Thursday, April 9, 2009

ကြည့်ရဲ မြင်ရဲ လက်ခံရဲခြင်း





2007 နှစ်ခုနှစ် ၁၁ လပိုင်း မှာ Sheikh Mohammed bin Rashid Al Maktoum (နာမည်ရှည်လွန်းလို့) Vice-President and Prime Minister of UAE and Ruler of Dubai ဟာ ကျွန်တော်တို့ ကုမ္ပဏီကို လာလည်ပါတယ်။ ဒူဘိုင်းမှာ တော့ သူဘုရင်ပဲလေ။ သူ့ဖာသာသူ လာလည်တာ ဘာမှမထူးဆန်းပေမယ့် သူနဲ့ပတ်သတ်ပြီး သတိထားမိတဲ့ ကောင်းတဲ့ အချက်ကလေး ( ကျွန်တော် လေးစား မိတဲ့ စိတ်ဓာတ် ကလေး) တွေ ကိုစဉ်းစားမိလို့ပါ။

သူ ကျွန်တော်တို့ ကုမ္ပဏီ ကိုလာမယ် ဆိုတာ ကြိုတင် အကြောင်းကြား မထားပါဘူး။ သိတယ်မို့လား ကြို အကြောင်းကြား ထားမယ် ဆိုရင် တွေ့သမျှ မြင်သမျှ အကောင်းဆုံးတွေ ကြီးပဲ တွေ့မှာပေါ့။ ခုတော့ သူ ဒီလို မလုပ်ဘူး။ ဘာမှ အကြောင်းမကြားပဲ ဒီအတိုင်း လာတယ်။ ကုမ္ပဏီရှေ့က security office မှာ သူ့ ကားရောက်လာမှ သိတာ ။ ကုမ္ပဏီ တစ်ခုလုံး ကို ပျာယာခတ်သွားတာပေါ့။ ပုံမှန် လုပ်ရိုးလုပ်စဉ် ၊ နေရိုးနေစဉ်ပဲ လုပ်ကိုင် နေကြတာလေ ။

အကုန်လုံး ပျာယာခပ် ကုန်ကြတော့တာပေါ့ ။(ပုံမှာကြည့်ပါလား Staff Canteen ကိုရောက်လာတာ ၊ နောက်က ကိုယ်ရံတော်တွေ ဘာတွေတောင် သိပ်ပါမလာဘူး ) သေချာပါတယ်။ သူသိချင်တာတွေ သိသွားမှာပါ။ သူတွေ့ချင်တာတွေလည်း တွေ့သွားရမှာပါ။ တကယ်လို့သာ ကုမ္ပဏီကို မလာခင် ကြို အကြောင်းကြား ထားလိုက်မယ်ဆိုရင် သူ ဘာကို မှ သိသွားမှာ မဟုတ်ပါဘူး။

ထုံးစံပဲ လေ ကုမ္ပဏီ ကို ဘယ် အဖွဲ့ အစည်း က ဘယ်နေ့ ဘယ်အချိန် လာစစ်မယ် ။ ဆိုတာ ကို ကြို ပြော ထား မှတော့ ဘာ အပြစ်တွေ တွေ့နေဦး မှာလည်း ။ Hygyene adn Safety မှာ ကြယ်ငါးပွင့် ရထားတာတဲ့ ဗျာ ကျွန်တော်တို့ ကုမ္ပဏီ က ။ တကယ်သိချင် ခေါ်ပြလိုက်ချင်တယ်ဗျာ ။ ဒါလား ကြယ်ငါးပွင့် ဆိုတာဆိုပြီး တော့လေ။ လက်တလုံးခြား အလုပ်လုပ်နေကြတာ ကျုပ် တို့ ရွာ ဆိုးလှ ထင်နေတာ ။ ဒီမှာလည်း ဒီလိုပဲဗျ။

နောက်တစ်ခါ Sheik ..... နဲ့ ပတ်သက်ပြီးတော့ ကြားရတာ က တော့ Emirates Airline က ၂ ထပ်လေယာဉ် A380 စသုံးတော့ လာလည်တာပါ။ ပထမ တခေါက် formally လာသွားတယ်။ လေယာဉ်အကြောင်း ရှင်းပြ ၊ ၀န်ဆောင်မှူ ပေးမယ့် ပုံစံတွေ ရှင်းပြကြပေါ့။ ဒီလိုနဲ့ ပြီးသွားပါတယ်။ ကျွန်တော်တို့ ဆို ဒီ လေယာဉ် အတွက် ၁ ပတ်ကြို ပြင်ထားတယ် ( အရက် ) ခဏတိုင်း စစ်နေတာ ။ နောက်တော့ပြီးသွားတာပါပဲ။

ဖွင့်ပွဲပြီးလို့ပြီးသွားပြီ ဆိုပြီး ပုံမှန်အတိုင်းပဲ သိပ်ပြီး စိတ်ထဲမထား ကြတော့ တဲ့ အချိန် ပေါ့ ။ သိပ်မကြာပါဘူး။ ကျွန်တော်တို့ ဌာန ရုံးခန်းက လူတွေ ပျာယာခတ် ကုန်တယ် ။ ဖုန်းဝင်လာလို့ ။ A380 လေယာဉ် ကို Sheik လာလည်တယ်တဲ့ ။ ၀န်ဆောင်မှူ ပေးတဲ့ Standard Items တွေ အကုန် အမြန်ဆုံး လိုချင်တယ်တဲ့။ ဘာပြောကောင်းမလဲ..။ မန်နေဂျာတွေ ... လက်ထောက်တွေ .. စူပါဗိုက်ဇာ တွေ ဆိုတာ ဟိုပြေးဒီပြေးနဲ့ ပြာယာကိုခတ်သွားကြတာပဲ။(ဘာမှကြိုတင်အကြောင်းကြားထားတာ မရှိဘူး ၊ ဒါကြောင့် ဘာမှလည်း ထူးထွေပြီး ကြိုတင်ပြင်ဆင်မထားဘူး )

သူ ကတော့ ဘာရည်ရွယ်ချက်နဲ့ ဒီလို လာတယ် ဆိုတာ ကို ကျွန်တော် မသိပါဘူး။ ဒါပေမယ့် ဒီလိုလုပ်တာ ကို ကျွန်တော် ကြိုက်တယ် ။ သူ့ကိုလည်း လေး စားမိတယ်။ သူ သိချင်တာ က အမှန်တရားတခု ကို ပဲ ။ သူ့ကို ၀ိုင်းလိမ်ကြမယ် ဆိုတာ သူ သိနေတယ်။ ဒါကို သူ ကျော်လွှား နိုင်အောင် ကြိုးစားတယ်။ တကယ့် အရှိတရား ကို ရှာဖွေတယ်။

စားပွဲခင်းကလေး လှလိုက်တာ ဆိုပြီးပြိး မသွားဘူး ဒီစာပွဲခင်း ရဲ့အောက် က ညစ်ပတ်နေတဲ့ စားပွဲကို မြင်အောင်ကြည့် သွားသလို ပုံစံမျိုး ပဲ။

ဒီအကြောင်း ကတော့ ကြိုပြောစရာမလိုပါဘူး။ ကျွန်တော်တို့ ဆီမှာ တွေ့နေ၊ မြင်နေကျ ပဲလေ။ လူကြီး လာမယ်ဆိုရင် အားလုံး ၀ိုင်းလိမ်ကြဖို့ ကြိုးပမ်းကြရတာပဲ။ သေချာတွေး ကြည့်ရင် ရယ်စရာကြီး အားလုံးရဲ့ ရှေ့မှာ ဆရာ ဆိုတဲ့ အထာကြီးနဲ့ မိုက်ခရိုဖုန်းနဲ့ ကုန်း အော်ပြီး အမိန့်ပေးနေတာ ။ အောက်မှာ ရှိတဲ့ လူတွေ အကုန်လုံး ကသူ့ကို ၀ိုင်းလိမ်ထားပြီး ဒီလူကို ငအ ပါ( ငါတို့ လိမ်တာ ခံရတယ် )လို့ စိတ်ထဲမှာ ကြိတ်ပြောနေမယ် ဆိုတာ သာ သူ သိလို့ကတော့ ။ ပွဲကြီးပွဲကောင်းပဲ။

လိမ်တဲ့လူ ကတော့ လိမ်မှာပဲ ။ ဒါကို သိသိကြီးနဲ့ အလိမ်ခံရတာကို အရသာ လို့ထင်နေရင်တော့လည်း တမျိုးပေါ့။ ဒါပေမယ့် လက်အောက်ငယ်သားတွေ လိမ်တဲ့ ကြား က အမှန်တရားတခု ကို ထိုးဖောက် ဆွဲထုတ် နိုင်မှသာလျှင် ခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်လာနိုင်ပါကြောင်း။ အကြောင်းအရာ တခု ၊ အခြေအနေ တခု ကို ကောင်း ခြင်း ဆိုးခြင်း ဆိုတာထက် အမှန်ကို အမှန်တိုင်း ကြည့်ရဲ ၊ ကြားရဲ ၊ လက်ခံရဲတဲ့ စိတ်ဓာတ်ရှိတဲ့ ခေါင်းဆောင် များသာလျှင် မှန်ကန်တဲ့ ဆုံးဖြတ်ချက်နဲ့ ထိရောက်တဲ့ လုပ်ဆောင်ချက်တွေ ကို ဦးဆောင်နိုင်မှာဖြစ်ပါတယ်။

အမှန်တရား တခုကို ရင်ဆိုင်လိုစိတ်ရှိသော Sheikh Mohammed bin Rashid Al Maktoum , Vice-President and Prime Minister of UAE and Ruler of Dubai ၏ စိတ်ဓာတ်အား လေးစားပါ၏။

အမှန်တရားကို မြတ်နိုးသော ခေါင်းဆောင်ကောင်းများ အများကြီး ထွန်းကားလာပါစေဗျာ။

(ဓာတ်ပုံများ မှာ ကျွန်တော်တို့ ကုမ္ပဏီ အတွင်းမှာ ဖြစ်ပါသည်။ အင်တာနက်မှပြန်ရှာထားခြင်းဖြစ်ပါသည် )

လေးစားစွာဖြင့်
နေစိုးနိုင်

1 comment:

Anonymous said...

very good
i wish one day our country (myanmar) will be become like that
if our leader will be change.
this is our wish
Help God