြစ်စေ ဒီလိုဖြစ်နေပါတယ် ဆိုတာကိုတော့ လက်ခံရပါလိမ့်မယ် ။ဘယ်လိုဖြစ်နေလဲ မေးနဲ့ ၊သိဘူး ။ဟီး…

လက်ရှိအခြေအနေအားလုံးတို့သည် ကျွန်တော်တို့ အရှုံးပေးလိုက်သည်ဖြစ်စေ၊ ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်သည်ဖြစ်စေ ၊ အောင်မြင်စွာ ကျော်ဖြတ်နိုင်သည်ဖြစ်စေ မဖြစ်မနေ ဖြတ်သန်းရမည့် ခရီးစဉ်များပဲ ဖြစ်ပါတယ် ။

အတိတ် ၊ပစ္စုပ္ပန် ၊အနာဂတ်တည်းဟူသော ကာလတို့၏သဘောတရားအရ လက်ရှိ အခြေအနေ အားလုံး တို့သည် အတိတ်က လက်ရှိအခြေအနေများမှ မြစ်ဖျားခံလာသည်(ဝါ)

အတိတ်က လက်ရှိအခြေနေများနှင့် တိုက်ရိုက်အချိုးကျနေကြ ပါသည် ။

လက်ရှိအခြေအနေတွေကိုစိတ်ပျက်နေသမျှ ကျွန်တော်တို့ လက်မဲ့များဖြစ်နေကြပါမည်။

လက်ရှိအခြေအနေများကို ပျော်ရွှင်ကျေနပ်နေရုံမျှနှင့်လည်း လက်ရှိအခြေအနေများ၏ အခွင့် အရေးများကို အပြည့်အဝ ရရှိလိမ့်မည်မဟုတ်ပါ ။ကဲ …ကျွန်တော်တို့ဘာလုပ်ရမည်နည်း ။

ဟုတ်ကဲ့…လက်ရှိအခြေအနေအားလုံးတို့သည် ကျွန်တော်တို့၏ အခွင့်အရေးများလည်း ဖြစ်ကြပါသည် ။

လက်ရှိအလုပ်ကို ကောင်းတယ်လို့ ယူဆပါလျှင်…

အလုပ်ကောင်းတစ်ခုကို မည်သို့ ထိမ်းသိမ်းရမည်ဆိုသည့် အခွင့်အရေးကို သင်ရရှိထားပါပြီ ။

ထိုအလုပ်ကောင်းခြင်း၏ အကျိုးကျေးဇူးပဲ သင်စားသုံးပါလျှင် သင်ဤအခွင့်အရေး ဆုံးရှုံးပါသည် ။

လက်ရှိအလုပ်ဆိုးတယ်လို့ ဆိုပါလျှင်…

သင်၏ ခံနိုင်ရည်ကို စမ်းသပ်ရန် အခွင့်အရေး ရရှိထားပါပြီ ။အလုပ်ကောင်းတစ်ခုရှာဖွေရန် သင်ဦးနှောက်ကို လိမ္မာပါးနပ်စွာအသုံးချရန် အခွင့်အရေးရရှိထားပါပြီ ။ အလုပ်အပေါ်စိတ် ပျက်ခြင်းကြောင့် ဤအခွင့်အရေး ဆုံးရှုံးနိုင်ပါသည် ။

လက်ရှိမိသားစုကောင်းတယ် လို့သင်ကြည်နူးစွာ ခံစားမိပါလျှင်

မိသားစုနှင့် ပျော်ရွှင်စွာ ဘဝတိုးတက်ရေးများကို ဆွေးနွေးတိုင်ပင်လျှက် ငြိမ်းချမ်းစွာ လျှောက်လှမ်းနိုင်နေပါပြီ ။ လွန်ကျွံစွာ စွဲလမ်းမှု ဖြစ်နေမည့် အစား မိမိအမှား သူတစ်ပါးအမှား များကို စောင့်ကြည့် ရန် တာဝန် ရှိသကဲ့သို့ လက်ရှိမိသားစုလေး ပျော်ရွှင်စွာ ဆက်လက်ခိုင်မြဲနေဖို့ မိမိက သူတစ်ပါးကို နာခံရန် ထောက်ပြဝေဖန်နိုင်ရန် လိုပါသည် ။ မိမိကလည်း မိမိ အမှားသေးသေးပင် ဖြစ်လင့်ကစား နာခံလွယ်ရန် လိုအပ်နေပါသေးသည် ။ စိတ်လွတ်လက်လွတ် ခင်မင်နေကြပါလျှင် မကြာခင်မှာပဲ လက်ရှိအခြေအနေလေး ပြိုကွဲသွားနိုင်ပါတယ် ။

