Sunday, April 12, 2009

မိမိကိုယ်သာ ကိုးကွယ်ရာ

“မိမိကိုယ်သာ ကိုးကွယ်ရာ” တဲ့ ။

“မိမိမှ တစ်ပါး အခြား အားကိုးစရာ မရှိ” ဆိုရင်တော့ လူတိုင်းနားလည်ကြပါလိမ့်မယ် ။ ဟုတ်တယ်လေ ။ လူဆိုတာ မိမိအသက်ရှင် နေထိုင်ရေး ၊ မိမိဘဝ တိုးတက်ရေးတို့အတွက် မိမိကိုယ်တိုင် ရုန်းကန်လှုပ်ရှား ရပ်တည် နေရတာပဲ မဟုတ်ပါလား ။

လူ၊ နတ်၊ဗြဟ္မာ သတ္တဝါအပေါင်းတို့၏ ကိုးကွယ်ရာ ဗုဒ္ဓမြတ်စွာ က အဘယ်ကဲ့သို့သော ရည်ရွယ်ချက်ဖြင့် “မိမိကိုယ်သာ ကိုးကွယ်ရာ”ဟု ဟောကြားတော်မူခဲ့ ပါသနည်း ။

ကျွန်တော့် အမေ ဆုံးမလေ့ ရှိတာလေး ကိုလည်း သတိရမိပါသည် ။ခေတ်စကားနဲ့ပြောရရင် တော့ အဟီး… ပူညံ ပူညံ လုပ်လေ့ရှိတာ ပေါ့ဗျာ ။တော်တော်ကောင်းလိုက်တဲ့ ခေတ်စကားဗျ နော် ။

“ခေတ်ကြီးက လွယ်တော့တဲ့ ခေတ်ကြီးမဟုတ်တော့ဘူး ။ ကိုယ်လုပ်မှ ကိုယ်စားရမှာ ။ ကိုယ့်ရှိမှ ကိုယ်ဝတ်ရမှာ ။ ဖအေ ၊မအေတွေ ရှိနေရင်တော့ အကြောင်းမဟုတ်ဘူး ။ ညီအကို မောင်နှမ ဆိုတာက ကောင်းနိုင်လည်း ခဏပဲ ။ ကိုယ့်မှာရှိမှ အဆင်ပြေတာ ။ လူဆိုတာ ကိုယ့် ကိုယ်ကို ချစ်တတ်မှ”တဲ့ ။

ဟုတ်ကဲ့… ကိုယ့်ကိုယ်ကို ချစ်ကော ချစ်တတကြပါရဲ့လား ။

မိမိကိုယ်ကို အချစ်ဆုံးပါ တဲ့ ။

ဟုတ်ကော ဟုတ်ရဲ့လားဗျာ ။ သူငယ်ချင်း အချင်းချင်း ဆွေးနွေးတဲ့ပုံစံနဲ့ ဆွေးနွေးကြည့် ရအောင်ဗျာ ။

ကျွန်တော်ဆေးလိပ်အရမ်းသောက်တာ ကျွန်တော့်ကိုကျွန်တော် မချစ်လို့လား ။

ကျွန်တော့် ဘဝရဲ့ အချိန်တော်တော် များများ ဖြုန်းတီး ပစ်ခဲ့တာကရော…..။

အရက် အရမ်း သောက်တဲ့သူ..

အာဏာအလွဲသုံးစား လုပ်တဲ့သူ..

လာဘ်စားတဲ့သူ…

မုဒိန်းကျင့်တဲ့သူ..

လူသတ်တဲ့သူ..

ဟုတ်ကဲ့….။လူသားအားလုံး ကိုယ့်ကိုကို ချစ်ကြပါတယ်ဗျာ ။

ကျွန်တော်တို့ဗုဒ္ဓဘာသာဝင်အားလုံး ဘုရားရှိခိုးတိုင်း ဘုရား ၊တရား ၊သံဃာ ရတနာသုံးပါးတို့ အား ကိုးကွယ်ရာ ဟူ၍ ဆည်းကပ်ပါသည် ဆိုပြီး ရှိခိုးကန်တော့ကြပါသည် ။ဘဇာကြောင့် ကိုးကွယ်ဆည်းကပ် ကြပါသနည်း ။

ဘုရားက ကျွန်တော်တို့ကို ဖန်ဆင်းထားလို့ ဘုရားကို ကလန်ကဆန်လုပ်ရင် ဒုက္ခရောက်မှာ ကြောက်လို့ မဟုတ်ပါဘူး ။

ဘုရားက ကျွန်တော်တို့နိုင်ငံမှာမွေးလို့ ၊ကျွန်တော်တို့နဲ့ ဆွေမျိုးတော်လို့လည်း မဟုတ်ပါဘူး ။

မကောင်းမှုနှင့် ကောင်းမှု တို့ကို ပိုင်းခြားထင်ထင် သိမြင်တော်မူသော

မကောင်းမှု မှန်သမျှ ကိုယ်တိုင်လည်း မပြုလုပ် ၊တစ်ပါးသူတို့အားလည်း မပြုလုပ်ရန် ဆုံးမညွှန်ပြတော်မူသော

ကောင်းမှုမှန်သမျှ ကိုယ်တိုင်လည်း ပြုလုပ် ၊တစ်ပါးသူတို့အားလည်း ပြုလုပ်ရန် တိုက်တွန်းတော် မူသောကြောင့် ကျွန်တော်တို့ ကိုးကွယ်ကြပါသည် ။

ငါ တည်းဟူသော အတ္တကို ပယ်သတ်တော်မူပြီးသော ၊ တစ်ပါးသူတို့အားလည်း ပယ်သတ်ရန် ဆုံးမတော်မူသော မြတ်စွာဘုရားက အဘယ်ကြောင့် ငါ့ကိုယ်ငါသာ ကိုးကွယ်ရာဟု ဟောကြားတော်မူခဲ့ ပါသနည်း ။

တကယ်တော့ လူတိုင်း လူတိုင်း မကောင်းမှုကို အထိုက်အလျောက် သိရှိနားလည်ကြပါသည်။ အထူးသဖြင့် ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင် တွေက ပိုမိုများပြားစွာ သိရှိကြပါသည် ။ဟုတ်တယ် လေ ။ ကျွန်တော်တို့ဘာသာဝင်တွေ မကောင်းမှုလို့ သတ်မှတ်ထားတာကို တခြားဘာသာတွေ မှာ ကောင်းမှုအဖြစ် သရုပ်ဖော်ထားကြတယ်လေ ။သို့ပေသိ……….ကိုယ့်ကိုယ်ကို မကိုးကွယ် ချင်ကြလေသလောမသိ

မိမိ ကိုယ်ကို ကိုးကွယ်ရာအဖြစ်နဲ့ ချစ်ကြရမည့်အစား ကျွန်တော်တို့…

အတ္တအဖြစ်နဲ့ ချစ်နေကြပါသည် ။

မာန အဖြစ်နဲ့ ချစ်နေကြပါသည် ။

ဒု စရိုက်ကောင်အဖြစ်နဲ့ ချစ်နေကြပါသည် ။

အကယ်၍များ လူတိုင်းလူတိုင်း မိမိကိုယ်ကို ကိုးကွယ်ရာအဖြစ် ချစ်နေကြမည် ဆိုပါလျှင်

မိမိကိုယ်ကိုတကယ်ချစ်ရာ ရောက်ပါမည် ။

တစ်ပါးသူတို့အား ချစ်ပြီးသား ဖြစ်နေပါလိမ့်မည် ။

မိတ်ဆွေ…

သင်ကော သင်ကိုယ်သင် ကိုးကွယ်ရာအဖြစ်နဲ့ ချစ်ပါသလား ။ကျွန်တော်ကတော့…

အဟီး…..ကြိုစားပါဦးမည် ။

စေတနာ

12.4.2009(00.10)


ကဲ သူငယ်ချင်း တို့ ရေ ကိုစေတနာ နဲ့ ဆွေးနွေးချင်တယ်ဆိုရင် သူ့ E mail ကို ဆက်သွယ်ပြီး ဖြစ်ဖြစ် ၊ comment မှာ ဖြစ်ဖြစ် အဆင်ပြေသလို ဆွေးနွေး လို့ရပါတယ်။ ပညာရှင်တွေ မှ ဆွေး နွေးလို့ရတာမဟုတ်ဘူး နော် ။ လူငယ်မှာလည်း လူငယ့် အမြင်ဆိုတာ ရှိတယ်။ အားလုံးကို ကြိုဆိုပါတယ်။ comment မှာတော့ ဆဲမသွားဘူးဆိုရင် ဘယ်ကွန်းမန့်ကိုမှ ကျွန်တော်ဖျတ်မှာမဟုတ်ပါဘူး။ မှား တယ် မှန်တယ်ဆိုတာ စာဖတ်သူ ဆုံးဖြတ်ရမှာပါ။ ကျွန်တော် က လက်ဆင့်ကမ်းပေးယုံသာ။

လေးစားစွာဖြင့် နေစိုးနိုင်

No comments: