မှတ်ချက်။ ။ ဒီ ပို့ စ်လေးကိုတင်ဖို့ ကျွန်တော်အချိန်နဲနဲ ယူခဲ့မိပါတယ်။ စာရေးသူက ပေါ့ပေါ့ပါးပါး ပြုံးချင်စရာလေး ရေးထားပေမယ့် စာဖတ်သူတွေမှာ ပေါ့ပေါ့ပါးပါးဖြစ်မလာနိုင်စရာများ ရှိနေနိုင်မလားလို့  ကျွန်တော် နဲနဲ အတွေးခေါင်နေမိလို့ ပါ။ နောက်တော့ ကျွန်တော် စာဖတ်သူကို လျှော့တွက်ပြီး အစိုးရိမ်လွန်နေတာပဲလို့  အသိဝင်လာမိပါတယ်။ ဒီ ပို့ စ်လေးဟာ ရှေးကမြန်မာ့လူစွမ်းကောင်းများ ကို ပျက်ရယ်ပြုတာမဟုတ်သလို မြန်မာ့ရာဇဝင်ကို ပြုစုခဲ့တဲ့ ပညာရှိများကို သရော်တာလည်း မဟုတ်ပါ။ စာရေးသူကလည်း ဒါဟာ မော်ဒန်ပုံပြင် လေးမျှသာပါလို့  ဆိုထားပါတယ်။ အားလုံး လွတ်လတ်ပေါ့ပါးစွာ တွေးခေါ် ပြုံးရွှင် နိုင်ကြပါစေ... (လွင်မင်းခန့် )
(ဦးပေါင်းစင်းနှင့် မြင်းညိုရှင်မော်ဒန်ပုံပြင်)
ပုဂံပြည်ကြီးမယ် အလောင်းစည်သူမင်းကြီး နန်းတက်အုပ်ချုပ်စဉ်ကာလက ဆိုပါတော့ဗျာ။ ဘုရင်ကြီးက သက်တော်ရွယ်တော်ရပေမယ့် ရာဇမာန်က ကြီးလေတော့ နေရာတကာ ငါ ငါ ငါဆိုတာ ပြည်လုံးလျှံတဲ့ တေးသံလို့ ပြောရပေမပေါ့။ အဲ . . . မင်္ဂလတရားတော်နဲ့ အညီ ကျင့်တဲ့ မင်းလည်း ဖြစ်ပြန်တော့ နေရာတကာမှာ ညတကနစ္စသဂ်ဟော တရားတော် ကြီးနဲ့အညီ ကျင့်ကြံပေတာပေါ့ဗျာ။ တူတော်၊ မြေးတော်၊ မြစ်တော်တွေဟာ လက်ထက် တော်မှာ နေရာကောင်းတွေကြီး ယူထားကြတာကိုးဗျ။ အဲ . . . တခါသားမှာတော့ ဘ၀ရှင်မင်းတရားကြီးဟာ တူရွင်တောင်ခြေမှာရှိတဲ့ မဟာနန္ဒာကန်တော်ကြီးကို တိုင်းခန်း လှည့်တယ်ဆိုပါတော့ဗျာ။ အဲသည်အခါမှာ မင်းကြီးရဲ့ မှူးကြီးမတ်ရာ သေနာပတိတွေလည်း လိုက်ရသပေါ့ဗျာ။ မင်းတရားကြီးက သက်တော် ၇၀ ကျော် ၈၀ နီးပါးဆိုတော့ စင်္ကြလျှောက် တော်မူရတာ ငယ်ငယ်တုန်းက လိုတော့ ဘယ်သွက် လက်ပါတော့မလဲ ဖြည်းဖြည်း ဖြည်းဖြည်း ပေါ့ဗျာ။ ဒီလိုလျှောက်နေရင်း ကုန်းကမူကလေးတစ်ခု အပေါ်လှမ်းအတက်မှာ မထင်မှတ်ဘဲ ယိုင်အလဲပြိုတာကြောင့် အနားတော်က သေနာပတိကြီးက ဆွဲထူလိုက်ရတာကို နောက် တော်ပါရတဲ့ သားအရွယ် မြေးအရွယ် စစ်သေနာ ပတိငယ်လေးတွေက ပြုံးစိစိနဲ့ ၀ိုင်းကြည့် တာကိုးဗျ။ ဒီလိုဆိုပေတော့လည်း မင်းတရားကြီးမှာ ရွှေစိတ်တော် ညိုပေတာပေါ့ဗျာ။
အဲ . . . သူရဲ့ နောက်လိုက်နောက်ပါတွေ အများစုက သားအရွယ်၊ မြေးအရွယ်ဆိုတော့ အထူးသဖြင့် စစ်သေနာပတိငယ်ငယ်ကလေးတွေက တိုင်းကြီးပြည်ကြီးရဲ့ ဥသျှောင်မို့ (တစ်ချက်လွှတ် အမိန့်နဲ့ ဘ၀ပျက်နိုင်တာမို့) လေးစား ကြောက်ရွံ့ရပေမယ့် အရွယ်တော် တစ်စိတ် ဟိုင်းပြီမို့ အရိုအသေ အခန့်အညား တော့လျော့ကြ ပေတယ်လို့ မင်းတရားကြီး စိတ်တော်ခုရတယ်တဲ့ဗျ။ မြေးအရွယ်၊ မြစ် အရွယ် နောက်ပေါက်တွေက ငယ်ငယ်ရွယ်ရွယ်နဲ့ စစ်သေနာပတိတွေ ဖြစ်လာလေတော့ ရာဇမာန်တက်လည်း တက်ကြမှာပေါ့လေ။ မဟာနန္ဒာ ကန်တော်က အပြန်မှာ ဒီဖြစ်ရပ်ကို မကျေလည်လေတော့ နောက်တစ်နေ့မှာ နန်းတော်ရဲ့ အထူးဆောင်မှာ အထူးညီလာခံသဘင်ကြီး ဆင်ယင်ပေတယ်ဗျ။ ဒီညီလာခံကြီးမှာ အထောက် တော်တစ် ယောက် တင်တဲ့ ရွှေပေလွှာကြီးကို ကိုယ်တော်တိုင်ဖတ်ပြတော်မူသတဲ့။ အဲ ရွှေပေ လွှာထဲမတော့ တူရွင်းတောင်ခြေမှာ ဦးပေါင်းစင်းပေါင်းထားပြီး မြင်းညိုကြီး စီးထားတဲ့ လူဆိုး တစ်ယောက်ဟာ ဆိုးသွမ်းနေသမို့ သေနာပတိငယ်လေးဦး အဲဒီကို စစ်သည်တွေခေါ်ပြီး သွား ရောက်ဖို့ အမိန့်တော် ချမှတ်တယ်တဲ့ဗျ။
ဒီလိုနဲ့ သေနာပတိလေးဦးလည်း စစ်သည်ရဲမက်တွေနဲ့ တူရွင်းတောင်ခြေကို ချီတက်ရ တာပေါ့။ စစ်သည်တွေနဲ့ တပ်စွဲပြီးသကာလ တူရွင်းတောင်ခြေမှာ သေနာပတိလေးဦးနဲ့ တပ် တော်တွေ အခြေစိုက်ထားတုန်းမှာပဲ လသာသာညမှာ ဦးပေါင်းစင်းးပေါင်းထားပြီး မြင်းညို ကြီးစီးထားတဲ့ လူဆိုးကြီးဟာ မဟာနန္ဒာကန်တော်မှာ ပေါ်လာတယ်ဆိုပဲ။ သေနာပတိတွေ လည်း တပ်တွေနဲ့ အဲသည့်လူနောက် လိုက်ကြသတဲ့။ မဟာနန္ဒာကန် တစ်ဝိုက်မှ ပြေးသူတစ် ယောက် လိုက်သူတစ်သိုက် ဇာတ်လမ်းကြီးစတယ်ဆိုရင်ပဲ တပ်တော်ဦးက သတင်းဆင့် လိုက် တဲ့ ခြေမြန်စစ်သည်တွေကတစ်ဆင့် ရှေ့က ပုဂ္ဂိုလ်ကြီး ဘယ်သူဆိုတာ သေနာပတိငယ်တွေ ချက်ချင်းသိကြတာပေါ့။ အေးလေ … ပရိသတ်ကြီးနှယ် စဉ်းစားကြည့်ပါဦးတော့။ ဒီလောက် တည်ငြိမ် အေးချမ်းတဲ့ နေရာမှာ တစ်မြန်မနက်ကပဲ မင်းတရားကြီးက အမိန့်တော်ချ ညဦးမှာ ဖြုန်းဆိုပေါ်လာတာဆိုတော့ စဉ်းစားသာကြည့်ကြပေတော့။ တကယ်လူဆိုး ဖြစ်တယ်ဆိုရင်လဲ ဟောသိနယ်မယ် တပ်တော်တွေ စခန်းချပဟေ့ ဆိုကတည်းက တစ်ယောက်တည်းသမား သင်းလိုလူဟာ ဝေးဝေးရှောင်ရပေမယ့် မဟုတ်လား။ အခုတော့ လူနှစ်သောင်းလောက်ရှိတဲ့ တပ်တော်တွေဆီ လာရဲတယ်ဆိုကတည်းက သင်းဟာ တစ်ခုခုတော့ တစ်ခုခုလို တပ်တော်က စစ်သည်တွေကစလို ဗိုလ်လုပ်အုပ်ချုပ်တဲ့ သေနာပတိတွေအထိ ချက်ကနဲ့ သိကြပေတာပဲ။ ဒါနဲ့ စစ်သည်တွေကို အမိန့်စာတိုရှည်တွေ ချက်ချင်းဆင့်ပြီး ဒီလူဆိုးကြီးနောက်ကို ခပ်လှမ်း လှမ်းက မသိမသာလိုက်ရင်း တပ်တော်ဖျောက်ဖို့ အခုခေတ်အခေါ်ဆိုရင် ဇာတ်ညွှန်းတွေ ဆင်ရတာပေါ့ဗျာ။ ဟုတ်တယ်လေ။ မတော် တပ်တော်နဲ့နင်းလိုက်လို့ ပြေးလွှားရင်း ခင်ဗျာ သေသွားရင် ရာဇ၀တ်သင့်မှာ မဟုတ်လား။
ဒီလိုနဲ့ လသာသာညမှာ တူရွှင်းတောင်ခြေ မဟာနန္ဒာကန်ဘေးမှာ ဦးပေါင်း စင်းနြဲ့မင်းညိုရှင် ဇာတ်ညွှန်းကြီးကို သေနာပတိငယ်တွေ ပေါင်းရိုက်လိုက်ကြတာကို မသိရှာ တဲ့ ဘ၀ရှင်မင်းတရားကြီးကတော့ နောက်ပျောက်သွားတဲ့ တပ်တော်ကိုကြည့်ပြီး၊ ငါ့ကွ ငါ့ကွနဲ့ နန်းတော်ကို မောကြီးပန်းကြီး မနက်မလင်းခင် ပြေးရပေတာ ပေါ့ဗျာ။ သေနာပတိလူလယ် လူငယ်လေးတွေလည်း ရွှေနန်းတော်ကို တပ်တော်နဲ့ အပြင်းချီလာရတာပေါ့ဗျာ။ အဲ ရွှေနန်း တော်ကို ရောက်တယ်ဆိုရင်ပဲ မင်းတရားကြီးနဲ့ တွေ့ဖို့ အပူတပြင်း တောင်းဆိုကြပေတယ်ဗျ။ မင်းတရားကြီးကလည်း သေနာပတိငယ်တွေ ရောက်ပြီဆိုတာနဲ့ ညီလာခံသဘင်ကို ချက်ချင်း ခင်းကျင်း စေတာပေါ့။ ညီလာခံမှာတော့ သေနာပတိငယ်လေးတွေရဲ့ တမြန်မနေ့ညက တပ် တော်နဲ့ လိုက်ရတဲ့ ဦးပေါင်းစင်းနဲ့ မြင်းညိုရှင်ရဲ့ ဘုန်းသမ္ဘာကြောင့် တပ်တော်နဲ့ အပြင်းနင်းတာ တောင် မဟာနန္ဒာကန်ပေါင်မှာတင် ပျောက်ကွယ်သွားတာကြောင့် လူမဟုတ် နတ်အသွင် အလား ထင်မှတ်ရတာကြောင့် တပ်တော်တွေ လက်လျော့ကာ ပြန်ခဲ့ရတယ်ဆိုတဲ့အကြောင်း မှင်သေသေနဲ့ တင်လျှောက်ကြတယ်ဆိုရင်ပဲ။ မင်းတရားကြီးဟာ ၀မ်းအသာကြီးသာပြီး ငါ့မအို ငါမအိုသေးလို့ လက်ခမောင်းခတ်တော် မူတယ်တဲ့ဗျ။ ဒီလို ငါမအိုသေးလို့ ကြိမ်းဝါးတိုင်း တိုင် အကွယ်က ပြုံးစိစိနဲ့ ကြည့်နေကြတဲ့ သေနာပတိလူငယ်လူလယ်လေးတွေရဲ့ မျက်နှာတွေကို ပလ္လင်တော်ပေါ်က မင်းတရားကြီးမြင်များမြင်သွားရင် အင်း … ကျုပ်နောက်တစ်ပုဒ်များ ရေးထုတ် ရလေမလားပေါ့ဗျာ။ …. ဟဲ . .. ဟဲ။
အောင်စည်ဟိန်း
1 comment:
စာပေကောင်းလေး တစ်ပုဒ်ရယ်ပါ
ဆရာတော်များဆုံးမတော်မူ ငြီးငြူတော်မူ
ကြတဲ့
ရှုပ်ထွေးပွေလီ လူ့လောကီ ဆိုတာလေးကို
ထင်သာစေပါတယ်အကိုအောင်ရေ
လေးစားစွာဖြင့်
စေတနာ
Post a Comment