ကျွန်တော် ၆ တန်းဖြေ ပြီးတော့ နွေရာသီကျောင်းပိတ်ရက်မှာ ပုဂံညောင်ဦး ကို ပထမ ဆုံးအကြိမ် ရောက်ဖူးပါတယ်။ ညောင်ဦး ကိုရောက်တော့ ရွှေစည်းခုံ ဘုရား က တည်းခိုဆောင်တွေမှာ တည်းကြပါတယ်။ သဒ္ဓါကြေး အလှူငွေထည့်ပြီး တည်းရတာပါ။ ဘုရား အနီးမှာ ဖြစ်တာမို့ ဘုရားပေါ်ကို အမြဲရောက်နေတတ်ပါတယ်။ ဘုရား ပရ၀ုဏ် အတွင်းမှာ အရမ်းကြီးတဲ့ ခရေပင်ကြီး တစ်ပင်ရှိပါတယ်။ ခရေပွင့်လိုက်ကောက် ရတာ ပျော်စရာကောင်းပါတယ်။ မွှေးလည်းမွှေးတာကိုး။ ဒီလိုခရေပန်းသွားကောက်ရင်း ဘုရားလူကြီး တစ်ယောက်က ပြောပါတယ် ဘုရားမှာ ရှိတဲ့ထူးခြားချက်တွေ ။ ထီးတော်ကို ရေခွက် ကလေးကနေ ထီးတော် ကို လှမ်းကြည့်နိုင်ပုံ ၊ ( သိကြားမင်း လုပ်ထားတာလို့ပြောပါတယ်။ ဒါပေမယ့် ၁၀ တန်းမှာ အလင်း အကြောင်းကို သင်လိုက်ရချိန်မှာ မယုံတော့ပါဘူး ) နောက်ပြီး ခရေပင်ကြီး အကြောင်း ။
ရွှေစည်းခုံ ဘုရားပရ၀ုဏ် အတွင်းရှိ ခရေပင် ကြီးမှာ ၁၂ ရာသီ ပွင့်ကြောင်း ပြောပြပါတယ်။ ကျွန်တော် အရမ်းအံ့သြသွားတယ်။ ပန်းတွေအမြဲပွင့်နေတဲ့ ခရေပင် ဆိုတာ မြင်မှ မမြင်ဖူးတာ။ ဒါနဲ့ ကျွန်တော် စိတ်ကူး ရပါတယ်။ ခရေပင် မျိုး ကွာလို့နေမှာပဲ စမ်းကြည့်မယ် ဆိုတဲ့ စိတ်ကူးနဲ့ ခရေစေ့တွေ လိုက်ကောက်ပါတော့တယ်။ အများကြီးရတာပါ။ အတူသွားကြတဲ့ အဒေါ်တွေကတောင် ဘာမှမဟုတ်ဘဲ လိုက်ကောက်နေတယ် လို့ အဟောက်ခံရပါသေးတယ်။
ဒါပေမယ့် ရွှေစည်းခုံ က ခရေစေ့ပေါင်း များစွာကို အိမ် အရောက်သယ်လာနိုင်ခဲ့ပါတယ်။ အိမ်ရောက်တော့ အစေ့တွေကို စိုက်ထားပါတယ်။ အစေ့တွေအားလုံး ကို တစ်နေရာထဲမှာ စုပြုံ ထားခဲ့မိလို့ အပင်ပေါက်လာတော့ ပြွတ်သိပ် နေတာပါ။ ဒီလိုပစ်ထားတာ နောက်တော့ (၇) ပင်လောက်ပဲကျန်ပါတော့တယ်။ ကျွန်တော် ၁၀ တန်းအောင် တဲ့ အထိ ဒီခရေပင် ကလေး တွေ က တတောင် လောက် ကနေ ကြီးမလာပါဘူး သေလည်းသေမသွားပါဘူး။ နောက်တော့ ဘုန်းကြီး ကို သွားလျှောက်တယ် ဘုန်းကြီးကျောင်းမှာ စိုက်ချင်လို့ ဘုန်းကြီး က စိုက်ချင်ရင်ဘုရားထဲမှာ စိုက် လို့မိန့်ပါတယ်။ ဒါနဲ့ ဘုရားဝင်း အတွင်း မှာ စိုက်ဖို့ ပြင်ဆင်ရပါတယ်။ ခရေပင်က ခုနှစ်ပင် ဘုရားဝင်း က ကျဉ်းကျဉ်းလေး အပင်ကြီးလာရင် သစ်မြစ်က ဘုရားကို ဖျက်မှာလည်း စိုးရသေးတယ်။ ဒါကြောင့် ဘုရား ထောင့်တနေ ရာမှာ ပဲ အားလုံးကို စုပြုံစိုက်လိုက်ပါတယ်။
ခုတော့ ၃ ပင်လောက်ပဲ ကျန်ပါတော့တယ်။ သေကုန်တာ မဟုတ်ဘူး ။ သစ်ပင်တွေ က ပူးကုန်တာပါ။ ခုဆိုရင် ကျွန်တော်စိုက်ခဲ့တဲ့ ခရေပင် ကလေး က ပွင့်နေပါပြီ။ ဒါပေမယ့် ၁၂ ရာသီ ပွင့်တာတော့မဟုတ်ပါဘူး ။ သူပွင့်တဲ့ရာသီမှာပဲ ပွင့်တာပါ။
ထို့ကြောင့် ရွှေစည်းခုံ ဘုရားဝင်း အတွင်းရှိ ခရေပင်ကြီးနှင့် ပတ်သက်ပြီး ကျွန်တော့်လို သံသယ ရှိနေသူများကို ကျွန်တော်သက်သေ ပြပေးလို့ရပါတယ်။ ဒါဟာ သာမန်မဟုတ်ဘူးဆိုတာကို ပါ။
ကျွန်တော့် ရွာမှာ ခရေပင် က ကျွန်တော်စိုက်တဲ့ အပင်တစ်ပင် ပဲ ရှိတာပါ။ အားလုံးက ကျွန်တော် စိုက်တဲ့ အပင် လို့ပဲ ခေါ်ကြပါတယ်။ ကျွန်တော် အရမ်းပျော်တယ် ။
ကျွန်တော်တို့ ငယ်တုန်းက ရွာအ၀င်မှာ ကို့ကို ပင်ကြီး တစ်ပင်ရှိတယ် ။ အကြီးကြီးပဲ ။ တရွာလုံးက ဒီအပင်ကြီးကို ဒေါ်ဖွားတင် ကို့ကို ပင် လို့ ခေါ်တယ် ။ ကျွန်တော်တို့ရောပဲ ။ ဒါပေမယ့် ရွာမှာ ဒေါ်ဖွားတင် ဘယ်သူလဲ ဆိုတာ သိတဲ့လူမရှိတော့ဘူး။ ဒါကို ကျွန်တော်သဘောကျတယ်။
အခု ကျွန်တော် စိုက်ထားတဲ့ ခရေပင် ကလေးကို နိုင်နိုင့် ခရေပင် လို့ ခေါ်ကြပါတယ် ။ ( ရွာမှာ ခေါ်တဲ့နာမည် ) နောင်တစ်ချိန် ကျွန်တော်သေသွားခဲ့ ရင် ကလေးလေးတွေက နိုင်နိုင့် ခရေပင် က ခရေပွင့် တွေကို မနက် အစောကြီး ထကောက်ကြလိမ့်မယ်။ ဘုရားလှူတဲ့လူရှိမယ်။ သူပန်ဖို့ကောက်တဲ့လူရှိမယ်။ လက်ဆောင်ပေးဖို့ ကောက်တဲ့လူရှိမယ်။ ဒီခရေပင် လေးကြောင့် သူတို့တွေစိတ်ချမ်းသာကြမှာပါ။
ဘ၀မှာ စိတ်အကျေနပ်ဆုံး အလုပ်တစ်ခု ထဲမှာ ဒါလေးလည်းပါတယ်ဗျ။
ကျွန်တော် ဒီအပင်လေးကို သံယောဇဉ်ရှိတာကို မိသားစု ကလည်းသိတယ် ။ ဒါကြောင့် ဓာတ်ပုံ ရိုက်ပြီး ပို့ပေးလိုက်ကြတယ်။ ခရေပန်းလေးတွေ ပွင့်နေတယ် တဲ့။( အပင် အသေး ပုံ )
မိမိကိုယ်တိုင်စမ်းသပ်ပြီးမှ ယုံကြည်ပါဆိုတဲ့ ဗုဒ္ဓ ဘုရားရှင်ရဲ့ ဆုံးမ သြ၀ါဒ အတိုင်းပါပဲခင်ဗျား
(ဒီပို့စ်လေးက ဒီဘလော့ အတွက် ၁၀၀ မြောက် ပို့စ် ဖြစ်ပါတယ် )
လေးစားစွာဖြင့်
နေစိုးနိုင်
3 comments:
အစ်ကိုရေ....Post ပေါင်း၁၀၀ မြောက်အတွက်
Congratulation :) မှတ်တိုင်လေးတစ်ခုမှသည်
မှတ်တိုင်ပေါင်းမြောက်မြားစွာ အစ်ကို စိုက်ထူနိုင်ပါစေ ။
မြန်မာမြည် ပြန်ရင် နိုင်နိုင့် ခရေပင်အောက်မှာ ခရေပန်း
သွားကောက်အုံးမှ ။
ခင်မာလာအောင့် အပင်ဆိုပြီးလဲ စိုက်အုံးမယ် ..ဟဲဟဲ...
ဘာပင်ဖြစ်မလဲတော့မသိသေးဘူး။ :)
အင်း ကောင်းတယ်
တကယ်ပျော်ဖို့ကောင်းတယ်
လုပ်ကြည့်
ကိုနေစိုးနိုင်ရေ.....
ဟုတ်ပ...ခုမှ ကျွန်တော်လည်း သတိထားမိတယ်...
ငါ...ဘာပင်မှလည်း မစိုက်ရသေးပါလားလို့ လေ.....
ကျွန်တော်တို့ အားလုံး နောက်မျိုးဆက်တွေအတွက်...အနည်းဆုံး တစ်ပင်ပင် စိုက်သွားကြဘို့  တာဝန်ရှိကြပါတယ်....အရိပ်မရချင်နေ...အဆိပ်ပင်တော့ မဖြစ်စေကြနဲ့ ပေါ့ ဗျာ....
ကျွန်တော်တော့ ဆေးပင်တစ်ပင်လောက် စိုက်ရင် ကောင်းမလား စဉ်းစားနေမိတယ်....
LMK
Post a Comment