Wednesday, April 29, 2009

“မုန်တိုင်းသာ လွတ်လိုက်ပါ”

“မုန်တိုင်းသာ လွတ်လိုက်ပါ”

တစ်ခါတစ်ခါမယ် အစိုးရိမ်ကြီးဆိုတာ။ ကောင်းသလို ထင်ရပေမယ့် မကောင်းတာလဲ အများကြီးရယ်။ အစိုးရိမ်လွန်တဲ့အခါ မလိုအပ်တာတွေ ဖြစ်ကုန်တာလေးလဲ ပြောချင်ပါတယ်။ ဒါလဲ အမှတ်တရ ဖြစ်နေလို့ပါ။ အဖြစ်အပျက်ကတော့ မကြာသေးပါဘူး။ မနေ့တစ်နေ့ကပဲ ဆိုပါတော့။ သင်္ကြန်တွင်းကြီးမှာ မုန်တိုင်းတိုက်မယ်ဆိုတဲ့ သတင်းကြီးတက်လာတော့ မြန်မာ နိုင်ငံကိုလည်း ဖြတ်မှာလို့လဲ အထင်အရှားကြီးသိရတော့ ကြိုတင်ပြင်သင့်တာတွေ ပြင်ကြရ တာပေါ့နော်။ အမှုမဲ့ အမှတ်မဲ့နဲ့ နာဂစ်ဆိုတာကြီးက ဧရာဝတီရင်ကိုခွဲပြီး အသည်းနှလုံးတွေကို အရှင်လတ်လတ် ထုတ်ယူသွားတာ မျက်ရည်တောင် မခြောက်သေးတော့ စိုးရိမ်တယ်ဆိုတာ မပြောလည်းဘဲ သိပါတယ်ပေါ့။

အဲ မြန်မာ့ပင်လယ်ကမ်းရိုးတန်းတစ်လျှောက်မှာတော့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ကြရ တာ မှားတာမှ မဟုတ်ဘဲနဲ့။ အဲ … အဲ … ဒီဇာတ်လမ်းထဲက ဇာတ်လိုက်ကျော် ကျွန်တော်ဦးရီး တော်ကလည်း ကမ်းရိုးတန်းဒေသတစ်ခုက ဒေသအကြီးအကဲမို့ သူလည်း သူဒေသအတွက် ကောင်းနိုးရာရာတွေ စီစဉ်ရသပေါ့ဗျာ။ မိုးလေ၀သသတင်းတွေ နာရီဝက်တစ်ခါဖတ်၊ အထက် အဖွဲ့အစည်းအဆင့်ဆင့်က ညွှန်ကြားချက်တွေနဲ့ အောက်ခြေအထိ ကိုယ်တိုင်ကွင်းဆင်းပြီး တော့ ပေါင်းစပ်လုပ်ကိုင်တာပေါ့လေ။ သူ့ဒေသက အရင်တုန်းကတော့ မုန်တိုင်းဒေသလို့ နာမည်ကြီးဒေသကိုး။ ဒါပေမယ့် နာဂစ်တုန်းက လေတောင်မတိုက် အိုက်စပ်စပ်ဒေသရယ်။ အခုတော့ တစ်ကမ္ဘာလုံးက မိုးလေ၀သသတင်းတွေ အသံလွှင့်ဌာနတွေ မီဒီယာတွေက သူ့ဒေသက ဖြတ်မှာဆိုတော့ သူစိတ်ပူတာ ဆန်းလို့လားလို့။

အဲ .. အဲ သူ့အကျင့်ကိုက အစိုးရိမ်လွန်တတ်တာလေ။ ဒီဒေသ အားလုံးရဲ့ အာရုံစိုက်ရာ ပစ်မှတ်ဖြစ်နေတော့ မိုးလေ၀သက ဆရာသမားတွေက အသေးစိတ်သတင်းတွေ သူ့ဆီပို့နေ သလို ကယ်ဆယ်ရေးအဖွဲ့တွေ၊ လုံခြုံရေးတပ်တွေ အကုန်သွန်ပြီးချထားတဲ့အပြင်၊ မုန်တိုင်း လာတဲ့အခါ နားခိုရမယ့် ရေလွတ်လေကာကုန်းမှာ အရေးပေါ်ဆေးရုံပါ ဖွင့်ထားသေးဆိုတော့ ဒေသခံတွေ တော်တော်ကို အားရှိသွားကြတယ်ဗျ။ ဒါတင်မကသေးဘူးဗျ။ မုန်တိုင်းကြီးများ ကျခဲ့ရင်တော့ (သူကိုယ်က မြန်မာ့မိုးလေ၀သဌာနကြီးရဲ့ ကြေညာချက် တစ်နာရီ မိုင် ၄၀ ကို မယုံတာတော့မဟုတ်ပါဘူး။ အစိုးရိမ်လွန်တာပါဆို) နာဂစ်လို့တော့ အတုံးအရုန်း အဖြစ် မခံနိုင်ဘူးဆိုပြီး ပင်လယ်နဲ့ နီးတဲ့ ရွာစဉ်တွေ နှစ်ဆန်းတစ်ရက်နေ့ မတိုင်ခင် အပြီးရွှေ့ခိုင်း တယ်ဗျ။ ရွာပေါင်း ၂၀ ကျော် အားချင်းရွှေ့၊ အနီးဆုံးမြို့နဲ့ ဆက်သွယ်ရေးလမ်း ပြေးလမ်းတွေ အားချင်းဖောက်၊ နားခိုကုန်းတွေပေါ်၊ ရေသိုလှောင်ဖို့ ရေစည်တွေအားချင်းတင်၊ အနည်းဆုံး ၃ ရက်စာ ရိက္ခာစို-ခြောက် နီးရာမြို့ကို တက်ပြီးအလှူခံ၊ ရှိတာတွေ ထုတ်ပြီးစုဆိုတောကာ၊ လုပ် အားပေးတပ်ဖွဲ့တွေနဲ့တင် ဘယ်ရလိမ့်မလဲ။ ရွာစဉ်ရှိ လူကုန်ပေါ့။ အဖိုးကော၊ အဖွားကော၊ ကလေးကော၊ ခွေးကော၊ ဘာကျန်မလဲ။ ကိုယ့်ရွာအရေး ကိုယ့်အရေးလုပ်ကြပေါ့။ ဒါတင် ဘယ်ကမလဲ။ အိမ်ဖျက်တာ အဆစ်ပါသေးတယ်။ ဟုတ်တယ်လေ။ လူတွေ မရှိတော့တဲ့အိမ် တွေ လေပြင်းတိုက်လို့ ပြိုပျက်ကုန်လို့ မဖြစ်သေးဘူး။ စနစ်တကျပျက်ထားခဲ့။ စုထားပုံထားခဲ့။ ကိုယ်နဲ့မကွာဆောင်တာလဲဆောင်ပေါ့။ တစ်ချို့တစ်လေ မြေကြီးထဲ မြိုပ်သင့်မြုပ်ခဲ့ပေါ့နော်။ အဲဒါတွေ အားလုံးလဲပြီးရော လူတွေလဲ ဖတ်ဖတ်မောပြီး မုန်တိုင်းဆိုတာကို ကြံ့ကြံ့ခံ့ဖို့ အသင့်ဟေ့လဲ ဆိုရော။ မုန်တိုင်းက ပြီးသွားပြီးတဲ့။ သွားပြီတဲ့။ ဟင် . . . ဘယ်နားတုန်း။ ဘယ် မှာတုန်း ဒီမှာဖြင့် လူတွေကို သေချင်စော်ကို နံနေတာပဲ။ အိမ်မရှိ အိုးမရှိ ရွာမရှိ ကျောင်းမရှိနဲ့ သူကြောက်လို့ ပြောင်းရပြေးရတယ်။ ဒင်း ဘယ်နားမွှေသွားသလဲ။ သြော် မုန်တိုင်းလား။ အင်း အလယ်သံကျော်ရွာဘက်မှာ တိုက်သွားတာ အိမ်တွေ ဟင်အင်း ပျက်ပါဘူး။ အချိန်လား ခဏ လေးရယ်။ သြော် ငါးကန်တွေ ပုစွန်ကန်တွေတော့ ရေငန်ဝင်လို့ ပျက်သွားတယ်။ ဒီရေတက် တာလား .. တက်တယ်။ တက်တယ်။ ဘယ်လောက်တက်သလဲဟုတ်လား။ ခါတိုင်းလိုပါပဲ။ ဒူးဆစ်ပေါင်လယ်လောက်ပေါ့။ ဘယ်လို ရေလှိုင်းလုံးကြီးတွေ ငါးပေ ခြောက်ပေ ပေါက်ကရ။ မဟုတ်ပါဘူး။ ငါးဖမ်းလှေတွေလား။ ချောင်းထဲမယ် လေလာတော့ သွင်းထားတယ်။ ကုန်းပေါ် ဆွဲထားတာပေါ့။ နည်းနည်းပါးပါးတော့ ပျက်တာဆီးတာပေါ့အေ။ မုန်တိုင်းပဲဟယ်။ သစ်ပင် သစ်ကိုင်း ကျိုးတာလား။ ရှိဘူးဟဲ့။ ကဲကဲ အဲဒါကတော့ မုန်တိုင်းအင်တာဗျူးပါ။ အဲသလိုလဲ သိရရော နယ်ခံဖွားဖွားကြီးတွေခမျာ တစ်ညီတစ်ညွတ်တဲ့ ပြောလိုက်တာကတော့။ “အို … သည်လိုဆိုမှဖြင့် တို့နယ်ကို မုန်တိုင်းသာ လွှတ်လိုက်ပါတော့ကွယ်” တဲ့။


အောင်စည်ဟိန်း

seniorasi08@gmail.com

2 comments:

Anonymous said...

ဒီ ပို့ စ်လေးအတွက်လည်း ကျေးဇူးပါ ကိုအောင်စည်ဟိန်းရေ...ဖတ်ပြီးတော့..ပြူံးမိရင်း..ကြားဖူးတာတစ်ခု သတိရမိတယ်...Price Of Nonconformance ဆိုတာလေးပါ... ...တစ်လွဲလုပ်လို့ ပေးဆပ်လိုက်ရတဲ့ တန်ဘိုး....လို့ ..ပြောရမယ်ထင်တယ်...အင်း..အဲဒီတန်ဘိုးတွေက...တစ်ခါတစ်ရံ...ကြီးမားလွန်းလှပါတယ်....

LMK

may16 said...

ပို့စ်လေးကိုဖတ်ပြီး လူတွေက ၁ခါခံဘူးတော့အရမ်းလန့်နေပြီလေ