လက်ရှိမိသားစုအပေါ် သင်စိတ်ပျက်နေပါလျှင်

ပျော်ရွှင်နေသော မိသားစုများ၏ အားသာချက်များကို လေ့လာရန် အခွင့်အရေးများ ရရှိနေပါပြီ ။ မိမိ၏ စိတ်ရှည်သည်းခံမှု ၊ မေတ္တာထား၍ စောင့်ရှောက်မှုတို့ကို ပြသရန် အချိန်အခါရောက်နေပါပြီ ။

ဒေါသတရားနှင့် ရှောင်ဖယ်လိုစိတ် တွေနဲ့ တုန့်ပြန်မိလို့လည်း ဒီအခြေအနေက လွတ်မယ်ထင်ပါသလား ။

သြော်..မေ့လို့ဗျာ

ကျွန်တော်ဆရာကလည်း လစာတော့ကောင်းပါရဲ့ ။မိသားစုနဲ့ ခွဲရလို့တဲ့

စိတ်ဆင်းရဲနေလို့လည်း မိသားစုနဲ့ အတူနေရမှာမှ မဟုတ်တာလေ ဆရာရယ် ။ ကိုယ်က သူတို့အတွက်အကောင်းဆုံးလုပ်ပေးနေတာပဲလေ ။ နောက်မခွဲရအောင်တော့ ကြိုတင်စဉ်းစားဖို့

အခွင့်အရေး ရနေပြီပေါ့ဗျာ ။ အလုပ်မှာ pressure များတယ်တဲ့လား ဆရာရယ် ။ အဲဒီ pressure တွေ ကျွန်တော်လိုချင်တာ ။ အရည်အချင်း မရှိလို့ ။

လက်ရှိစီးပွားရေး ကောင်းတယ်ဆိုပါလျှင်

အမှောင့် ပယောဂတွေကို ရှောင်တိမ်းလို့တစ်သွယ် ဖြတ်ကျော်လို့တစ်ဖုံ ဖြတ်သန်းနေရတဲ့ ကာလတစ်ခုပါ ။ စည်းစိမ်ချည်းပဲ ခံစားနေလို့ကတော့ လက်ရှိစီးပွားရေးကောင်းတာမဟုတ်ပါ ။

မိမိရဲ့ အကျင့်သီလ ၊ စဉ်းစားညဏ်တွေကို အင်နဲ့အားနဲ့ ဖျက်စီး ခံနေရတာပါ ။ အဲ ညဏ်လေးများ သတိလေးများကောင်းရင်တော့ ဆေးစက်ကျရာ အရုပ်ထင်တာပေါ့ဗျာ ။

လက်ရှိစီးပွားရေး ဆိုးတယ်ဆိုပါလျှင်

စီးပွားရေး ကောင်းမွန်နေဆဲ လုပ်ငန်းရှင်များကို လေ့လာရန် အချိန်ရသွားတာပါ ။ သူ့ထက်ကောင်းတဲ့ အလုပ်လည်း မျှော်လင့်လို့ ကောင်းနေသေးတာပေါ့ ။ ကံကောင်းရင် တရားပါသိနိုင်ပါတယ် ။

စိတ်ပျက်နေလို့ကတော့ မိတ်ဆွေ ။ ဟားတိုက်လို့ ရယ်နေကြမယ့်သူတွေကို မြင်ကြည့်လိုက်စမ်းပါဗျာ ။ သူတို့ တစ်နေ့ ရှုံးတယ်လို့ ကြွေးကြော်နိုင်အောင် စိတ်ထဲမှာ ကြုံးဝါးထားလိုက်ပါတော့ ။

စေတနာလည်း မိတ်ဆွေတို့လို ပဲ ကြုံးဝါးနေတယ်ဆိုတာ သိရင် ကျွန်တော်တို့ဟာ မိတ်ဆွေတွေပေါ့ဗျာ ။

လက်ရှိကျွန်တော်တို့ရဲ့ နိုင်ငံရေးကတော့ ….

စေတနာ့ကို အိမ်မက်ဆိုးတွေ ပေးခဲ့ဖူးပါတယ် ။ အဲဒီ အိမ်မက်ဆိုးတွေဟာ ကျွန်တော်တို့ရဲ့ မျိုးဆက်တွေ ဆက်မမက်စေဖို့ ကြိုးစားရတော့မှာပါ ။ တကယ်တော့လည်း အားလုံးမှာ အရည်အချင်း

ကောင်းတွေ ရှိနေပါသကော ။ အဆိုးတရားတွေ ဖုံးလွှမ်းနေတာကိုတော့ နိုင်ငံရေးသမားတစ်ယောက်မဟုတ်ပေမယ့် မျိုးချစ်စိတ် ရှိတဲ့လူတစ်ယောက်အနေနဲ့ ကြိုးစားရှင်းလင်းတင်ပြတော့မှာပါ။

မှန်တယ်မှားတယ်ဆိုတာ စာဖတ်သူ စိတ်ကြိုက်ပါဗျာ ။ ကျွန်တော်ကတော့ ကြိုက်တဲ့ပရိသတ်ဆီကရော မကြိုက်တဲ့ ပရိသတ်ဆီကရော ပညာရအောင် ယူဖို့ပဲ ကြိုးစားနိုင်ခွင့် ရှိပါတယ်ဗျာ ။

လက်ရှိအခြေအနေတွေအားလုံးဟာ ညီမတွေ အမတွေ နှင်တကွ အားလုံးသော လူသားတွေအတွက် အခွင့်အရေးတစ်ခုအဖြစ် ဖန်တီးနိုင်ကြပါစေလို့ ဆုတောင်းလျှက်….

စေတနာ

03.05.2009(013း1)

ဒီနေ့လို့ ပြောရရမလား ။ မနေ့က လို့ ပြောရမလား ။ 04.05.2009(စနေနေ့)ပေါ့ဗျာ ။စေတနာတို့ သေးပေါက်ရဲဘော် (အဲလေ) စာပေညီအကိုတွေဖြစ်တဲ့ နေစိုးနိုင်တို့ ကိုလွင်းမင်းခန့်တို့

လူချောလေး မောင်စေတနာတို့ တွေ့ဆုံကြတဲ့မို့လို့ အမှတ်တရနေ့လေးပါပဲ ။ အဲလိုပါပဲ ။ စေတနာ့စာတွေကို မပျင်းမရိ ဖတ်ပေးတဲ့ အမလား ညီမလားတော့မသိ ။စေတနာက ရုပ်ပျိုတော့

အမပဲဆိုပါတော့ ။ စေတနာ့ကို စကားပြောတဲ့အတွက် မေတ္တာငတ်သူ စေတနာ ဝမ်းသာရပါတယ် ။ ဆတ်ဆလူးအသွင် မဟုတ်ပဲ ရင့်ကျက်တဲ့ ၊ အိနြေ္ဒသိက္ခာရှိတဲ့ အသွင်ရှိတဲ့ အသံလေးကို

ကြားရတော့ ကြည်နူးမိပါတယ် ။(ကြုံရင်မုန့်ဝယ်ကျွေးဖို့ မမေ့နဲ့နော်)

ဒါပေမယ့် အမရယ် ။ စေတနာ ပြောချင်တာကို နားဝင်အောင်ပြောတတ်ဖို့က လူတွေကြားက ရိုးရိုးလူဖြစ်နေမှ စေတနာ ပညာရမှာပါ ။ စေတနာ့စာတွေဟာ လူတွေရဲ့ စိတ်ကို နိုင်သလောက်လေး

လိုက်ဖတ်ရင်းက ရလာတာမို့ နောက်များ ဖုန်းပြန်မပြောတာ ရှိခဲ့ရင် အညတရ မောင်စေတနာ ဘဝင်မြင့်တယ်လို့ မမြင်လိုက်ကြပါနဲ့ ။အဲ့ဒီ မေတ္တာတွေကို လိုလိုလားလားကို တောင့်တခဲ့တာပါ ။

ခုများတော့ အချိန်က စေတနာ့ကို ချုပ်နှောင်ထားပါတယ် အမရယ် ။

ဒါပေသော်ငြား …

စိတ်ရှုပ်စရာ အမတို့ရဲ့ ခံစားချက်တွေ ရှိခဲ့ရင် သော်လည်းကောင်း ၊စေတနာ စာတွေက တစ်ခါတစ်ရံ စာပေဒေါသ သင့်စရာ ဖြစ်မှာစိုးလို့ ဆောင်းပါးရိပ်ခြေပဲ တင်ပြခွင့် ရတာမို့လို့ မရှင်းမလင်းရှိခဲ့ရင်

ကျွန်တော်မေးလ်လေးကို အမတို့ စိတ်ကို မြင်နိုင်တဲ့အထိ ရေးပြီး မေးမြန်းခြင်းဖြင့် စေတနာ့ကို ကူညီနိုင်ပါတယ် ။ ခုတလောတော့ စေတနာ အလုပ်များလွန်းနေလို့ chatting တော့ အဆင်ပြေမယ်

မထင်ဘူး ။ မီးအနီလေးမြင်ရင်တော့ မျောက်မှိုင်မှိုင်နေတဲ့ စေတနာ့ကို မြင်ယောင်စမ်းပါတော့ကွယ် ။ မည်သည့်မေးလ်ကို မဆို အချိန်ကန်.သတ်မှုကြောင့် အနှေးနဲ့ အမြန်ကွာပေမယ့် အားလုံးနဲ့ ဆွေးနွေးနိုင်အောင် ကြိုးစားနေပါတယ်။


စေတနာ

04.05.2009(00:31)

No comments: