Monday, April 13, 2009

သင်္ကြန်တွင်းမှာဗျာ…


အင်း… ဘာလိုလိုနဲ့ သင်္ကြန်တောင် တစ်ခေါက်ပြန်ရောက်တော့မှာပါလား ။ troubleshooting ဆိုတဲ့ title လေးကို အဆုံးသတ်ဖို့ ကြိုးစားရင်းနဲ့ ဖြုန်းဆို သင်္ကြန်ဆိုတဲ့ အသိက ရင်ထဲ ရောက်လာတယ် ။ သင်္ကြန်ဟေ့ဆို အဝေးရောက် မြန်မာတွေ အရင်ဆုံးတမ်းတမိတာကတော့ အမိမြန်မာပြည် ပါပဲ ။ မြန်မာပြည်ဆိုရင်လည်း မရှိတဲ့ချစ်သူကိုပဲ တမ်းတမိသလိုလို ။ ပျော်ခဲ့ဖူးတဲ့ သင်္ကြန်များထဲက အပေါင်းအသင်းများအကြောင်းတွေးမိလို့ ကျိတ်ပြုံးမိတာ လည်း ခဏ ခဏ ။ အင်း..လွမ်းနေရဦးမယ့် တို့များ ဘဝ ။

တွေးရင်းတောရင်း လွမ်းမောရင်းနဲ့ အတိတ်က အဖြစ်အပျက်တစ်ခုကို သွားသတိရမိတယ် ။ စပယ်ယာဘဝ အမှတ်တရသင်ခန်းစာများထဲက တစ်ခုပေါ့ဗျာ ။ အဲဒီတော့ ရှယ်ယာ လုပ်ချင် လာတယ် ။နေစိုးနိုင်ကလည်း ပြောဖူးတယ် ။ “ကျွန်တော်ဆီလာလည်တဲ့သူတွေထဲမှာ အများက ကျွန်တော်တို့ထက် ငယ်ကြတယ်အကို”တဲ့ ။ ဒီတော့လည်း ဆိုရေးရှိက ဆိုအပ်စွ ဆိုတဲ့အတိုင်း ဆရာလုပ်ကြည့်တာပေါ့ဗျာ ။ အဟားးးးးးးး။

တကယ်တော့ သင်္ကြန်ကို လွမ်းတယ်သာပြောတာ ။ ကျွန်တော့်ဘဝမှာ သင်္ကြန်လျှောက်လည် ဖူးတာဆိုလို့ မှတ်မှတ်ရရ တစ်ခါပဲ ရှိဖူးတယ် ။အဲဒါကလည်း သူများက အလကားခေါ်လို့။ အဲဒီတစ်ခါကလည်း တစ်ခါဆိုသလောက် မှတ်မှတ်သားပါပဲ ။ ခါးသက်တဲ့အရသာပြောတာ။ ကျွန်တော်ကပဲ မခံစားတတ်တာလားတော့ မပြောတတ်ပါဘူး။ ရေပက်တယ်တဲ့ဗျာ ။ မီးသတ် ပိုက်တွေနဲ့ မတအား ထိုးပက်လိုက်ကြတာဗျာ ။ အမအရွယ် ၊ညီမအရွယ်တွေ ကာအိနြေ္ဒပျက် လောက်အောင် ဖြစ်ကြမှာတွေကို သူတို့ပဲ မတွေးတတ်တာလား ။ ကျွန်တော်ကပဲ သည်းသည်းလှုပ်တာလားတော့ မပြောတတ်ပါဘူး ။

နောက်ပြီး ရှိသေးတယ် ။သင်္ကြန်ရောက်ရင် အရက်သောက်မှ ပိုပျော်ဖို့ကောင်းတာလို့ ဘယ်သူကများ သြဝါဒချမှတ်ခဲ့လည်းမသိ ။ အရက်တွေသောက်လိုက်ကြတာဗျာ ။ အရက်ဈေးတွေက သက်သေရှိတယ် ။မြူးမြူးကြွကြွလေး ဖြစ်သွားအောင် အချမ်းပြေအောင် အထိုက်လျောက် နည်းနည်းပါးပါးသောက်တယ်ဆို ကျွန်တော်မပြောပါဘူး ။အခုတော့ လူသောက်မသောက် ကြဘူးဗျာ ။ လူလိုမသောက်ပါဘူးဆိုမှတော့ ခွေးတွေ ၊နွားတွေလို အချင်းချင်းရန်ဖြစ်ကြ ၊ ပတ်ဝန်းကျင်ကို နှောက်ယှက်ကြနဲ့ သင်္ကြန်ကို အရုပ်ဆိုးအောင် သူတို့မို့ လုပ်ရက်ကြတယ်ဗျာ ။ သူတို့လည်း သင်္ကြန်ပြီးရင် ရုပ်ပြမလှသလို ပတ်ဝန်းကျင်မှာလည်း စိတ်သောကတွေ ဖြစ်ခဲ့ကြရတယ်ဗျာ ။

ကျွန်တော်အဲသလိုပြောလို့ သင်္ကြန်ကို စိတ်ပျက်အောင် ပြောနေတယ်လို့ မထင်စေချင်ဘူး ။ သင်္ကြန်ဆိုတာ တကယ်တော့ လာခြင်းကောင်းခဲ့ပါတယ်ဗျာ ။ ရည်ရွယ်ချက်ကောင်းတွေနဲ့ မွေးဖွားလာခဲ့တာပါ ။ ခုချိန်ထိလည်း အစဉ်အလာကောင်းတွေ ရှိနေဆဲပါ ။ တစ်ဦးနဲ့တစ်ဦး အေးချမ်းစေလိုတဲ့ ရည်ရွယ်ချက်တွေနဲ့ အမွှေးနံ့သာရည်တွေနဲ့ ပက်ဖြန်း တာတွေ ၊ သက်ကြီးရွယ်အိုတွေကို ခေါင်းလျှော်ရေချိုး ကုသိုလ်ပြုလုပ်တာတွေ ၊ ဥပုဒ်သီလဆောက်တည် ကြတာတွေ ။အို စုံလို့ စုံလို့ပါပဲ ။

ဒါဆိုဘာလို့ပြောနေသလဲဆိုရင်….

