Sunday, June 28, 2009

SHAPER နဲ့  SHAPEE ( ၁ )

SHAPER နဲ့  SHAPEE

SHAPER နဲ့  SHAPEE ၊ ဒီစကားလုံး ၂ လုံးကို အဘိဓါန်မှာ ရှာကြည့်ရင် SHAPEE ဆိုတာကို ရှာတွေ့ ဦးမှာ မဟုတ်ပါဘူး။ ပြောဆို သုံးနှုန်းရလွယ်ကူအောင် ကျွန်တော်ထွင်သုံးလိုက်တဲ့  စကားလုံးပါ။ SHAPER ကို ပုံသွင်းသူ၊ SHAPEE ကို ပုံသွင်းခံရသူလို့  အလွယ်နားလည်ထား ကြပါစို့ ။ ဒီ့ထက် နဲနဲလေး ချဲ့ ပြောရရင် SHAPER ဆိုတာ မိမိပတ်ဝန်းကျင်က လူတွေကို မိမိရဲ့ အတွေးအမြင်နဲ့  ခံယူချက်အတိုင်း တွေးမြင်ခံယူလာအောင် လုပ်နိုင်စွမ်းတဲ့ သူဖြစ်ပြီး SHAPEE ကတော့ SHAPER ရဲ့ လွှမ်းမိုးမှုကို ခံရပြီး မိမိရဲ့ မူလ အတွေးအမြင် ခံယူချက်တွေကို SHAPER ပုံသွင်းတဲ့အတိုင်း သိလျှက်နဲ့ ဖြစ်စေ မသိမသာဖြစ်စေ ပြောင်းလည်းသွားတဲ့သူ လို့  ဆိုလိုချင်ပါတယ်။

SHAPER လား SHAPEE လား

ဒါဖြင့်ရင် လူတစ်ယောက်ဟာ SHAPER လား ဒါမှမဟုတ် SHAPEE လား ဆိုတာကိုတော့ အထက်ကပြောခဲ့တဲ့ အဓိပ္ပါယ်ဖွင့်ဆို ချက်လောက်နဲ့ တင် သတ်မှတ်ပေးဖို့ ရာ ခက်ခဲပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ လူအားလုံးလိုလိုဟာ တစ်ချိန်ထဲမှာ ပုံစံ အမျိုးမျိုးနဲ့  SHAPER ဖြစ်နိုင်သလို SHAPEE လည်းဖြစ်နေနိုင်လို့ ပါပဲ။ ဥပမာပေးစရာတွေကတော့ အများကြီးပါပဲ။ ဒါပေမယ့် စာဖတ်သူများ တွေးဖြစ်ဖို့  ကျွန်တော်ချန်ထားခဲ့ပါ့မယ်။ ဟုတ်ပြီ၊ ဒါဆိုရင် လူတစ်ယောက်ကို SHAPER လား၊ SHAPEE လား ဘယ်လို နည်းနဲ့  ခွဲခြားခေါ်ကြမလဲ။ ကျွန်တော်တို့  ဆက်ဆွေးနွေး ကြည့်ကြစို့ ။

ပါရက်တို နိယာမ

အီတလီ စီးပွါးရေး ပညာရှင် ဗီဖရက်ဒို ပါရက်တို (Vilfredo Pareto) (၁၈၄၈ - ၁၉၂၃) ဟာ အီတလီနိုင်ငံရဲ့ မြေ ၈၀ ရာနှုန်းကို အီတလီ လူဦးရေ ၂၀ ရာနှုန်းက ပိုင်ဆိုင်ထားတာကို လေ့လာတွေ့ ရှိရာက စီးပွါးရေး၊ သင်္ချာ၊ ဆော့ဖ်ဝဲ နဲ့  တစ်ခြား ပညာရပ်အတော်များများမှာ အတော်အတန် အကျိုးဖြစ်အသုံးဝင်နေတဲ့ နိယာမ တစ်ခုကို ၁၉၀၆ ခုနှစ်မှာ ဖေါ်ထုတ်ခဲ့ပါတယ်။ အဲဒီနိယာမ က " အဖြစ်အပျက် အများအပြားမှာ အကြမ်းအားဖြင့် အကျိုးတရားအားလုံးရဲ့ ၈၀ ရာနှုန်းဟာ အကြောင်းတရား အားလုံးရဲ့ ၂၀ ရာနှုန်းကြောင့်သာ ဖြစ်ရတယ် " လို့ ဆိုပါတယ်။ ဒီနိယာမ ဟာ ၈၀ -၂၀ နိယာမ (80-20 rule), အရေးပါသော အရာက ပိုနည်းပါးရခြင်း ဥပဒေသ(law of the vital few), ပြန့် ကြဲဖြစ်တည်မှု ဂုဏ်သတ္တိ အကြောင်းအရင်း နိယာမ (principle of factor sparsity) အစရှိတဲ့ နာမည်များနဲ့ လည်း ကျော်ကြားပါတယ်။ ဒီ ပါရက်တို နိယာမကို SHAPER လား SHAPEE လား ကျွန်တော်တို့ ဆွေးနွေး သတ်မှတ်မယ့် ကိစ္စမှာ အသုံးတည့်လိမ့်မယ်လို့  ယုံကြည်လို့  ကျွန်တော် ယူသုံးလိုက်ပါတယ်။

SHAPER ၂၀၊ SHAPEE ၈၀

ဟုတ်ပါတယ်။ လူ အယောက် ၁၀၀ မှာ သူများကို သိသိသာသာ လွှမ်းမိုးပြုပြင် ပုံသွင်းနိုင်တဲ့သူဟာ ၂၀ ထက် မပိုနိုင်ပါဘူး။ သူတို့ ဟာ အကြမ်းအားဖြင့် အများအပေါ် ၈၀ ရာနှုန်း လွှမ်းမိုးထားပြီး သူတို့  အပေါ်ကိုတော့ ၂၀ ရာနှုန်းသာ လွှမ်းမိုးခံကြပါတယ်။ အဲဒီ အယောက် ၂၀ ထဲမှာ တောင်နောက်ထပ် သူ့ ရဲ့  ၂၀ ရာနှုန်းဖြစ်တဲ့ ၄ ယောက်သာလျင် တကယ့် SHAPER စစ်စစ် တွေဖြစ်ကြတယ်လို့  ကျွန်တော် ဆိုချင်ပါတယ်။ သူတို့ ဟာ သူတို့ ရဲ့ အတွေးအမြင်၊ အယူအဆ၊ ခံယူချက်တွေ ရင့်သန် ခိုင်မာတဲ့အလျောက် သူများတွေအပေါ် စိတ်ဓါတ်ရေးရာ ပိုင်း လွှမ်းမိုးချုပ်ကိုင် ပုံသွင်းနိုင်တဲ့ အရည်အသွေးတွေ ပြည့်ဝနေကြ သူတွေပါ။ အဲဒီအရည်အသွေး တွေကလည်း ပါရမီအလျောက် မွေးကတည်းက ပါလာတာထက် လေ့လာ ဆည်းပူး လေ့ကျင့် ဖြည့်ဆည်းရင်း နဲ့ ပြည့်ဝလာရတဲ့ သဘာဝမျိုးလည်းရှိပါတယ်။ ဒါပေမယ့် ဘယ် SHAPER ကမှ အားလုံးအပေါ် SHAPE မလုပ်နိုင်ပါဘူး ။ SHAPER ရဲ့ အရည်အသွေးအပြင် SHAPEE ရဲ့ အရည်အသွေး ပေါ်မှာပါ မူတည်နေလို့ ပါ။ ဥပမာ အရူးတစ်ယောက်ကို လူကောင်းတစ်ယောက်လို တွေးခေါ်ပြောဆိုလာအောင် ဖျောင်းဖျ လို့  မရသလိုပါပဲ။

SHAPER ကောင်း နဲ့  SHAPER ဆိုး

လူတွေမှာ လူကောင်းနဲ့  လူဆိုးရယ်လို့  ခွဲခြားနိုင်သလို SHAPER ဆိုတာလည်း လူတွေပဲမို့  အကောင်းနဲ့  အဆိုး ဆိုတာ ရှိ ကို ရှိမှာပါပဲ။ လူတွေရဲ့စိတ်ဟာ မကောင်းမှုမှာ မွေ့ ပျော်လွယ်ပါတယ်။ လူတွေရဲ့ ကိလေသာတွေကို ထကြွသောင်းကျန်း လာအောင် လုပ်ဖို့ ထက် ငြိမ်ဝပ်လျော့ပါးသွားအောင် လုပ်ဖို့ ကပို ခက်ပါတယ်။ လူသားအချင်းချင်း မေတ္တာအပြန်အလှန် ထားလာအောင် စည်းရုံးရတာထက် လူမျိုးရေး၊ ဘာသာ ရေး စတာတွေကို ခုတုံးလုပ်ပြီး မုန်းတီးလာကြအောင် ဖန်တီးရတာက ပိုလွယ်ပါတယ်။ ဒါကြောင့် SHAPER ကောင်းတစ်ယောက်ရဲ့ အလုပ်ဟာ SHAPER ဆိုးတစ်ယောက်ရဲ့ အလုပ်ထက် ပိုမို ခက်ခဲပါတယ်၊ ပိုမိုသိမ်မွေ့ ပါတယ်၊ ပိုမိုပြီးလည်း ပညာသားပါဖို့  လိုအပ်ပါတယ်။

SHAPER နဲ့  LEADER

SHAPER နဲ့  LEADER ဟာ ခပ်ဆင်ဆင် သဘောသဘာဝလေးတွေ ရှိပေမယ့် မတူပါဘူး။ LEADER တစ်ယောက်ဟာ သူ့ နောက်လိုက်တွေကို နည်းမျိုးစုံနဲ့  စိတ်ဓါတ်မြှင့်တင်ပေးပြီး သူဦးဆောင်နေရတဲ့ လုပ်ငန်းတစ်ခုကို အားလုံးရဲ့ ညီညွတ်တဲ့ အင်အားနဲ့  ပြီးမြောက်အောင် ဆောင်ရွက်ပါတယ်။ SHAPER ကတော့ SHAPEE တွေရဲ့ အခြေခံအတွေးအခေါ်၊ အခြေခံတန်ဘိုး၊ သက်ဝင်ယုံကြည်မှု၊ လက်ခံနှလုံးသွင်းမှု၊ ခံစားယူဆမှုပုံစံ စတာတွေကို သူလိုလားသလိုပြုပြင်ပြောင်းလည်းလာအောင်၊ ငုပ်လျှိုးနေတဲ့ စိတ်ဓါတ်တွေ ပေါ်ထွက်အားကောင်းလာအောင်၊ စကားပြောခြင်း၊ သီချင်း ကဗျာ စာပေ ရေးသားခြင်း စတာတွေနဲ့ ကြိုးစားလုပ်ယူပါတယ်။ ဒီနေရာမှာ အလျဉ်းသင့်လို့  ထည့်ပြောရရင် တစ်ချို့  Blogger တွေကိုလည်း SHAPER Catagory ထဲကို ထည့်သွင်းလို့  ရမယ်ထင်ပါတယ်။ SHAPER မှာ ကိုယ့်ကိုကိုယ် ပြဌန်းချက်ကလွဲလို့  LEADER မှာလို တိတိကျကျ တာဝန်ပေးအပ်ခံထားရခြင်း၊ တာဝန် ယူထားခြင်း ရှိချင်မှလည်း ရှိပါလိမ့်မယ်။ တစ်စုံတစ်ခုသော အကျိုးအတွက် စိတ်ဓါတ်စစ်ဆင်ရေး အမျိုးမျိုး နဲ့  Brainwashing project တွေမှာ တာဝန်ယူနေရတဲ့ SHAPER များကိုလည်း ခေတ်ကာလ အသီးသီးမှာ အခါအားလျော်စွာ တွေ့ မြင် ရနိုင်ပါတယ် (ဒီအကြောင်းတွေကို နောက်ပိုင်းမှာ သီးခြား ဆွေးနွေး ဖြစ်လိမ့်မယ် ထင်ပါတယ်)။ LEADER တွေဟာ ဘယ်သူဘယ်ဝါဆိုတာ အခါများစွာမှာ လူတွေက သိကြပေမယ့် SHAPER တွေကိုတော့ လူတွေသိချင်မှပဲ သိကြပါလိမ့်မယ်။ ဒါဟာလည်း လူတွေနဲ့  ထိတွေ့ မှုပုံစံမှာ LEADER တွေနဲ့  ကွာခြားမှုကြောင့်ရော SHAPER တွေရဲ့ လွတ်လတ်စွာ လှုပ်ရှားလိုမှု ကြောင့်ပါဖြစ်နိုင်ပါတယ်။

SHAPER နဲ့  TEACHER

ဒီနေရာမှာ ဆရာတွေကို SHAPER တွေလို့  ခေါ်နိုင်မလားမေးရင် အများအားဖြင့် တော့ ခေါ်နိုင်ကောင်းရဲ့ လို့ ပဲဖြေပါ့မယ်။ ဘာလို့ လဲဆိုခဲ့ရင် တပည့်တွေအပေါ် အတွေးအခေါ် ခံယူချက် ပိုင်းတွေအထိ ပြောင်းလည်း ပုံသွင်းနိုင်စွမ်း နဲ့  ပြောင်းလည်းပေးလိုတဲ့ စေတနာ ဆရာတိုင်းမှာ မရှိနိုင်လို့ ပါ။ ဒါဆို အနန္တော အနန္တ ငါးပါးထဲမှာ ဆရာကိုဖြုတ်ပြီး မင်း SHAPER ကိုထည့်လိုက်ရမှာလား လို့  မေးလာကြနိုင်စရာတွေ ရှိပါတယ်။ ဟုတ်ကဲ့ ကိုယ့်ကို လမ်းမှားကနေ လမ်းမှန်ရောက်အောင် သူ့  ထမင်းသူစားပြီး စေတနာတွေနဲ့  အချိန်ကုန်ခံ ပြုပြင်ပုံသွင်းပေးလာတဲ့ SHAPER ကောင်းတစ်ယောက် ဆိုရင်တော့ ကိုယ့်ရဲ့ ဆရာပဲမို့  ဆရာဂိုဏ်းထဲ ထည့်မယ်ဆိုရင်တော့ ထည့်ထိုက်ပါတယ်၊ ဆရာတွေကို အနန္တော အနန္တ ငါးပါးထဲက ထုတ်ပစ်စရာ အကြောင်းမရှိပါ လို့ ကြိုတင်ဖြေကြားထားခဲ့ပါတယ်။

မိဘ နဲ့ SHAPER

ဒီလောက်ဆို မိဘတိုင်းဟာလည်း အခြေအနေ အမျိုးမျိုးအရ SHAPER တွေဖြစ်ချင်မှ ဖြစ်နိုင်မယ်ဆိုတာကို သေသေချာချာတွေးကြည့်ရင် သိသာနိုင်လောက်တယ်လို့  ထင်ပါတယ်။ ဒါပေမယ့် ငယ်ရွယ်စဉ်ဘဝမှာ စတင်ထိတွေ့ ခဲ့ရတဲ့ ဆရာတွေ နဲ့  မိဘ ဆွေမျိုးတွေမှာ တော်တဲ့ SHAPER တွေပါခဲ့ရင်တော့ အဲဒီသူဟာ တစ်ခြားသူတွေထက် အကောင်းဖြစ်စေ အဆိုးဖြစ်စေ ထိထိရောက်ရောက် ပုံသွင်းခြင်းကို ခံစားခဲ့ရတာပါပဲ။ အကျိုးဆက်ကတော့ဖြင့် အယူသီးခြင်း၊ စူးစမ်းစွာဖြင့် ယုံကြည်တတ်ခြင်း၊ တစ်ယူသန်ခြင်း၊ ဝေဘန်ပိုင်းခြား၍ အမှန်တရားကို လက်ခံတတ်ခြင်း၊ မိုက်ရူးရဲဆန်ခြင်း၊ စဉ်းစားဆင်ခြင်၍ စွန့် စားဝံ့ခြင်း၊ ကြောက်တတ်ခြင်း၊ ရဲရင့်ခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်း၊ အများအတွက်ပေးဆပ်လိုခြင်း၊ ကောက်ကျစ်စဉ်းလဲခြင်း၊ ရိုးသားဖြောင့်မတ်ခြင်း၊ ရက်စက်ယုတ်ကန်းခြင်း၊ သနားကြင်နာတတ်ခြင်း၊ မျိုးချစ်စိတ်ဓါတ် နိမ့်ပါးပေါ့သွပ်ခြင်း၊ မျိုးချစ်စိတ်ပြည့်ဝခြင်း၊ အပြောင်းအလဲများခြင်း၊ လေးနက်တည်ကြည် သစ္စာရှိခြင်း၊ အစရှိတဲ့ စိတ်ပိုင်းဆိုင်ရာ စရိုက်လက္ခဏာ အရည်အသွေးတွေမှာ ပင်ကိုယ်ရှိရင်းစွဲထက် ပိုမိုလေးနက်ခိုင်မာ သန်စွမ်းပေါ်လွင် လာကြတာပါပဲ။ အဲဒီလို လူမျိုးတွေအများစုက သန်ရာသန်ရာအလိုက် လူ့ အဖွဲ့ အစည်းမှာ ခေါင်းဆောင်တွေ ၊SHAPER တွေ ထပ်မံ ဖြစ်လာကြပါတယ်။ ဒီတော့ SHAPER တွေဟာ လူ့ အဖွဲ့  အစည်းတစ်ခုကို အချိန်ယူ ပုံဖေါ်တည်ဆောက်တဲ့နေရာမှာ မထင်ရှားသော်လည်း အရေးပါပြီး အခြေခံကျတဲ့ အခန်းက ပါဝင်နေတယ်ဆိုတာကို တွေ့ ရပါတယ်။

လွင်မင်းခန့် ... ဘယ်လဲ....

ကျွန်တော့်ကို " ခင်ဗျားက SHAPER ဖြစ်ချင်သလား ၊ SHAPEE ဖြစ်ချင်သလား " လို့  မေးလာရင် ရိုးရိုးသားသား ပဲ SHAPER ပဲဖြစ်ချင်ပါတယ်လို့  ဖြေပါ့မယ်။ ပိုပြီးတိတိကျကျ ဖြေရရင်တော့ ထက်မြက်တဲ့ SHAPER ကောင်း တစ်ယောက် ကျွန်တော် ဖြစ်လိုပါတယ်။ ( အခုအထိတော့ တကယ့်ကို အဝေးကြီး လိုပါသေး တယ်၊ စတင် လေ့လာ ကြိုးစားနေဆဲပါ။) ဘာလို့ ဖြစ်ချင်တာလဲ လို့ မေးရင်တော့ အမှန်ကန်ဆုံး ဖြေရရင် အဲဒီလိုဆန္ဒ ဖြစ်လာအောင် ကျွန်တော့်ကိုပုံသွင်းခဲ့တဲ့ ကျွန်တော့်ရဲ့ SHAPER တွေကြောင့်ပါပဲ။ ကျွန်တော့်ရဲ့ SHAPER တွေထဲမှာ လေ့လာမှတ်သားဖူးတဲ့ ဗုဒ္ဓရဲ့ တရားဓမ္မတွေပါတယ်၊ နာကြားဖူးတဲ့ ဆရာတော်တွေရဲ့ တရားတော်တွေပါတယ်၊ ကျွန်တော့်မိဘ ၂ ပါးနဲ့  တစ်ချို့ ဆရာသမားတွေပါတယ်၊ ကျွန်တော် ဖတ်ဖူး နားထောင်နှစ်သက်ဖူးတဲ့ တစ်ချို့ သော စာတွေ ကဗျာတွေ သီချင်းတွေ ကို ဖန်တီးခဲ့တဲ့ စာရေးဆရာ၊ ကဗျာဆရာ၊ Blogger၊ သီချင်းရေးဆရာ တွေပါတယ်။ တစ်ချို့ သော ကျွန်တော့်ရဲ့ လုပ်ဖေါ်ကိုင်ဖက် အပေါင်းအသင်း မိတ်ဆွေသူငယ်ချင်းတွေပါတယ်၊ နောက်ဆုံးကျွန်တော်ထိတွေ့ ကျင်လည် နေရတဲ့ ပတ်ဝန်းကျင်ပါ ပါတယ်။ အဲဒီ ကျွန်တော့်ရဲ့ SHAPER တွေထဲက တစ်ချို့ အကြောင်းတွေကို အချိန်ရရင် ထပ်ရေးဖြစ်ပါလိမ့်ဦးမယ်။ နိဂုံးချုပ်အနေနဲ့  အားလုံးကို ကျွန်တော်က ပြန်မေးလိုက်ပါရစေ......။ " ခင်ဗျား..တို့ ရော ဘယ်လဲ...ခင်ဗျာ"



လေးစားစွာဖြင့်

လွင်မင်းခန့်  (28/06/09)

3 comments:

Anonymous said...

လေးစားစွာ
မှတ်သားထားပါတယ်အကို
စေတနာ

Angel Shaper said...

သမီး ထက်မြက်တဲ့ SHAPER ကောင်း တစ်ယောက်ဖြစ်အောင် ကြိုးစားသွားပါ့မယ်။
အခုလို တွေးခေါ်တတ်အောင် လမ်းပြပေးတဲ့
အကို့ ကို ကျေးဇူးတင်ပါတယ်။
သမီးရဲ့ SHAPER ကောင်းတွေထဲမှာ အကိုလည်း တစ်ယောက် အပါအ၀င်ပါ။

Unknown said...

ကိုလွင်မင်းခန့်ရေ
အလွန်ပဲ လေးစား မှတ်သားမိရမယ့် တွေးလည်း တွေးနေရမယ့် အကြောင်းအရာတစ်ရပ်ပါ။ ပိုလို လေးစားခင်မင်ရပြန်ပါတယ်။
လေးစားစွာ
အောင်စည်ဟိန်း