Monday, July 13, 2009

နေရာ နဲ့ ခြေရာ

ခေါင်းစဉ်ကိုဖတ်ပြီးတော့ တအားအကြီးကြီးတွေလျှောက်မတွေးကြပါနဲ့။ ကျွန်တော့်ရဲ့ ခံစားချက် သက်သက်ပါ ။ အားလုံးအတွက်မှန်ချင်မှမှန်ပါလိမ့်မယ်။ ကျွန်တော် နေခဲ့ဖူးတဲ့ နေရာ (သို့) နင်းခဲ့ဖူးတဲ့ခြေရာ လေးတွေ အကြောင်းပေါ့ဗျာ။ ကဲ ရန်ကုန်ကနေစမယ် …

သူငယ်ချင်းတို့သိတဲ့အတိုင်းပဲ ကျောင်းပြီးစ ရန်ကုန်မှာ အလုပ် လုပ်ရင်းနဲ့ နိုင်ငံခြားမှာ ရှိတဲ့ သူ တွေကို အားကျ လာတယ် လေ။ ကိုယ်က ရတဲ့ လစာလေး နဲ့ ယိုင်တိုင်တိုင် နေ နေရချိန်မှာ နိုင်ငံခြားသွားတဲ့ သူငယ်ချင်းတွေက မိဘ ဆီကို ပိုက်ဆံတွေ ဘာတွေပြန်ပို့ပေးနေတော့ ကိုယ့်ကိုယ် ကို မကျေနပ်ချင်တော့ဘူး ဒါနဲ့ပဲ နိုင်ငံခြားကို သွားဖို့ဆုံးဖြတ်လိုက်ခဲ့တာပါ။

တက်ခဲ့တဲ့ သင်တန်းတွေ ကလက်မှတ်တွေက လည်း အများကြီး ၊ တက္ကသိုလ်ကြီး တစ်ခု ကလည်း ဘွဲ့ ရပြီးနေပြီ ဒါတောင် အလုပ်မရသေးခင် မိဘ ဆီက ပိုက်ဆံ ပြန်တောင်းရတဲ့ ဘ၀ က မလွတ်သေးဘူး။ အလုပ် မရခင် ပိုက်ဆံပြန်တောင်း ရတာ ကို နားလည်နိုင်ပေမယ့် ပြောခဲ့သလို လက်မှတ်ပေါင်းစုံနဲ့ အလုပ် ရဖို့ ကလည်းမလွယ် ၊ ရပြန်တော့လည်း ရန်ကုန်မှာ နေနိုင် အောင် မနည်းကြိုးစားနေရတာကိုးဗျ။ ဒီမှာ ကျွန်တော် က ဖီးလ် တက်လာတော့ ပဲ ။ လက်မှတ် ပေါင်းစုံကိုင်ပြီး အလုပ်လုပ်နေ တာတောင် အိမ် က ပိုက်ဆံပြန်တောင်းရတဲ့ ဘ၀ က မလွတ်သေးဘူး ဆိုတော့ ကိုယ့်ကိုယ်ကို သိပ်ပြီး မသတီချင်တော့ ဘူးဗျ။ ဘယ်သူ့ ကိုမှ မကျေနပ်လို့တော့ မဟုတ်ပါဘူး ဒါပေမယ့် ဒီအခြေအနေကြီးကို ကျွန်တော် က မကျေနပ်ဘူး။ ဒါကြောင့် ဒီကနေ ရအောင် ရုန်းထွက်ရမယ်လို့ အမြဲ စိတ်ကူးထားတယ်။

ဒီအချိန်မှာပဲ ကျောင်းနေဖက် သူငယ်ချင်းတစ်ယောက် က မင်း ဒူဘိုင်း သွားမလားတဲ့ ။ ဒူဘိုင်း က ဘာလဲ လို့ ပြန်မေးပပါတယ်။ တကယ်ပါဗျာ အဲဒီအချိန်က ဒူဘိုင်း ဆိုတာ ကို ကြားကိုမကြားခဲ့ဖူးတာပါ။ အဲ… ယူအေးအီး ဘာညာ ဆိုတော့ ကြားဖူးသွားပါပြီ ။ သူငယ်ချင်းက သူ့ အစ်ကို ရှိကြောင်း နဲ့ အဆင်ပြေ ကြောင်း ပြောပါတယ်။ ဒါနဲ့ပဲ သွားမယ် ပေါ့ ။ ဘာလိုလဲ ဆိုတော့ ဓာတ်ပုံ ၁၂ ပုံ နဲ့ ပိုက်ဆံ ၁သိန်း လို တယ်တဲ့ ။ ပေးလိုက်တယ် ။ အဲဒီ အချိန်မှာ ကျွန်တော် အလုပ် က နယ်တွေကို လိုက်သွားနေရတာကို ရန်ကုန်မှာ နေရတယ်ကို မရှိပါဘူး ။ အဲဒီနောက် တစ်ခေါက် ရန်ကုန်ကို ပြန်ရောက် လာ တော့ မင်း ဆေးစစ် ပြီးမှ ခရီး ပြန်ထွက်တဲ့ ကျွန်တော်လည်း ဒီတစ်ခါ မကြာပါဘူး နောက်မှ စစ်တော့မယ်ဆိုပြီး နယ်ပြန်ထွက်သွားပါတယ် ။ နောက် တစ်ခေါက် ရန်ကုန်ပြန်ရောက်တော့ သူငယ်ချင်းက ထွက် သွားပြီ ။အမြန်ဆုံးဆေးစစ် ရတာပေါ့။ နောက် မကြာပါဘူး လေယဉ်လက်မှတ်ရပြီ သွားရတော့မယ် ဆိုတော့ ဇာတိပြန် အဖေ ၊ အမေ နဲ့ မိသားစုဝင် တွေကို နုတ်ဆက် ပေါ့။

အိမ်က လိုက်ပို့ မယ် ဆို တော့ လိုက်မပို့ ပါနဲ့ လို့ပဲ ပြောလိုက်တော့တယ်။ စိတ်ထဲမှာတော့ သူများ နိုင်ငံ ကျွန်သွားခံရမှာ ဘာမှ အသိုင်း အ၀ိုင်း ကြီး နဲ့ အလှူ လှည့် သလို သွားစရာမလိုဘူး လို့ ခံယူထားလို့ပါ။ သွားမယ့်နေ့ရောက်တော့ ကျွန်တော့် အချစ်ဆုံး ကျောင်းနေဖက်သူငယ်ချင်း နေထွန်းလင်း (ရှီဖော) နဲ့ ကျွန်တော့်ကို ညီ လို ချစ်တဲ့ ဦးဇင်း ၀ိမလ ပဲ လေယဉ်ကွင်းကို လိုက်ပို့ပါတယ်။

ဒူဘိုင်းရောက်တော့ ကုမ္ပဏီ က လာကြိုပါတယ် ။ ထမင်း စားဖို့ အတွက် ကုမ္ပဏီ ကို အရင်ခေါ်သွားပါတယ်။ နောက် မှ နေရမယ့် အဆောင်ကို ခေါ်သွားတာပါ။ အဲ အဆောင် ရှေ့ ကားရောက်တော့ ည ၁၁ နာရီလောက် ရှိပါပြီ ကျွန်တော့် သူငယ်ချင်း ကျွန်တော် ကို ပြေးဖက်ပါတယ်။ ကျွန်တော်တို့ ဒီည ရောက်မယ်ဆို လို့ သူမအိပ်ဘဲ စောင့် နေတာပါတဲ့ ။ အားရှိလိုက်တာဗျာ။

အဲဒီအချိန်က ကျွန်တော်တို့ ကုမ္ပဏီမှာ မြန်မာ မိန်းခလေး တွေ မရောက်ကြသေးပါဘူး။ အားလုံး ယောက်ျားလေးတွေချည်းပါပဲ။ သွားအတူ စား အတူ ၊ နေတာလည်း အတူတူ ဆိုတော့ ညီရင်း အစ်ကို ငယ်ပေါင်း သူငယ်ချင်းတွေလိုပါပဲ။ (မြန်မာမိန်းခလေးတွေ မလာ ခင် ကျွန်တော်တို့ ဘယ်လိုကြွားထားပြီး နောက်မှ ဘယ်လို သောက် ရှက် ကွဲလဲဆိုတာတော့ နောက်မှ ကြုံရင်ပြောပြမယ်)

အလုပ် ကို သဘောမကျပေမယ့် ပိုက်ဆံရတော့ ပျော်တယ်လေ။ အိမ်ကို ပိုက် ဆံ ပြန်ပို့ တဲ့ အခါ စိတ်ထဲမှာ ဘယ်လို ကြည်နူးမှူ ရတယ်ဆိုတာ ကိုတော့ စာနဲ့ မရေးတတ်တော့ဘူး။ အဲ ကျွန်တော် က အလုပ်မှာ ပျော်အောင်နေတယ် ။ ဒါကို လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းတွေသိပါတယ်။ သိပ်ပြီးတော့ တော့ သည်းညည်းမခံတတ်ဘူး ( လူမျိုးခြား ) ကုမ္ပဏီမှာတော့ ပျော်အောင်နေတယ်။ ရောက် ကတည်း က ဆုံးဖြတ်ထားတာ တော့ ရှိတယ် ။ ဒူဘိုင်းမှာ ပျော်အောင်မနေဘူးလို့ ဆုံးဖြတ်ထားတာ ။ ဒီအလုပ် ၊ ဒီနိုင်ငံမှာ ကျွန်တော် မတိုးတက်နိုင်လောက်ဘူးဆိုတာ ကို သိနေတယ်။ စိတ်ထဲမှာ ခံစားလို့ ရတာ ပါ ။ အရင်က သမိုင်းမှာ သင် ခဲ့ ရတယ်လေ ကိုလိုနီခေတ် ကိုလိုနီစနစ် မှာ အလုပ် သမား တို့ ဘယ်လို ခံစား ရတယ်ဘာညာ ဆိုတာ ။ တကယ်တန်း စဉ်းစား ကြည့်ရင် ကျွန်တော်တို့ ဘ၀ လည်း ဒီလိုပါပဲ။ သူတို့ စနစ်လည်း သူလို ကိုယ်လိုပါပဲ။ အလုပ်မှာ ပျော်အောင်နေပေမယ့် နိုင်ငံမှာ ပျော်အောင်မနေခဲ့ပါဘူး။

ကျွန်တော် ဆုံးဖြတ်ထားတာ တစ်ခု တော့ ရှိတယ် ။ ဒီအလုပ် ကို ချစ်လှတာ မဟုတ်ပေမယ့် နောက်တစ်ခါ ပြောင်းမယ့် အလုပ်ရောက်ရင် ဘ၀ အတွက် ရေရှည် ရပ်တည် နိင်တဲ့ အလုပ် ဒါမှမဟုတ် အတတ်ပညာ ပါတဲ့ အလုပ် ကိုပဲ ပြောင်းတော့မယ် မပြောင်း ရသေးသမျှတော့ ဒီအလုပ်က နေမခွာတော့ဘူး ဆိုပြီးနေခဲ့တာပါ။

ဒါကြောင့် နိုင်ငံခြားကို သွားချင်နေတဲ့ ညီငယ် ၊ နှမငယ်များ နဲ့ ဟိုကိုရောက်ပြီး အလုပ်လုပ်နေကြတဲ့ သူငယ်ချင်းများ ကို ကျွန်တော့် အတွေ့ အကြုံ ထဲ ကနေရခဲ့ တဲ့ ကျွန်တော့် အသိကို ပြန်ပြီး မျှဝေပေးချင်တယ်။ ကျွန်တော် မြန်မာပြည်ကို ပြန်မယ်ဆိုတော့ ကိုလွင်မင်းခန့် ကမေးပါတယ်။ ဘာလို့ပြန်မှာလဲ တဲ့ ဒီမှာ အဆင်မပြေဘူးလားတဲ့ ။ကျွန်တော်ပြောပြပါတယ် အစ်ကို ရေ ခဏတာအတွက် ကြ ည့်ရင်တော့ အဆင်ပြေပါတယ် ဒါပေမယ့် ဘ၀စာ အတွက် ဆိုရင်တော့ အဆင်မပြေတော့ဘူးလို့ ။ ဘာလို့လဲဆိုတော့ လွန်ခဲ့တဲ့ သုံးနှစ်ခွဲ လောက် က သာ သံချည်သံကွေး အလုပ် မျိုးနဲ့ ကျွန်တော် လာ ခဲ့တယ် ဆိုရင် ခုနေဆို ကျွန်တော် မြန်မာပြည်ပြန်ပြီး ဂဟေ ဆော် စား လို့ ရလောက်ပြီ လို့ ။ ဒါပေမယ့် ကျွန်တော် ရွေးခဲ့တဲ့ အလုပ် က အတတ်ပညာမပါခဲ့တော့ ခုနေရန်ကုန်ပြန်ရင် ကျွန်တော် ဘ၀ က အစကပြန်စရမှာပဲ ။ ဘယ်တော့ ပြန်ပြန် အစက ပြန်စ ရမှာဆိုတော့ ကျွန်တော် အိမ်ပြန်ချိန်နောက်မကျချင်ဘူး ဗျာ ။ ဆိုတော့ သူလည်း မတားတော့ ပါဘူး။

ဒါကြောင့် နိုင်ငံခြားကို သွားပြီး အလုပ်လုပ်မယ်ဆိုရင် အတတ်ပညာ ( ဘယ်ပညာမဆို ) ပါတဲ့ လုပ်ငန်းမျိုးကို ရွေးချယ်စေချင်ပါတယ်။ အချိန်ကြာလာတာနဲ့ အမျှ ကိုယ့် ဘ၀ အတွက် အတတ်ပညာ တစ်ခုတော့ ရလာမှာပဲလေ။ တကယ်လို့ ခုလောလောဆယ် နိုင်ငံခြား မှာ အတတ်ပညာ မပါတဲ့ လုပ်ငန်း ကို လုပ်နေရတယ် ဆိုရင်လည်း စိတ်တော့ မပျက်ပါနဲ့ ဒါပေမယ့် သတိလေးတော့ ထားပေါ့။ မသင့်တော်တဲ့ နေရာမှာ မပျော်စေပါနဲ့။ အတတ်ပညာ မပါ ပေမယ့် ငွေကြေးအရ ကိုယ့်ဘ၀ အတွက် လုံလောက်တဲ့ ရင်းနှီးမြှုပ်နှံမှူ တစ်ခုလောက် ရမယ်ဆိုရင်တော့လုပ်ပေါ့။

ဆိုလိုချင်တာကတော့ နိုင်ငံခြားမှာ အလုပ်တစ်ခု ကို လုပ်နေတယ်ဆိုတာ ကိုယ့် ဘ၀ ရဲ့ အချိန်တွေကို ရင်းနှီး ထားရတာပါ။ ဒီလိုရင်းနှီးလိုက်လို့ ရလာမယ့် အကျိုးအမြတ်က ငွေကြေး ဒါမှမဟုတ်ရင် ပညာ တစ်ခုခု ဖြစ်ဖို့ အရမ်း အရေးကြီးပါတယ်။ ဒီလိုမဟုတ်ဘဲ လတ်တလော အဆင်ပြေနေတာလေး ကို သာယာသွားမယ်ဆိုရင် စိတ်တော့မကောင်းဘူး သူငယ်ချင်းရေ ခင်ဗျားတို့ ရလာတာ နောင်တ တွေပဲ ဖြစ်နေလိမ့်မယ်။

ပြည်တွင်းနေမှ တိုင်းပြည်ကို ချစ်တာ ၊ လူမျိုးကို ချစ် တာ ပြည်ပ ကလူတွေ အားလုံး တိုင်းပြည်ကို မချစ်ကြဘူး လို့ သိမ်းကျုံး ပြီး မရမ်းချင်ပါဘူး။ ဟုတ်မှ မဟုတ်တာ ကိုယ်တိုင် လည်း အပြင်မှာ နေဖူးတော့ အပြင်ကနေ အမိမြေကို ချစ်နေတဲ့ မြန်မာတွေ ရိုက်သတ်ပစ်လို့တောင်မကုန်နိုင်ပါဘူး။ နိုင်ငံခြားမှာ အလုပ်လုပ်နေလို့ အထင်လည်းမသေးပါဘူး။ ကိုယ့်ဘ၀ နဲ့ ကိုယ်ပဲလေ ကျွန်တော်ပြောချင်တာကတော့ဗျာ..

အခြေအနေအရ ဆိုတာ လူတိုင်းမှာ ရှိပါတယ်။ ကိုယ့်ဘ၀ကို ဒီထက် ပို ပြီး အောင်မြင်နိုင်မယ်လို့ ယုံကြည်တယ်ဆိုရင် သူငယ်ချင်းရေ ဘယ်ထောင့်မှာ သွားခွေခွေ ကြိုက်တဲ့နေရာမှာသာနေပေတော့ ။ ဒီလိုမှ မဟုတ်ဘူး မရေ မရာ မသေမချာ ဖြစ်နေမယ်ဆိုရင်တော့ အိမ်ပြန်ချိန်နောက်မကျစေနဲ့။ ဒီလိုဆိုပြန်တော့ ကိုယ့်အိမ်ကရော ဘယ်လောက် အာမခံချက်ပေးနိုင်လို့လဲ ဆိုတဲ့ မေးခွန်းကိုတော့ လူကြီးမင်း ၊ ကလေး မင်းတို့ ကိုယ်တိုင် မေး ကိုယ်တိုင်ဖြေ သာ လုပ်ကြပေတော့ဗျာ။

ကဲ .. အခု ရောက်နေတဲ့ နေရာ ကနေ နောက်ပြန်ပြီး ခင်ဗျားတို့ရဲ့ ခြေရာကလေး တွေကို ပြန်စမ်းစစ် ကြည့်လိုက်ပါအုံး ။ ဒီခြေရာတွေကို ကြည့်လိုက်ရင် ဒီနေရာ ( ခုရောက်နေတဲ့ ) ဟာ ကိုယ့်အတွက် နေရာမှန်လား ဆိုတာကို သိနိုင်ကောင်းပါရဲ့။ မိတ်ဆွေ မြင်နေတဲ့ခြေရာတွေမှာ နောင်တ တွေ များနေတယ်ဆိုရင်တော့ ဒီနေရာဟာ မှားနေပြီ ။ အမြန်သာပြောင်းပေတော့။

နေရာမှန်ရောက်ဖို့ ခြေရာပြန်ကောက်ကြပါစို့ဗျား . . .

သာဓု. .. သာ..( ယောင်သွားလို့ ) ခင်ဗျားလည်းမယောင်နဲ့နော် ။ ဒါတရားဟောနေတာမဟုတ်ဘူး .. ထင်ရာတွေး ထင်ရာရေးထားတာ ..

လေးစားစွာဖြင့်
နေစိုးနိုင်

5 comments:

Angel Shaper said...

ကိုနိုင်ကြီးရေ... အားလုံးအတွက်လိုအပ်နေတဲ့ ပိုစ့်လေးပါ...
သမီးအပါအ၀င် အားလုံးသော သူငယ်ချင်း မိတ်ဆွေတွေဟာ ခြေရာလေးတွေ ပြန်လှမ်းကြည့်လိုက်မိတယ်ဆိုရင်ပဲ ခုခြေချနေတဲ့ နေရာလေးကနေ နေရာမှန်ကို ဆက်သွားဖို့  မေ့နေလောက်ကြပြီလေ။
ခုလို အသိပေးလိုက်တာ ကျေးဇူးတင်ပါတယ်။
အားလုံးပဲ ခြေရာလေးတွေ ပြန်စစ်ပြီး နေရာမှန်ကို အပြေးလှမ်းစို့။

လွင်မင်းခန့်  said...

ညီ ရေ...မအားမလပ်တဲ့ ကြားက ခုလိုအိမ်ကိုပြန်ပြန်လာ ကြည့်ပေးတာ ကျေးဇူးတင်ပါတယ်။ မင်းက ကို့ ထက် ငယ်ပေမယ့် ကို လေးစားရတဲ့ လူငယ်တစ်ယောက်ပါ။ comfort zone တွေထဲက မင်းလိုရုန်းထွက်ရဲတဲ့ သတ္တိတွေ ကိုတို့ မြန်မာလူငယ်လေးတွေတိုင်းမှာ ရှိစေချင်လိုက်တာ။ အင်အားနဲ့  သတ္တိ သာ ရှိရင် အရာရာအောင်မြင်မှာပဲ ညီ..။ တစ်ချို့ လူငယ်တွေ ခက်နေတာက ကိုယ့်မှာ အင်အားရှိမရှိတောင် စမ်းကြည့်ဝံ့တဲ့ သတ္တိတွေ ချိနဲ့ နေ ကြတာပဲ။ ဆက်ကြိုးစားပါ နေစိုးနိုင်။ မင်းတစ်နေ့ အောင်မြင်မှာပါ။

လွင်မင်းခန့် 

ရေတမာ said...

ကျေးဇူးအကို...

flowerpoem said...

ကိုနေစိုးနိုင်က ပြန်တော့မလို့လား

Anonymous said...

ခံစားချက်သက်သက်တွေက မှန်လွန်းတဲ့
လက်တွေ့ တွေပါ အစ်ကိုနေစိုးနိုင်။။။။
ကောင်းလွန်းလှတဲ့ အသိပေး post လေးပါ။
ညီမအတွေးတွေ အခုခြေရာပြန်ကောက်နေပြီ။
....:).....ခြေရာတွေ အကြောင်းတော့နောက်
မှပြောပြတော့မယ်။ လောလောဆယ်မှာတော့
ကမ္ဘာပတ်ချင်တဲ့ ခြေလှမ်းတွေကို ပြင်နေတယ်
အစ်ကိုတို့ ရေ။။။ မရောက်ဖြစ်တာကြာသွားတဲ့
အတွက် တောင်းပန်ပါတယ်။ အားလုံးကို သတိရ
ကြောင်းတော့ ပြောမယ်နော်။ :)အစ်ကိုများအားလုံးကို သတိရလျှက်......
ခင်မာလာအောင်..