ကျွန်တော်ပြောခဲ့တဲ့ အစဉ်အလာကောင်းတွေ ဆိုတာက ဟိုး..ပဝေသဏီကတည်းက ခုထိတိုင်အောင် ရှိနေတာ ။ ကျွန်တော်ပြောခဲ့တဲ့ အကျင့်ဆိုးတွေဆိုတာက သက်တမ်းနုနု လေး ။ အလွန်ဆုံးရှိမှ ကျွန်တော့်တစ်သက်ရယ် ။ ပြောချင်တာက ပြင်မယ်ဆို ပြင်လို့ရတယ် ။ ပြင်သင့်တဲ့ အကြောင်း ။

ကျွန်တော်က ကိုယ့်လူမျိုး ဂုဏ်တက်အောင် ကျွန်တော်မြင်တဲ့ အမှားတွေကို ထောက်ပြ ဝေဖန်တာ ။မြန်မာစာနဲ့ မြန်မာတွေသိအောင် တင်ပြရုံသက်သက်သာ ။

အဲ.. နိုင်ငံခြားသားများ ကျွန်တောမြင်သလို မြင်လို့ကတော့ အင်္ဂလိပ်စကားနဲ့ ကမ္ဘာသိအောင် ဖြန့်မှာ ခင်ဗျ ။

စပယ်ယာဘဝ သင်ခန်းစာလေးနဲ့ အဆုံးသတ်ရအောင်ဗျာ ။

သင်္ကြန်တွင်း အကြောင်းအမျိုးမျိုးကြောင့် အပြင်ထွက်လည်ခဲတဲ့ကျွန်တော် ။ သင်္ကြန်တွင်း စပယ်ယာလိုက်ရမှာတော့ ပျော်တယ်ဗျ ။ ဘာလို့လဲသိလား ။ငွေလေ ငွေ ။ အားလုံးသည်းခြေ ကြိုက်ငွေ ရှာလို့ကောင်းတယ်ခင်ဗျ ။ သင်္ကြန်တွင်းနေ့တစ်နေ့ ။ ကျွန်တော်စပယ်ယာ လိုက်တဲ့ကားပေါ်မှာ ကျွန်တော့် ခရီးသည် မိန်းမပျိုလေးရဲ့ အဖြစ်အပျက်ပါ ။

အဲဒီအမနဲ့ ကျွန်တော်အကြောင်းလည်း ပြောရအုံးမယ် ။ ဒီအမနဲ့ ကျွန်တော်က ရေစက်ရှိပုံ ရတယ် ။ သူက ကျွန်တော့်ကားကို အမြဲလိုလိုစီးတယ်ခင်ဗျ ။ သူအမြဲလိုလို မြို့ထဲကိုသွားတိုင်း ကျွန်တော့်ကားကို စောင့်စီးလေ့ရှိတယ် ။ဟိုလိုလို ဒီလိုလိုစိတ်နဲ့လည်း မဟုတ်ဘူးခင်ဗျ ။ ကျွန်တော်တို့ စကားလည်း မပြောဖြစ်ကြပါဘူး ။အဲလိုနဲ့တစ်နေ့…

သင်္ကြန်တွင်းရက်တစ်ရက်မှာ သူမ ထုံးစံအတိုင်း ကျွန်တော့်ကားကို စီးတယ်ခင်ဗျ ။ သူမဆင်းမဲ့ မှတ်တိုင်ရောက်တော့ ကျွန်တော်ကားရပ်ပေးလိုက်တယ် ။ သူမကအဆင်း ကျွန်တော်ကားက အရပ် ။အဲဒီမှာ လျပ်စီးလက်တော့တာပဲ ။ သူမအဆင်းမှာလေ ။ ကားအောက်ကနေ မတရားထိုးပက်လိုက်တဲ့ရေကြောင့် သူမဝတ်လာတဲ့ အဝတ်အစားတွေ ဖရိုဖရဲဖြစ်ပြီး အရှက်ရတော့မလို့ ။အစ်ကို အစ်ကို လုပ်ပါဦးဆိုပြီး ကျွန်တော့်ကို အကူအညီ တောင်းခဲ့တာလေ ။

သင်္ကြန်တွင်းမှာဗျာ…

ကိုယ့်အင်္ကျီအဝတ်အစားကို ဆင်ဆင်ခြင်ခြင်ဝတ်သင့်ပါကြောင်း အမတို့ ညီမတို့ခင်ဗျာ ။

ဒီလိုမျိုးလည်း ကြုံရတတ်ပါတယ်လို့။

မင်္ဂလာရှိသော နှစ်သစ်ဖြစ်ပါစေ ။

စေတနာ

13.04.2009(00း27)

ဓာတ်ပုံ ကို အင်တာနက်မှ ရယူပါသည်။

No comments: