Monday, May 18, 2009

ဘ၀ ပဲ့ကိုင်ရှင်များသို့

သူမဟာ…

ပညာအရည်အချင်းအားဖြင့် လေးတန်းသာရှိပါတယ် ။ သူမရဲ့ ဖခင်ဟာ သူကြီးတစ်ယောက်ရဲ့ သားဖြစ်ပေမယ့် စီးပွားရေးကို သိပ်အလေးမပေးတော့တဲ့ တရားသမား ငြိမ်းချမ်းရေးသမား တစ်ယောက်ပါ ။ မိခင်ဟာလည်း အပျိုဖော်ဝင်မှ သေဆုံးသွားခဲ့တဲ့ သမီးကြောင့် အပူမီးတွေ ဝိုင်းနေခဲ့တာပေါ့ ။ မွေးရပ်မြေကလည်း ကူသန်းရောင်းဝယ်ခက်ခဲတဲ့ တောကျေးလက်ဆို တော့ ဘဝကို ပင်ပန်းကြီးစွာ ရုန်းကန်ခဲ့ရတာပေါ့ ။

မှန်တယ်ထင်လို့ကတော့ ငရဲပြည်ပဲ သွားရ သွားရ ဆိုတာ သူမပေါ့ ။ ဓားနဲ့မိုးထားရင်တောင် အသံတိုးသွားလိမ့်မယ်လို့ မမျှောင်လင့်လိုက်ပါနဲ့ ။ အဲ…မှားတယ်ထင်ရင်တော့ ဦးချဖို့ ဝန် မလေးတဲ့ သူမပါပေ ။

သူမကို ဘယ်သူလို့ ထင်ပါသလဲ…

စေတနာ့အမေပဲ ဖြစ်ပါတယ် ။

ကျွန်တော်တို့မောင်နှမတွေအတွက် ငယ်ငယ်တုန်းက အမေသုံးခဲ့တဲ့ လက်နက်ကတော့ တုတ်စကြ်ာပဲဖြစ်ပါတယ် ။ အဲဒီ တုတ်နဲ့ ခဏ ခဏညားခဲ့တာလည်း စေတနာပဲ ဖြစ်ပါတယ် ။ အဲ…သားသမီးတွေ ကြီးလာတော့ အမေက လက်နက်ပြောင်းသုံးပါတယ် ။ အဲဒီလက်နက်က တော့ ပါးစပ်သေနတ်ပဲ ဖြစ်ပါတယ် ။

သားသမီးတွေကို ပူညံပူညံလုပ်တဲ့ နေရာမှာတော့ နှစ်ယောက်မရှိဘူးလို့ ထင်ပါတယ် ။ ဆူဖို့ ဆိုလို့ကတော့ ထမင်းအသက်ခုနှစ်ရက်တို့ ရေအသက် တစ်မနက်တို့ သိပ်ဂရုမစိုက်တတ်ဖူး။ ရွေးချယ်ခွင့်သာရမယ်ဆိုရင်လေ စေတနာ ငယ်ငယ်တုန်းက တုတ်လက်နက်ကိုပဲ ရွေးချင်ပါ တယ် ။ စကားလုံးကြီးကြီးနဲ့ ပစ်ထည့်လိုက်လို့ကတော့ ရင်ဘတ်အောင့်သွားမယ်သာမှတ် ။

စေတနာက ငယ်ငယ်ကတည်းက အနစ်နာခံတာ ဝါသနာပါပါတယ် ။ ညီအကိုမောင်နှမတွေ အားလုံး လိမ္မာရေးခြားရှိရလေအောင်ဆိုပြီး အကျင့်ဆိုး ဉာဉ်ဆိုးမှန်သမျှ စေတနာတစ်ယောက် တည်း ရယူပိုဆိုင်ခဲ့ပါတယ် ။ ကျန်တဲ့မောင်နှမတွေ ဆိုးဖို့မကျန်လောက်အောင်ကိုပဲ စေ့စပ် သေချာလွန်းလှတဲ့ စေတနာပဲ ဖြစ်ပါတယ် ။

လူတိုင်းဟာ လောဘ ၊ ဒေါသ ၊ မောဟ နဲ့ မကင်းကြဘူးလို့ ဘုရားဟောရှိခဲ့ မဟုတ်လား ။ ဒီတော့ စေတနာ တစ်ယောက်ငယ်ငယ်တည်းက လိုချင်စိတ်တွေ ဖြစ်ခဲ့ဖူးတာပေါ့ ။ သူများ ဟာဆိုလည်း ကိုယ့်ဟာလို့ပဲ သဘောထားပေးခဲ့တာပေါ့ ။ ဟဲ ဟဲ ဟဲ အမှန်က ကိုယ့်ကိုယ် ကို သူခိုးဉာဉ်ပါတယ်လို့ ပြောချင်ဘူးဗျာ ….

