Sunday, July 5, 2009

ကလေးများထက်ချစ်ဖို့ ကောင်းကြသူများ

လူအတော်များများရဲ့ ကြင်နာတတ်တဲ့စိတ်ကို မြင်နိုင်တဲ့ အကြောင်းတစ်ခုကတော့ ကလေး ချစ်တတ်ကြခြင်းပါပဲ ။ ဟုတ်တယ်… ကြည့်ကြည့် ။လူအတော်တော်များများ ကလေးဆို ချစ် တတ်ကြတယ်ဗျ ။ ကြင်နာ ယုယ နွေးထွေးတတ်ကြတယ်လေ ။ ဒါဆို ကျွန်တော်တို့ နေထိုင် ရာ ကမ္ဘာကြီးဟာ အကြင်နာတရား မေတ္တာတရား ခေါင်းပါးတဲ့ ကမ္ဘာကြီးတော့ မဟုတ်လေ တန်ရာ…....။

ကလေးကို လူတွေဘာကြောင့်ချစ်ကြပါသလဲ ?ဖြူစင်လို့ ၊ အပြစ်ကင်းလို့လို့ ဖြေကြမှာပါ ။ ကလေးတွေက ဘာလို့များ ဖြူစင်ခြင်း ၊အပြစ် ကင်းခြင်းနဲ့ ပြည့်စုံနေတာပါလဲ ။ ဘာကိုများ ဖြူစင်တယ် အပြစ်ကင်းတယ်လို့ ခေါ်ဆိုကြတာပါလဲ ?လူတွေရဲ့စိတ်မှာ အတ္တလွှမ်းမိုးလွန်း အားကြီးတဲ့အခါ အချင်းချင်း မနာလိုဝန်တိုမှုတွေ ဖြစ်တတ်တယ် ။ ဒေါသတရားတွေ ပွားတတ်တယ် ။ ကောက်ကျစ်စဉ်းလဲကြတယ် ။ အဲလို မိစ္ဆာစိတ်အကြောင်း တရားတွေကနေ အမုန်းတရားတွေ ဖြစ်ပွားတတ်ကြတယ် ။ အညမည ဆိုတဲ့ အချင်းချင်းအပြန်အလှန် မှီတည် ထောက်ပံ့ကူညီနေတတ်ကြတဲ့ သဘော တရားကို လျစ်လျူရှုမိကြပြီး အချင်းချင်းပျက်စီးစေတတ်ကြတယ် ။ အဲလို မိစ္ဆာတရားတွေ ဖြစ်ခွင့်မရှိ သေးဘူးပဲဆိုဆ၊ို မဖြစ်ဖူးလို့ပဲ ပြောပြော ကလေးတွေမှာ အဲလိုစိတ်တွေ ကင်းတဲ့ အတွက် လူတွေကလေးဆို သံသယကင်းကင်း ချစ်ကြခြင်းပဲ ဖြစ်ပါတယ် ။ ဒါကြောင့်ပဲ ကလေးတွေဟာ ဖြူစင်တယ် အပြစ်ကင်းတယ်လို့ ဆိုကြခြင်းပဲ ဖြစ်ပါတယ်ဗျာ ။

ခန္ဓာတာဝန်လို့ပဲ ပြောမလား ။ လူတန်းစေ့စေ့ ဘဝရပ်တည်ရှင်သန်ရေး ကြောင့်လို့ပဲ ဆင်ခြေပေးမလား ။ ဘဝရပ်တည် ရှင်သန်ရေးခက်ခဲလာနေတဲ့ ဒီကာလမှာ အတ္တဆိုတဲ့တရား ကင်း လွတ်ဖို့တော့ သာမန်လူသားတွေမှာ မဖြစ်နိုင်ပါဘူး ။ မိမိဘဝရပ်တည် ရှင်သန်နေထိုင်ရေး အတွက်သော်လည်းကောင်း ၊ထိုက်သင့်တဲ့ အဆင့်မီမီနေနိုင်ရေးအတွက်သော်လည်းကောင်း လောကီအလိုအရ ထိုက်သင့်မျှတဲ့ အတ္တတွေ ရှိနေရမှာပါ ။ ဒါပေမယ့် အဲလိုအတ္တကနေ စာနာ မှု ထောက်ထားမှုတွေ အကြင်နာတရားတွေ ပျောက်ဆုံးသွားတတ် ကြတယ် ။ပညာသတိတွေ လွန်ကင်းတဲ့အခါ အတ္တတွေ ကြီးထွားတတ်ကြတဲ့အခါ ဒီကမ္ဘာကြီးဟာ စိတ်ပျက်ဖွယ်ရာကမ္ဘာ ကြီး အ ဖြစ်ရောက်သွားတော့တာပါပဲ ။

