ဒီအဖြစ်အပျက်ကတော့ ကြာတော့ကြာခဲ့ပါပြီ။ ဒါပေမယ့် အခုအချိန်အထိ အမှတ်တရ ဖြစ်နေဆဲမို့ တင်ပြလိုက်ရပါတယ်။ ဒီအဖြစ်အပျက်မှာ ပါဝင်သူတွေကတော့ နှစ်တွေလည်း ကြာခဲ့ပြီမို့ သက်ဆိုင်ရာ ဌာနတွေမှာ ရှိလောက်တော့မယ်လို့ မထင်တော့ပါဘူး။ 1989-1990 ပြည့်နှစ်ဝန်းကျင်လောက်က ဆိုပါတော့။ ရန်ကုန်လေဆိပ်ကြီးထဲ လုံခြုံရေးဌာနမှာ ဖြစ်ခဲ့တဲ့အဖြစ်အပျက်ပါ။ အဲဒီတုန်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ထဲမှာ စစ်ဆေးရေးဌာနဲ့ လုံခြုံရေးဌာနတို့ တွဲဖက်ထားတဲ့အချိန်ပါ။ အဲဒီဌာနမှာ အဲဒီခေတ်အခါက နာမည်ကြီးခဲ့တဲ့ ကက(လှန်း) တပ်မတော် ထောက်လှန်းရေးညွန်ကြားရေးမှူးရု
ံး၊ အကောက်အခွန်ဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ သတင်းတပ်ဖွဲ့တို့ ပူးပေါင်းဖွဲ့စည်းထားတာ ဖြစ်ပြီး မူးယစ်အထူးအဖွဲ့ကတော့ မဖွဲ့စည်းရသေးပါဘူး။ အဲဒီအဖွဲ့တွေအပြင် အဲဒီတုန်းက တန်ခိုးအင်မတန်ထွားတဲ့ အမျိုးသားထောက်လှန်းရေးအဖွဲ့ကြီးက လည်း နေရာတကာမှာ လူထွင်ကျယ်လုပ်နေချိန်ပေါ့။ ဖြစ်ပုံက ဒီလိုပါ။ တစ်နေ့တော့ ဂျပန်နိုင်ငံက ပြန်လာတဲ့ မြန်မာနိုင်ငံသား တစ်ဦး သယ်လာတဲ့ မသင်္ကာဖွယ် အိုးကလေးတစ်လုံးက စခဲ့တဲ့ အဖြစ်အပျက်ပါပဲ။ ဒီအိုးကလေးကို ဂျပန်နိုင်ငံက မြန်မာနိုင်ငံသားတစ်ယောက်က မြန်မာနိုင်ငံ၊ ရန်ကုန်မြို့မှာ ရှိနေတဲ့ မိသားစုတစ်စုထံ လူကြုံပါးလိုက်တာပါ။ လူကြုံသယ်လာတဲ့ မြန်မာနိုင်ငံသားက သွားပေးရမယ့် မိသားစုကို မသိရှာပါဘူး။ သူ့ကို ဒီအိုးကလေးပေး လိုက်သူကလည်း ဒီအိုးကလေးရဲ့ ရာဇ၀င်ကို ပြောပြလိုက်ပုံမရဘူးခင်ဗျ။ ဒီအိုးကလေး ပါလိုပါမှန်းတောင် သိပုံမရတဲ့ အူတူတူငနဲပေပဲ။ ပြဿနာအိုးကလေးဟာ ကော်ဖီခွက်ထက် နည်းနည်းပဲ ကြီးတဲ့ အရွယ်ပါ။ ပြီးတော့ အဖုံးကလေးလဲ ပါသေးတယ်။ အိုးကလေးက စဥ့်အိုးကလေး တော်တော်လည်းလှတယ်။ ပြီးတော့ စိမ်းပြာရောင်ရှိတယ်ဗျ။ အဲဒီအိုးကလေးကို စောစောက ကျွန်တော်ပြောတဲ့ ကက(လှန်း) ဦးဆောင်တဲ့ ဆရာသမားတွေ ဖွင့်ဖောက်စစ်ဆေးကြတာပဲ။ အဲ အထဲမှာ ပလတ်စတစ်နဲ့ အထပ်ထပ်ထုတ်ထားတဲ့ အဖြူရောင်အမှုန့်တွေ ထည့်ထားတဲ့ အိတ်ကလေးတစ်အိတ်ကို တွေ့ရတယ်။ ဒီအိတ်ကလေးကို ပလတ်စတစ်အိတ်ကြီး သုံးထပ်နဲ့ ပိတ်ထားတယ်ဗျ။ ဆရာသမားတွေ ခင်ဗျာ နောက်ဆုံးဖွင့်လိုက်တဲ့ အဖြူထုတ်ကလေးကို တွေ့တယ်ဆိုရင်ပဲ အလန့်တကြား ဖြစ်သွားကြတယ်။ အင်း ... ဘိန်းဖြူလေလား။ ဘာတွေလဲပေါ့။ သယ်လာတဲ့ငနဲကလည်း အူတူတူဆိုတော့ ဆရာတွေ အခုခေတ်စကားနဲ့ပြောရင် တိုင်ပတ်ကုန်တာပေါ့။ အဲ အဲ အဲဒီအချိန်မှာ ဒီအဖွဲ့ထဲက တစ်ယောက် ဒီမသင်္ကာစရာ အထုတ်ကို ဆက်လက်စစ်ဆေးအဖြေထုတ်ဖို့ အမျိုးသားထောက်လှန်းရေးအဖွဲ့ကြီးကို အကြောင်းကြားတယ်ခင်ဗျ။ အဲ မကြာပါဘူး အဲဒီအဖွဲ့ကြီးက ကျွမ်းကျင်သူ ပုဂ္ဂိုလ်ကြီးဟာ ကားကြီးနဲ့ ရောက်ရှိလာတယ်ဗျ။ ဘယ်အဆင့်ဆိုတာတော့ ရေးမပြတော့ဘူး။ အဲစောစောက စစ်နေဆေးနေ မှတ်ချက်ပေးနေတဲ့ဆရာတွေက ဦးစီးအရာရှိတွေဗျ။ ဆိုတော့ကာ အခုလာတာ သူတို့ထက်မြင့်တဲ့ အဆင့်ပေါ့နော်။ ထားပါတော့။ ဒါနဲ့ အဲဒီပုဂ္ဂိုလ်ကြီးက ဒီအထုတ်ကို ဖင်ပြန်ခေါင်းပြန်စစ်ဆေးတယ်။ ဖွင့်လိုက်တယ်။ အထုတ်ထဲက အမှုန်တွေ့ကို ပလတ်စတစ်အခင်းပေါ် သွန်ချတယ်။ ပြီးတော့ လက်နဲ့ကိုင်ကြည့်တယ်။ နားခေါင်းနဲ့ အနံ့ခံကြည့်တယ်။ ပြီးတော့ လက်နဲ့နည်းနည်းပွတ်ချေကြည့်ပြန်တယ်။ ဒီပုဂ္ဂိုလ်ကြီးလုပ်သမျှတော့ စောစောက ဆရာတွေ အသေအချာ ပါးစပ်အဟောင်းသားလေးတွေနဲ့ ငေးကြည့်နေရတာပေါ့ဗျာ။ ပညာယူတာလည်း ပါမှာပေါ့နော်။ အဲသလိုနဲ့ တော်တော်ကြာတော့ သူလည်း ဘာမှန်းသိပုံတော့ မရဘူးဗျ။ နောက်တော့ သူက ဒီအမှုန့် နည်းနည်းကို လက်ညှိုးနဲ့ထိုးကော်ပြီး နည်းနည်းပါးစပ်ထဲ ထည့်ကြည့်လိုက်တယ်။ အရသာခံကြည့်တယ်။ ပြီးတော့ သေချာတဲ့ ပုံစံနဲ့ သူမျက်နှာကြီးက ပြုံးပြီးပြီးကြိးနဲ့ ပေါ့ဗျာ။ အင်မတန်သေချာတဲ့ လေသံကြီးနဲ့ ဒါ ဘိန်းဖြူမှုန့်တွေဖြစ်တယ်တဲ့။ အမလေး . . .။ သယ်လာတဲ့ သကောင်သားခင်ဗျာ အရှင်လတ်လတ် အသက်ထွက်ရပြီပေါ့။ ခင်ဗျားတို့လည်း ကြားဖူးနေတာပဲ ပြစ်ဒဏ်က နည်းမှတ်လို့။ သယ်လာတဲ့ ငနဲ့လည်း အသံတွေဘာတွေတုန်လို့ သူခင်ဗျာ တကယ်ဟုတ်ခဲ့ရင်လည်း လက်ဝယ်ရှိသူဗျ။ ခင်ဗျားနှယ် သူဘက်က ၀င်စဉ်းစားကြည့်ကြပါဦးတော့။ သူလည်း ထည့်ပေးလိုက်တဲ့ သူ့မိတ်ဆွေကို ဆက်သွယ်ကြည့်ဖို့၊ လာယူမယ့် မိသားစုကိုလည်း ဆက်သွယ်ခေါ်ယူပေးဖို့ သူ့မိတ်ဆွေများဟာ ဒီလိုတော့ မလုပ်တန်ကောင်းပါဘူး။ ဘာညာပေါ့ခင်ဗျာ။ တောင်းပန်တိုးလျှိုးရတာပေါ့။ အဲ စစ်ဆေးရေးဆရာကြီးတွေလည်း ခေါင်းချင်းဆိုင်ကုန်ရပြီပေါ့။ ဒီကိစ္စက သေးသေးကွေးကွေးမှ မဟုတ်တာ။ လောလောဆယ်တော့ သူလာတဲ့ ငတိကို ခေတ္တထိန်းသိမ်းထား။ လာယူမယ့် မိသားစုကို ဒီကိုဆင့်ခေါ်။ ပို့လိုက်တဲ့ ငတိကိုလည်း ဆက်သွယ်ရမယ်။ ဒီလို စီစဉ်လိုက်ရတာပေါ့။ အဲသလို စီစဉ်နေတုန်း လေဆိပ်လုံခြုံရေးအဖွဲ့ (တပ်မတော်လေ) က အရာရှိတစ်ယောက် ရောက်လာပြီး၊ အခြေအနေကို သက်ဆိုင်ရာ စစ်တိုင်းနဲ့ ကက (ကြည်း) ကို တင်ဖို့ မှတ်တမ်းလာယူတာပေါ့လေ။ ဒီအရာရှိကလည်း ဖြစ်စဉ်မေး မှတ်တမ်းရေးရင်း အိုးကလေးကို ကိုင်ကြည့် အမှုန့်တွေကို ကိုင်ကြည့် လုပ်တာပေါ့လေ။ အဲအဲဒီမှာပဲ ဒီအိုးရဲ့ ရာဇ၀င်အူပေါက်က အဲဒီတော့မှ အဖြေပေါ်ပေတော့တယ်။ လူတွေက အိုးထဲက ပလတစ်တစ်အိတ်နဲ့ အဖြူမှုန့်တွေကိုသာ အာရုံကျနေကြတာကိုး။ အိုးအတွင်းပိုင်းတော့ မကြည့်မိကြပါကလား။ အိုးအတွင်းပိုင်းမှာ ရှည်ရှည်သေးသေးစာရွက်လိပ်ကလေး တစ်လိပ်ကို တိပ်နဲ့ကပ်ထားတာ တွေ့လိုက်ရတာကိုး။ ဘာများပါလိ့မ်လို့ အားလုံး စိတ်ဝင်တစားနဲ့ အလိပ်ကလေးကို ဖွင့်ကြည့်လိုက်တော့ မြန်မာစာ စာတမ်းကလေးတစ်တန်းကို တွေ့လိုက်ရတယ်။ အဲဒီ စာတမ်းကလေးကတော့။ ဦးထွန်းဝ၊ အသက် 64 နှစ်၊ အရိုးပြာ ပါတဲ့။
အောင်စည်ဟိန်း
2 comments:
ဗဟုသုတ ရစရာ အတွေ့ အကြုံလေးတွေကို...စိတ်ဝင်စားစဖွယ်...ပြုံးရွှင်စဖွယ်ကောင်းအောင်...သွက်သွက်လက်လက် ထိထိမိမိ အရေးအသားလေးတွေနဲ့ ....ခုလိုတင်ပြပေးနေတဲ့အတွက်..ကျေးဇူးတင်ကြောင်းပါ...ကို အောင်စည်ဟိန်း...လေးလေးစားစားနဲ့ ..စောင့်မျှော်အားပေးနေလျက်ပါ.......
လွင်မင်းခန့် 
ကြိုက်တယ်ဗျာ...
မကြိုက်ဖူး...
စေတနာ
Post a Comment