စေတနာတိုတာ ၊ ဝှက်တာများ အမေသိလို့ကတော့ စေတနာတစ်ယောက် သိကြားမင်းရဲ့ ကြိမ်စကြ်ာဘယ်လောက်စွမ်းလဲ ဆိုတာ သဘောကောင်းကောင်းပေါက်ခဲ့ပါတယ် ။ အမေကလေ.. အမေ့အတွက် ယူတာပါလို့ပြောလည်း ဆော်တာပါပဲ ။ ကျွန်တော့်အတွက်ဆို လည်း တီးတာပါပဲ ။ အင်း…စေတနာလည်း ငကြောက်ပဲဟာ ။ နောက်ဘယ်ယူရဲတော့မလဲ ။

ခုဆို စေတနာရှေ့ လက်စွပ်တစ်ကွင်းလာထားရင်တောင် ယူတော့ဘူး ။ ပြန်ပေးရမှာ သေချာ နေတာပဲလေ ။

နောက်တစ်ခုဖော်ပြချင်တာက စကားပြောတာနဲ့ ပက်သက်ပါတယ် ။ စေတနာက ငယ်ငယ် တည်းက ညဏ်ကို လွှာသုံးတတ်ခဲ့ပါတယ် ။ ဘယ်လိုလဲဆိုရင်…

စေတနာငယ်ငယ်က သူများဆဲတာကြားရင် အရမ်းဆဲချင်ခဲ့တာပေါ့ ။ အင်း အမေကလည်း တစ်ခါတစ်လေလေးများတောင် ဆဲခွင့်ပြုမထားဘူးဗျာ ။ အရမ်းရက်စက်တာပဲ ။ ဒီလိုနဲ့ တစ်နေ့တော့ စေတနာ့သူငယ်ချင်းတစ်ယောက်က စေတနာ့ရှေ့မှာ အားရပါးရဆဲတော့လေ။ စေတနာ အရမ်းဆဲချင်ခဲ့တာပေါ့ ။ ဆဲရင်လည်းအမေက ရိုက်ဦးမယ် ။ ကွယ်ရာမှာဆဲရင် သူများမကြားရင် အရသာက ရှိမှာမဟုတ် ။ သူများရှေ့ဆဲမိရင်လည်း ပြန်တိုင်ကြမှာပါ ။ အတို့ အထောင်များတော့ ငယ်ငယ်တည်းက ကြောက်တတ်ခဲ့တာ ။ဒီတော့ပါမစ်ရအောင်ယူခဲ့ပုံက..

ခပ်တည်တည်နဲ့ အမေရှေ့ကိုသွားပါတယ် ။ ပြီးတော့ အမေရေ ဒီကောင်ကတော့ဖြင့် သူများ တကာကို ဒီလိုဒီလိုဆဲပါတယ်ဆိုပြီး သူများဆဲတာပြန်ပြောသလိုနဲ့ စေတနာ့ပါးစပ်က အဆဲ ထွက်ပါတယ် ။ အမေကလည်း စေတနာ့အမေပဲဟာ ။ ဘယ်ရမလဲ ။ တီးတာပေါ့ ။ သူများဆဲ တာပဲဖြစ်ဖြစ် ဒီပါးစပ်က ထွက်ရသလားဆိုပြီး တီးလိုက်တာ တော်တော်လေးအီစိမ့်သွားခဲ့တာ ပေါ့ ။ ဒီလိုနဲ့ စေတနာ တစ်ယောက်လည်း နုတ်ချို လျှိုတစ်ပါးဆိုတဲ့ စကားပုံကို မကျက်ရဘဲ နဲ့ကို အလွတ်ရခဲ့တာပေါ့ ။

အင်းစေတနာ့ အဆိုးဂုဏ်ပုဒ်တွေကို ကြွားလုံးထုတ်ရရင်တော့ ကျမ်းတစ်စောင်ဖွဲ့လို့ရပါတယ် ။ အမေအသေးစိပ် လိုက်ဆူထားတာလည်း တော်တော်လေးကို စဉ်းစားမှ စုံမှာပါ ။ စေတနာ ကလည်း သိပ်မကြွားတတ်ပါဘူးလေ ။ ဒါလေးရေးတာတောင် …

စေတနာတို့ အရွယ်တွေ ခုဆိုမိဘနေရာ ရောက်နေကြပြီလေ ။ စေတနာသာ အချစ်ကံမွဲသူမို့ ဒုံရင်းပဲ ဖြစ်နေတာ ။ ဆိုတော့ သူတို့ကို သိစေချင်တာပါ ။ လိုအပ်တော့ ယူသုံးကြပေါ့ဗျာ ။ ခုတလော ဖြစ်နေကြတဲ့ ရွက်ကြွေမတို့ အဖြစ်မျိုး ၊ ကိုငဆိုး မောင်ငတေတို့ အဖြစ်မျိုးကြား တိုင်းစေတနာလေ နားပူရတဲ့ အမေ့ကို သတိရမိပါတယ် ။

အမေတိုင်း အမေတိုင်းဟာ သားသမီးတိုင်းကို ချစ်ကြပါတယ်ဗျာ ။ ချစ်ကြတဲ့ ပုံစံလေးတွေ သာ ကွဲပြားခြားနားကြတာပါ

သြော်…အမေဆိုတာ သားသမီးတွေရဲ့ ဘဝပဲ့ကိုင်ရှင်များပဲ မဟုတ်ပါလားဗျာ ။

စေတနာ

16.05.2009(04း05)

5 comments:

♥ Acacia ♥ said...

အမေဆိုတာ သားသမီးတွေရဲ့ ဘဝပဲ့ကိုင်ရှင်များပဲ ဆိုတာကတော့ အမှန်ဆုံးပဲ ဒီလိုဖတ်ရရင် အိမ်က ပဲ့ကိုင်ရှင်ကို လွမ်းမိပါရဲ့

နှင်းဆီနက် said...

စေတနာအရိုက်ခံရတာကိုသိတဲ့အတွက် အများကြီးဝမ်းသာမိပါကြောင်း.......
နဲ့သားသမီးတွေကိုလမ်းပြပေးတဲ့မိခင်ကောင်းရှိတဲ့အတွက် ၀မ်းသာဂုဏ်ယူပါကြောင်း.......

ခင်တဲ့
နှင်းဆီနက်

Anonymous said...

အရေးအသားနဲ့  တင်ပြထားတဲ့ style က သွက်လက်မြူးကြွတယ်....အကြောင်းအရာကလည်း စိတ်ဝင်စားစရာပါပဲ...အနှစ်ကတော့ “ ။အမေတိုင်း အမေတိုင်းဟာ သားသမီးတိုင်းကို ချစ်ကြပါတယ်ဗျာ ။ ချစ်ကြတဲ့ ပုံစံလေးတွေ သာ ကွဲပြားခြားနားကြတာပါ ။“ ပါပဲ....ကိုယ် ကကော ဘယ်လိုပုံစံနဲ့  ချစ်သင့်သလဲ...ဘယ်လိုပုံစံနဲ့  ချစ်ရမလဲ.....အဲဒီမေးခွန်းတွေ မေးမိစေတဲ့အတွက်...စေတနာ့ကို ကျေးဇူးတင်ပါတယ်...

လွင်မင်းခန့် 

flowerpoem said...

အမေဆိုတာ အားလုံးဒီတိုင်းကြီးပါပဲရှင်..

Anonymous said...

ကိုယ်တို့မောင်နှမ ကျတော့ စည်းစည်းလုံးလုံး ချစ်ချစ်ခင်ခင် နဲ့ကိုဆိုးခဲ့ကြတယ်...အဲလိုဆိုးခဲ့သမျှကို လမ်းပြဆုံးမချစ်ခင်ခဲ့တဲ့ ဘ၀ရဲ့ပဲ့ကိုင်ရှင် မေမေ့ကို ပါးစပ်ကျန်းမာရေးကောင်းတယ် နားညည်းတယ် ဆိုပြီး မှတ်ချက်ချခဲ့ဖူးတယ်.....
သိပ်လွမ်းတာပဲကွာ....
အဲလိုအမှန်တရားတွေကို ကွက်ကွက်ကွင်းကွင်းနားလည်အောင် ပုံဖော်ပေးသွားတဲ့ ကိုစေတနာ့ကို အရမ်းကျေးဇူးတင်ပါတယ်....
ဘ၀ရဲ့ပဲ့ကိုင်ရှင်များဖြစ်တဲ့အမေများအားလုံးချမ်းမြေ့ပါစေ........