အပူအပင်ကင်းတဲ့ကလေးလေးဘဝကို ပြန်တမ်းတတတ်ကြတယ် ။ တကယ်တော့ မဖြစ်နိုင် တာကို တောင့်တတတ်တဲ့ စိတ်မိစ္ဆာဆိုးပါပဲ ။ သဘာဝအရ ကလေးတွေဟာ အကောင်း အဆိုး ပြုနိုင်ခဲပါတယ် ။ အကာအကွယ် ၊အယုအယ ၊အစောင့်အရှောက် ၊ အချစ်အခင်လိုအပ် ပါတယ် ။ ဒါဖြည့်ဆည်းရမယ့် တာဝန်တစ်ရပ် ၊လူဆန်တဲ့ စိတ်ဓာတ်များပဲ ဖြစ်ပါတယ် ။ စေတနာဆိုလိုတာ ကလေးတွေကို မချစ်ဖို့ ပြောနေတာမဟုတ်ပါ ။စေတနာကိုယ်တိုင်ကလေးတွေကို အရမ်းချစ်တတ်တဲ့ သူတစ်ယောက်ပါ ။ ကလေးတွေကို ချစ်တတ်တဲ့ ပြုစုပျိုးထောင် စောင့်ရှောက်နေတဲ့ ညီမတွေကို လေးစားနေတဲ့ သူတစ်ယောက်ပါ ။ ဒါပေမယ့် အတွေး….

စေတနာ သူငယ်ချင်းတစ်ယောက်နဲ့ ချက်တင်ဝင်နေရင်းက ကလေးအကြောင်းရောက်သွား တယ် ။ ဒါနဲ့ ဖျတ်ခနဲစိတ်ကူးလေးရလို့ မက်ဆေ့ခ်ျကောက်တင်လိုက်ခဲ့မိတာက..
“လူတွေက ကလေးချစ်တတ်ကြတယ်နော်၊ ဒါပေမယ့် ကလေးလိုနေကြဖို့တော့ မစဉ်းစားမိ ကြပြန်ဘူးနော်” တဲ့ ။
ဟုတ်တယ်လေ ။ အသိဉာဏ်ဖွံ့ဖြိုးပြီးသော မိမိဖာသာရပ်တည်နိုင်တဲ့ လူတစ်ဦးဟာလည်း လူမမယ်ကလေးကဲ့သို့ အပြစ်ကင်းအောင်နေလို့ မရပေဖူးလား ။ တကယ်တော့ အသက် အရွယ်ရောက်ပြီးတဲ့သူတိုင်းဟာ ကလေးဘဝထက်ချစ်စရာကောင်းအောင် နေလို့ရပါပကော။
အာသာချက်ရဲ့ တစ်ဖက်မှာ အားနည်းချက်ရှိသလို အားနည်းချက်ရဲ့တစ်ဖက်မှာလည်း အားသာချက်က ရှိနေပြန်ပကော ။ စေတနာပြောခဲ့ဖူးတဲ့ ဈေးသည်သဘောတရားအရ ဆိုပါ လျှင် အားနည်းချက်တွေကို တတ်နိုင်သလောက်ဖျောက်ဖျက်ပြီး အားသာချက်တွေကို အသုံးချ သွားတတ်တာကို ဈေးသည်ဉာဏ်လို့ ခေါ်ပါတယ် ။

ဟုတ်တယ် ။ ကလေးတွေက အပြစ်လုပ်ဖို့ခဲယဉ်းသလို ကောင်းမှုတွေ လုပ်ဖို့လည်း ခဲယဉ်း ပြန်ရော ။ ဒါကြောင့်လည်း လူမမယ်လို့ သုံးနှုန်းခဲ့ကြတာပေါ့ ။ မြတ်စွာဘုရားရဲ့ ဒေသနာ တရားတော်တွေကို နားလည်ဖို့ လူမမယ်ကလေးအတွက် မဖြစ်နိုင်ပေမယ့် အရွယ်ရောက်တဲ့ သူတစ်ယောက်ကတော့ အခွင့်အလမ်း ရှိနေလေရဲ့ ။ အဲလိုပဲ ကောင်းမှုမှန်သမျှကိုလည်း ကိုယ်တိုင်ကိုယ်ကျ ပြုလုပ်ခွင့်ရနေလေရဲ့ ။
အကယ်၍များ..ကျွန်တော်တို့ ခင်ဗျားတို့လို အရွယ်ရောက်တဲ့သူတွေက အတ္တတရားတွေ တတ်နိုင်သ လောက်လျှော့ပြီး ကလေးတစ်ယောက်နီးပါး အပြစ်ကင်းအောင်နေကြမယ် ၊ ကလေးတွေ တတ်နိုင်စွမ်းမရှိသေးတဲ့ ကောင်းမှုကုသိုလ်တွေလုပ်ကြမယ် ၊တရားအသိတွေ နိုင်သလောက် လေ့လာဆည်းပူးကြမယ် ၊ ဘာဝနာတရား မအားတဲ့ကြားတည်းက ကြိုးစားကြမယ်ဆိုရင် အပြစ်ကင်း ဖြူစင်ပါတယ်ဆိုတဲ့ ကလေးဘဝထက်ကို ချစ်ဖို့ကောင်းနေမှာပါ လို့တွေးမိသွား ခဲ့ပါတယ် ။
ဒါပေမယ့်ဗျာ …ကလေးတွေ ဖြူစင်အပြစ်ကင်းတာက ကျိမ်းသေပြီး အရွယ်ရောက်သူတစ်ဦး အပြစ်ကင်း အောင်နေဖို့၊ ကောင်းမှုတွေ လုပ်ဖြစ်ဖို့က ဧရာမအခက်အခဲတစ်ခုလို ဖြစ်နေဟာဖြင့်ရင် စေတနာ ဝမ်းနည်းမိပါတယ် ။

စေတနာတစ်ယောက်….အသိမကြွယ်သေးတဲ့ ကလေးလေးဘဝကို တစ်ခါပြန်ရဖို့ တောင့်တခဲ့ဖူးပါတယ် ။ဖြူစင်တဲ့ ကလေးအရွယ်မှန်သမျှ နှပ်ချေးတွဲလောင်းနဲ့ကလေးပါမကျန် ကလေးအားလုံးကို ချစ်တတ်ပါ တယ် ။ ခုတော့…မဖြစ်နိုင်တာကို တောင့်တပြီး ကိုယ့်စိတ်ပင်ပန်းစေမယ့်အစား ကလေးထက်ချစ်ဖို့ကောင်းတဲ့ လူတွေ များပြားတဲ့ ကမ္ဘာကြီးဖြစ်လာစေဖို့ နည်းနည်းလေးဖြစ်ဖြစ်ကြိုးစားသွားရင်း ၊စေတနာ ပိုင်ဆိုင်ထားသော ကလေးထက်ချစ်စရာကောင်းသောလူများကို တန်ဖိုးထားစွာ ဆက်ဆံပေါင်း သင်း နေချင်မိပါတော့သည် ။

ဤကမ္ဘာမြေကြီးအား ဖြူစင်အပြစ်ကင်းသော ချစ်စရာကလေးများနှင့်အတူ ကလေးများထက် ချစ်စရာကောင်းသောသူများနှင့်သာ ပြည့်လွှမ်းပါစေသတည်း။ ။


စေတနာ
03.07.2009(19း54)

5 comments:

baganwiki said...

ကလေးငယ်တော်တော်များများက အပြစ်ကင်းကြပါတယ်။ သူတို့လေးတွေက ဖြူစင်ကြတယ်။ ဒါပေမယ့် သူတို့မှာ ရင့်ကျက်ပြည့်ဝတဲ့ ဖြူစင်ကိုတော့ မပိုင်ဆိုင်ကြသေးပါဘူး။ ကျွန်တော်တို့တွေ အရွယ် ရောက်လာတဲ့နဲ့အမျှ အပြစ်တွေကို မရည်ရွယ်ဘဲနဲ့ လုပ်ခဲ့မိကြတာ အများကြီးပါပဲ။ ထူးအိမ်သင်ရဲ့ အဖြူရောင်အင်္ကျီ သီချင်းထဲကလိုပါပဲ။ အတ္တတွေနဲ့ ပြည့်နှက်လာနေကြတဲ့ ကျွန်တော်တို့ အတ္တတွေကို တတ်နိုင်သမျှ နည်းအောင် ကြိုးစားလာနိုင်ရင် ကျွန်တော်တို့လည်း ရင့်ကျက်ပြည့်ဝတဲ့ ဖြူစင်မှုလေးတစ်ခုကို ပိုင်ဆိုင်ခွင့်ရလာကြမှာပါ။ ကလေးတွေနဲ့ ပတ်သက်ပြီး ကျွန်တော် ပို့စ်တစ်ခု ရေးထားတာ ရှိတယ်။ ကျွန်တော် စိတ်ကြိုက်မဖြစ်သေးတာနဲ့ လက်စမသတ်နိုင်ဘူး ဖြစ်နေတယ်။

Anonymous said...

Post ကောင်းလေးတစ်ခုနဲ့ ပြန်ရောက်လာတဲ့ စေတနာ့ကို ကြိုဆိုပါတယ်။ စဉ်းစားစရာတွေလည်း အများကြီး သယ်လာတာပဲကိုး။ အကြိုက်ဆုံးကတော့ “အသိတရားမကြွယ်ဝသေးတဲ့ ကလေးတွေတောင် ချစ်ဖို့ ကောင်းနေရင် အသိတရားကြွယ်ဝတဲ့ လူကြီးတွေက ပိုပြီး ချစ်ဖို့  ကောင်းအောင် ဖြစ်မနေသင့်ဘူးလား” ဆိုတဲ့ sense ကလေးကို ပေးလိုက်နိုင်တာပါပဲ။

LMK

Angel Shaper said...

မှန်လိုက်ပါဘိ ကိုစေတနာရယ်...
ကလေးတွေထက် ပိုချစ်ဖို့ ကောင်းကြတဲ့ သူတွေဟာ
ဖြူစင်တဲ့ နှလုံးသား ပိုင်ရှင်လေးတွေ ပေါ့နော်။
ဖြူစင်တဲ့ မေတ္တာ၊ စေတနာ၊ အကြင်နာ များဖြင့်သာ
ကမ္ဘာကြီး ငြိမ်းချမ်းပါစေ။ လူသားအားလုံး ငြိမ်သက်ခြင်း ရှိပါစေ။

Anonymous said...

ကိုစေတနာရေ
တစ်ခါတစ်ခါမှာ ကျွန်တော်တို့တွေးလုံးတွေဟာ ဘေးရောက်တတ်ပါသလား။ အလှမ်းကျယ်လို့ အလယ်လတ်တာများလား။ အင်း . .. စဉ်းတော့စဉ်းစားစရာပါ။ ကျေးဇူးတင်စရာပါပဲ
အောင်စည်ဟိန်း

Anonymous said...

ကိုစေတနာရေ
တစ်ခါတစ်ခါမှာ ကျွန်တော်တို့တွေးလုံးတွေဟာ ဘေးရောက်တတ်ပါသလား။ အလှမ်းကျယ်လို့ အလယ်လတ်တာများလား။ အင်း . .. စဉ်းတော့စဉ်းစားစရာပါ။ ဘယ်လိုပဲဖြစ်ဖြစ် တွေးစရာကလေးတစ်ရပ် ဖြစ်အောင် လုပ်တတ်တာကိုးက စေတနာပါမှန်း သိရပြန်ပြီ ကိုစေတနာရေ
အောင်စည်ဟိန်း