(၀န်ခံအသိပေးခြင်း။ ကျွန်တော်ဟာ စာရေးဆရာတစ်ယောက်မဟုတ်သလို အတွေးအခေါ်သမား တစ်ယောက်လည်း မဟုတ်ပါဘူး။ ဘာသာရေးဝါဒီသမားလည်း မဟုတ်ပါဘူး။ သာမန်စာဖတ်သူ တစ်ယောက်သာ ဖြစ်ပါတယ်။ ကျွန်တော် သိထားတဲ့ အကြောင်းအရာတွေနဲ့ ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတဲ့အကြောင်းအရာတွေကို ဆက်စပ်ပြီး ကျွန်တော့်အမြင်ကိုသာ ဖော်ပြခြင်းဖြစ်ပါတယ်။ ဒီပို့စ်လေးဟာ ကျွန်တော့်ရဲ့ အမြင်အယူအဆတစ်ခုကိုသာ ရေးသားထားခြင်းဖြစ်တဲ့အတွက် အယူအဆမတူသူများ များစွာရှိနိုင်ပါတယ်။ ထိုသူများအနေနဲ့ ဒီပို့စ်လေးနဲ့ ပတ်သက်ပြီး ဝေဖန်ဆွေးနွေးချင်ရင် zayarooo@gmail.com မှာ ဆွေးနွေးနိုင်ပါတယ်။ ကျွန်တော် ကိုးကားထားတဲ့စာအုပ်တွေကို ဒီပို့စ်ရဲ့ အဆုံးမှာ ဖော်ပြထားပါတယ်။ )
မြန်မာနိုင်ငံ၌ ဘာသာတရားကိုးကွယ်မှုတွင် ဗုဒ္ဓဘာသာလူမျိုးက အများစု ဖြစ်ကြပါတယ်။။ ဗုဒ္ဓဘာသာမှာ အစဉ်အဆက် ဆင်းသက်လက်ခံလာသော၊ သက်ဝင်ယုံကြည်လာသော မိရိုးဖလာဗုဒ္ဓဘာသာဝင်များက အများစုဖြစ်ပြီး ဝေဖန်ဆန်းစစ် လေ့လာပြီးမှ သက်ဝင်ယုံကြည်လက်ခံသော လူများက အနည်းစု ဖြစ်ပါတယ်။ အစဉ်အဆက် လက်ဆင့်ကမ်းကိုးကွယ်မှုမှာ ဗုဒ္ဓဘာသာဝင်မှတင်မဟုတ်ဘဲ အခြားသော ဘာသာတရား များတွင်လည်း ရှိပေသည်။ မိဘလက်ဝယ်မှ သားသမီးများက လက်သင့်ခံ ကိုးကွယ်လာကြ သူများက အများစု ပါ။ မည်သည့်ဘာသာတရားကိုမျှ မကိုးကွယ်သော လူများက ကမ္ဘာပေါ်တွင် လူနည်းစုမျှသာ ရှိပါတယ်။
ယခုခေတ်ကာလ ဗုဒ္ဓဘာသာမြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာကို ကိုးကွယ်တဲ့ လူအများစုဟာ ဘာသာတရားကို ကိုးကွယ်ရုံသက်သက်လို့ ယူဆတဲ့သူက အလွန်များပြားလာပါတယ်။ ဘာသာတရားတစ်ခုကို လက်ခံထားတယ်ဆိုတဲ့ အသိကလေးတစ်ခုလောက်ပဲ ထား ကြပါတယ်။ ဗုဒ္ဓဘာသာဝင်အများစုဟာ ဘုရားရှေ့မှာ ဦးချတတ်ရုံ၊ ဘုရားသွားကျောင်းတက်လုပ်ရုံလောက်နဲ့ပဲ ကျေနပ်နှစ်သိမ့်နေတတ်ကြပါတယ်။ ဘုရား၊ တရား၊ သံဃာကို ယုံကြည်ကိုးကွယ်နေရင် လုံလောက်ပါတယ်ဆိုတဲ့ အသိ ကလေးတွေဟာ လူအတော်များများရဲ့ ရင်မှာ ပြည့်နေကြပါပြီ။ ဘာသာတရားတစ်ခုကို လက်ခံပြီး ကိုးကွယ်ယုံကြည်တာဟာ မလုံလောက်ဘူးလားဆိုရင် မလုံလောက်ဘူးလို့ပဲ ကျွန်တော် ဖြေမိမှာပါ။ အများသိကြတဲ့ လွယ်ကူတဲ့ ဥပမာလေးတစ်ခုလိုပါပဲ။ ဥယျာဉ်မှူးတစ်ယောက်ဟာ သူ့ဥယျာဉ်မှာ အပင်လေးတစ်ပင်ကို စပျိုးခဲ့ပြီဆိုရင် အဲဒီအပင်ကလေးကို ရှင်သန်ကြီးထွားလာအောင်၊ အကိုင်းအခက်အလက်ဝေဆာလာအောင် အမြဲတမ်း ပေါင်းသင်ရှင်းလင်း ပျိုးထောင်နေရတာပါ။ အဲဒီလိုမဟုတ်ဘဲ အပင်စိုက်ပြီး ပြီးရောဆိုပြီး ထားခဲ့မယ်ဆိုရင် ဒီအပင်ကလေးဟာ အလွယ်တကူပဲ ညှိုးနွမ်းခြောက်သွေ့ပြီး မကြာခင်မှာ သေသွားမှာပါပဲ။ မိမိလက်ခံထားတဲ့ ကိုးကွယ်နေတဲ့ ဘာသာတရား တစ်ခုကိုလည်း ဒီသဘောအတိုင်း အမြဲတမ်း ရှင်သန်နေအောင်၊ မှေးမှိန်ပျောက်ကွယ်မသွားအောင် ထိန်းသိမ်းဖို့က ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်များရဲ့ အရေးကြီးတဲ့ တာဝန် တစ်ခုပါပဲ။ အဲဒီမထိန်းသိမ်းဘဲ ပစ်ပယ်ထားခဲ့မယ်ဆိုရင် တော့ ကမ္ဘာပေါ်မှာ ဘယ်လောက်ပဲ ထင်ရှားခဲ့ပါစေ၊ တစ်ချိန်မှာ ပျောက်ကွယ်ကောင်း ပျောက်ကွယ်သွားနိုင်ပါတယ်။ ဘာသာတရားတစ်ခုကို ထိန်းသိမ်းဖို့အတွက် ကျွန်တော်တို့ဟာ ဘုန်းကြီးဝတ်ဖို့ မလိုအပ်သေးပါဘူး။ တရားစခန်း အမြဲဝင်နေဖို့လည်း မလိုအပ်သေးပါဘူး။ ပထမဆုံးအချက်က ကျွန်တော်တို့ ကိုးကွယ်နေကြတဲ့ ဘာသာတရားကို ဘယ်လိုထိန်းသိမ်းကြမလဲဆိုတာကို စဉ်းစားမိဖို့ပါပဲ။ မေးခွန်းရှိလာပြီဆိုရင် အဖြေအတွက် ကျွန်တော်တို့တွေ စဉ်းစား ကြရမှာပါပဲ။
လွန်ခဲ့သော ၁၀ စုနှစ်ကျော်ကာလပိုင်းက မြန်မာနိုင်ငံ နေရာအတော်များများမှာ ဗုဒ္ဓဘာသာအခြေခံ သင်တန်းများ ဖွင့်လှစ်ခဲ့ကြပါတယ်။ ဒါဟာ ဗုဒ္ဓဘာသာအတွက် အလွန်ကောင်းတဲ့ ရည်ရွယ်ချက်တစ်ခုပါပဲ။ နောက်ပိုင်း အကြောင်းအမျိုးမျိုးကြောင့် ဒီဗုဒ္ဓဘာသာအခြေခံသင်တန်းများမှာ တစ်စတစ်စ ပျောက်ကွယ်သွားကြပါတယ်။ အခုနောက်ပိုင်း ဘုန်းတော်ကြီးကျောင်း တော်တော်များများမှာ ဘာသာရေးသင်တန်းထက် အခြားသော ခေတ်သိပ္ပံပိုင်းဆိုင်ရာ၊ ဘာသာရပ်ပိုင်းဆိုင်ရာ သင်တန်းများ ဖွင့်လှစ်ခဲ့ကြပါတယ်။ ဘာသာရေးထက် ခေတ်သစ်သိပ္ပံပညာကို အထူးအားပေးသင်ကြားခြင်းဖြစ်ခြင်း ကြောင့် လူငယ်အများစုဟာ ဘုန်းကြီးကျောင်းနယ်ပယ်အတွင်း ရောက်ခဲ့ပေမယ့် ဘာသာရေးကို လေ့လာခွင့် မရခဲ့ကြပါဘူး။ ဒီလိုနဲ့ ကလေးငယ်များ၊ လူငယ်များဟာ ဗုဒ္ဓဘာသာနှင့် ပတ်သက်သော အကြောင်းအရာလေးများကို သိခွင့်ရဖို့ တစ်စတစ်စ ကင်းဝေးခဲ့ကြရပါတယ်။ လူအတော်များများဟာ ဒါတွေကို သတိမထားမိခဲ့ကြပါဘူး။ ဘာသာရေးအတွေးအခေါ် နည်းလာတာနဲ့အမျှ ဘာသာရေးနှင့် ပတ်သက်သော ယုံကြည်မှုသက်ဝင်မှုမှာလည်း လျော့နည်း လာကြပါတယ်။ အချို့သော လူငယ်များက မိမိနှင့် နီးစပ်ရာအသိုင်းအ၀န်းကနေတစ်ဆင့် လေ့လာခွင့်ရဖို့ ကြိုးစားကြပါတယ်။ ဘာသာရေးစာပေများ လေ့လာဖတ်ရှုခြင်း၊ တရားပွဲများတွင် သွားရောက်၍ တရားနာယူခြင်းများ ပြုလုပ်ခဲ့ ကြသော်လည်း အားရစရာ ကောင်းလောက်အောင် လေ့လာမှု မပြုနိုင်ကြတာကို မြင်တွေ့ရပါတယ်။ ရိပ်သာ တရားစခန်းဝင်တာဟာလည်း ထိုနည်းတူပါပဲ။ တရားစခန်းဝင်နေတဲ့အချိန်ကာလအတွင်းမှာသာ ဘာသာတရားကို ပြုလုပ် နိုင်ကြပြီး တရားရိပ်သာက ပြန်အထွက် ရက်အနည်းငယ်အတွင်းမှာပဲ လောကီကိစ္စများစွာကြားမှာ မေ့ပျောက်သွားတတ်ကြပါတယ်။ ဒီမှာ စဉ်းစားစရာနှစ်ခု ရှိလာပါတယ်။ သင်ကြားပြသပေးသော ဆရာသမားများဘက်က သင်ကြား ပြသမှုပိုင်းမှာ အားနည်းကြလို့လား၊ ဒါမှမဟုတ် လက်ခံသင်ယူနေကြတဲ့သူများဘက်က စိတ်ဝင်စားမှုပိုင်း အားနည်းကြလို့လားဆိုတာ စဉ်းစားစရာ ရှိလာပါတယ်။ နောက်တစ်ခုက ဘာသာရေးဆိုတာကို လက်ဆင့်ကမ်း သင်ကြားပြသ ပေးမယ့်သူများ မြန်မာနိုင်ငံမှာ အတော်ကို နည်းနေတာကို တွေ့ရပါတယ်။ ဆိုလိုတာက လူမှုရေးနယ်ပယ်၊ စီးပွားရေးနယ်ပယ်မှာ လောကီကိစ္စတွေကြား လုံးလည်ချာလည်လိုက်နေရင်း သိနားလည်သူများကလည်း ဘာသာရေး အသိကလေးတွေ ဖြန့်ဝေပေးဖို့ မေ့ပျောက်နေတတ်ကြပါတယ်။ မေးမြန်းလာခဲ့ကြသူများ ရှိခဲ့ရင်လည်း သူတို့၏ လမ်းညွှန်မှုမှာ ဘာသာရေးစာအုပ်များ ဖတ်ရှုခိုင်းစေခြင်းနှင့် ရိပ်သာများတွင် လေ့လာခိုင်းခြင်းပင် ဖြစ်ပါတယ်။ယခုနောက်ပိုင်းတွင် လူအတော်များများဟာ စီးပွားရေး၊ လူမှုရေးကိစ္စများနှင့် ရောထွေးရှုပ်ထွေးနေကြခြင်းကြောင့် ဘာသာရေးပိုင်းကို လေ့လာဖို့အတွက် အားနည်းလာကြခြင်းကိုလည်း တွေ့ရပါတယ်။ ထိုထိုသော အကြောင်းများ ကြောင့် ဘာသာရေးပိုင်းမှာ လူအတော်များများ အားနည်းလာတာဟာ အဆန်းတကြယ်တော့ မဟုတ်ပါဘူး။
ဘယ်အကြောင်းရာမှာမဆို ´အခြေခံ´ သဘောတရားဆိုတာ ရှိပြီသားပါ။ ဘာသာတရားတင်မှ မဟုတ်ပါဘူး။ အသိပညာ၊ အတတ်ပညာကအစ အခြေခံကို မသိဘဲ တစ်ဝက်ကစပြီး သင်တဲ့သူတွေ၊ အဆင့်ကျော်ပြီး သင်တဲ့သူတွေ ဟာ သူတို့ သင်ကြားရတဲ့ အသိပညာ၊ အတတ်ပညာ ဘာသာရပ်တွေအပေါ်ကို လုံးဝနားမလည်ဘဲ သိရုံလောက်ပဲ သိလိုက်ကြတာပါ။ ဘာသာရပ်တစ်ခုကို စပြီး သင်ကြားပြီဆိုကတည်း အခြေခံကစပြီး သင်ကြားကြရပြီး ပြီးတော့မှ တစ်ဆင့်ပြီးတစ်ဆင့် သင်သွားကြရတာပါ။ ယခုနောက်ပိုင်း ဗုဒ္ဓဘာသာဝင်များဟာ ဗုဒ္ဓအကြောင်းအတော်များများကို မသိကြတော့ပါဘူး။ ဒါဟာ အလွန်စိတ်မကောင်း စရာကောင်းတဲ့ ဖြစ်ရပ်တစ်ခုပါ။
ဗုဒ္ဓ၀ါဒ မပေါ်ခင် အယူဝါဒများယဉ်ကျေးမှု မထွန်းကားသောအချိန် ရှေးခေတ်ကာလ လူများသည် မိမိတို့ဘ၀အတွက် သစ်ပင်၊ တောတောင်၊ နေ၊ ရေ၊ လေ၊ မီး အစရှိသည်တို့ကို ကိုးကွယ်ကြသည်။ နောက်ပိုင်း ယဉ်ကျေးမှုတိုးတက်လာသည်နှင့်အမျှ လူတို့၏ ကိုးကွယ်ယုံကြည်မှုများသည် တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်လာကြပါတယ်။ သစ်ပင်၊ တော၊ တောင်များကို ကိုးကွယ်သည့်အဆင့်မှ နတ်ဘုရားများကို ကိုးကွယ်သည့်အဆင့်သို့ ပြောင်းလဲလာကြပါတယ်။ မမြင်မတွေ့ရသော နာမ်ပိုင်းဆိုင်ရာ ကိုးကွယ်မှုများကို အိန္ဒိယတွင် အများဆုံးတွေ့ရပါတယ်။ ထိုခေတ်လူများသည် နတ်ဘုရားများကို ကိုးကွယ်ကြရာတွင် ဝေဒကျမ်းများအလိုအရ ကိုးကွယ်ကြခြင်းဖြစပါတယ်။ ဝေဒကျမ်းများကို နတ်ဒေ၀ါများက ရေးသားထားခြင်း ဖြစ်သည်ဟု ယုံကြည်လက်ခံထားကြပါတယ်။ ပါဠိပိဋက စာပေများတွင် ဗေဒင်(ဝေဒ) သုံးပုံဟု ရေးသားထားသည်ကိုလည်း တွေ့ရသည်။ ဗေဒင် (ဝေဒ) သုံးပုံဆိုသည်မှာ (၁) ဣသျှူဝေဒ (နတ်ဘုရားများကို ချီးမွမ်းခြင်း)၊ (၂) သာမဝေဒ (သောမဒေ၀နတ်အကြောင်းကို ဖွဲ့ဆိုထားသော ကဗျာစု)၊ (၃) ယဇုဝေဒ (နတ်ဘုရားများကို ရည်စူး၍ ပြုလုပ်ရသော ယစ်ပူဇော်ပွဲများတွင် ရွတ်ဆိုသော ကဗျာစုများ) တို့ ဖြစပါတယ်။ နောက်ပိုင်းတွင် ဝေဒကျမ်းတစ်ခု ထပ်တိုးပွားလာ ပါတယ်။ ယင်းတစ်ခုမှာ အာတပ္ပနဝေဒ ခေါ် စုန်းကဝေ တစ္ဆေနှင့် နတ်မိစ္ဆာများကြောင့်ဖြစ်သော ရောဂါများနှင့် ရိုးရိုးသဘာဝရောဂါများကို ပျောက်ကင်းစေသည့် ဂါထာမန္တရားများနှင့် ကာယသိဒ္ဓိ၊ ပီယသိဒ္ဓိ စသော သိဒ္ဓိအမျိုးမျိုးပြီးစေ သည့် ဂါထာမန္တရားများ ပါဝင်သော ကျမ်းဖြစ်ပါတယ်။ ယင်းကျမ်းများကို နှောင်းလူများက ဗေဒင်ကျမ်းများဟု ခေါ်ကြပါတယ်။ နောက်ပိုင်းမှာ ဤကျမ်းများထက် ပိုမိုကောင်းမွန်သော ကျမ်းများလည်း ထွက်ပေါ်လာခဲ့ပါတယ်။
သိဒ္ဓတ္တ၊ ဂေါတမဗုဒ္ဓဘုရားလောင်းသိဒ္ဓတ္တမင်းသားသည် သေတကေတုနတ်သားဘ၀မှ စုတေ၍ မယ်တော်မာယာ၏ ၀မ်းကြာတိုက်၌ မဟာသက္ကရာဇ် ၆၇ ခု၊ ၀ါဆိုလပြည့် ကြာသပတေးနေ့၌ ပဋိသန္ဓေယူပြီး မဟာသက္ကရာဇ် ၆၈ ခု၊ ကဆုန်လပြည့် သောကြာနေ့တွင် ဖွားမြင်သည်။ (ခရစ်တော်မပေါ်မီ သက္ကရာဇ် ၅၆၇ ခုနှစ်တွင် ဖြစ်သည်။) ဘုရားလောင်းသိဒ္ဓတ္တသည် မဟာသက္ကရာဇ် ၉၇ ခု၊ သက်တော် ၂၉ နှစ်တွင် တောထွက်တော်မူသည်။ မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် ဘုရားစင်စစ်ဖြစ်တော်မူသည်။ သက်တော် ၈၀ ၊ သက္ကရာဇ် ၁၄၀ ခုနှစ်တွင် ပရိနိဗ္ဗာန်ပြုတော်မူသည်။ (ခရစ်တော်မပေါ်မီ သက္ကရာဇ် ၄၈၇ ခုနှစ်တွင် ဖြစ်သည်။) ဂေါတမဗုဒ္ဓ ပရိနိဗ္ဗာန်စံတော်မူပြီး ၇ ရက်ကြာပြီးနောက် ရှင်မဟာကဿပအပါအ၀င် သံဃာ ၅၀၀ ဟာ တခြားဒေသတစ်ခုသို့ ရောက်ရှိနေချိန်ဖြစ်ပါတယ်။ ဘုရား ပရိနိဗ္ဗာန်စံတော်မူကြောင်း ကြားသိရတဲ့အခါ ရဟန်းတော်အများ အပြား ငိုကြွေးကြတယ်။ အဲဒီလို ငိုကြွေးနေတဲ့အချိန်မှာ သုဘဒ်အမည်ရှိတဲ့ ရဟန်းတစ်ပါးက ဗုဒ္ဓ မရှိတော့တဲ့နောက်ပိုင်း ၀မ်းနည်းပူဆွေးနေစရာမလိုဘဲ လွတ်လပ်စွာ စိတ်တိုင်းကျနေနိုင်ပြီလို့ ပြောတယ်။ အဲဒီလိုရဟန်းများ ရှိနေ တာကို ရှင်မဟာကဿပ သံဃာတော်အရှင်သူမြတ်တို့ကို လျှောက်ထားပြီး သင်္ဂါယနာတင်ဖို့ အကြံပြုပါတယ်။ ထိုသို့သော သံဃာတော်များကြောင့် သာသနာ မကွယ်ပျောက်စေရန် ဘုရားဟောကြားခဲ့သော သုတ်၊ ၀ိနည်း၊ အဘိဓမ္မာ တို့ဖြင့် သင်္ဂါယနာတင်ရန် အကြံပြုပါတယ်။ ထိုကဲ့သို့ သာသနာတော်အား ဖျက်ဆီးမည့် သံဃာအတု အယောင်များကို အဆက်ဆက် ဖယ်ရှားရှင်းလင်းခဲ့ရာ ၆ ကြိမ်တိုင်ခဲ့ပြီ ဖြစ်ပါတယ်။ သင်္ဂါယနာတင် ခဲ့သည့်အကြိမ်မှာ အောက်ပါ အတိုင်း မှတ်သားထားနိုင်ပါတယ်။
(၁) ပထမအကြိမ် သင်္ဂါယနာတင်ပွဲကို မဟာသက္ကရာဇ် ၁၄၈ ခုနှစ်၊ ၀ါခေါင်လပြည့်ကျော် ၁ ရက်မှ ဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူပြီး သုံးလတိတိအကြာတွင် သင်္ဂါယနာတင်ရာ ခုနစ်လတိတိ ကြာသည်။ အဇာတသတ်မင်း လက်ထက်တွင် ဖြစ်သည်။
(၂) ဒုတိယမြောက် သင်္ဂါယနာတင်ပွဲကို သာသနာ သက္ကရာဇ် ၁၀၀ ပြည့်မြောက်သောအချိန်တွင် ဝေသာလီပြည် ကာလာသောကမင်းလက်ထက်တွင် ရှင်မဟာယသကြီးမှူး၍ သင်္ဂါယနာတင်ရာ ရှစ်လတိတိကြာသည်။ (ခရစ်တော် မပေါ်မီ ၄၄၃ တွင် ဖြစ်သည်။)
(၃) တတိယသင်္ဂါယနာတင်ပွဲကို ပါဋလီပုတ်ပြည် သီရိသောကမင်းလက်ထက် သက္ကရာဇ် ၂၃၅ ခုနှစ်တွင် အသောကရာမကျောင်းတိုက်၌ သင်္ဂါယနာတင်ရာ ကိုးလကြာသည်။ (ခရစ်တော်မပေါ်မီ ၃၈၅ ခုနှစ်တွင် ဖြစ်သည်။)
(၄) စတုတ္ထမြောက် သင်္ဂါယနာတင်ပွဲကို သီဟိုကျွန်း မလယဇနပုဒ်၌ ၀ဂ်ဂါမဏိမင်းလက်ထက် သက္ကရာဇ် ၄၅၀ ခုနှစ်တွင် သင်္ဂါယနာတင်ခဲ့သည်။ (ခရစ်မပေါ်မီ ၁၀၁ ခုနှစ်တွင် ဖြစ်သည်။)
(၅) ပဉ္စမမြောက် သင်္ဂါယနာတင်ပွဲကို မြန်မာနိုင်ငံ မင်းတုန်းမင်းလက်ထက် မန္တလေးမြို့၌ သာသနာသက္ကရာဇ် ၂၄၁၅ ခုနှစ်တွင် သင်္ဂါယနာတင်ခဲ့သည်။ (ခရစ်သက္ကရာဇ် ၁၈၄၁ ခုနှစ်တွင် ဖြစ်သည်။)
(၆) ဆဋ္ဌမမြောက် သင်္ဂါယနာတင်ပွဲကို မြန်မာနိုင်ငံ ဦးနုလက်ထက် သာသနာသက္ကရာဇ် ၂၄၉၈ ခုနှစ်တွင် နောက်ဆုံး သင်္ဂါယနာတင်ခဲ့သည်။ (ခရစ်သက္ကရာဇ် ၁၉၅၄ မှ ၁၉၅၆ ခုနှစ်အတွင်းဖြစ်သည်။)
ယခုကဲ့သို့ ခေတ်အဆက်ဆက် သင်္ဂါယနာတင်ခဲ့ရခြင်းမှာ သာသနာအတွင်း သာသနာကွယ်ပျောက်စေမည့် ကိစ္စများစွာဖြစ်ပေါ်ခဲ့သောကြောင့် ဖြစ်ပါတယ်။ ဗုဒ္ဓဟောကြားခဲ့သော ဒေသနာတော်များ၊ တရားတော်များ၊ ၀ိနည်းတော်များ အတိုင်း လိုက်နာကျင့်သုံးမှုမရှိဘဲ ထေရ၀ါဒနှင့် မသက်ဆိုင်သော တန္တရ၀ါဒများ၊ သာသာနအပဖြစ်သော နတ်ကိုးကွယ်မှုများ၊ မန္တန်ရွတ်ဖတ်များ တိုးပွားလာခြင်းကြောင့် သာသနာတော်ကို သန့်စင်အောင် အမြဲတမ်းရှင်းလင်းဖယ်ရှားခဲ့ ရပါတယ်။ ဗုဒ္ဓ ပွင့်ထွန်းခဲ့သော အိန္ဒိယနိုင်ငံသည် ထိုတန္တရ၀ါဒများ၊ မန္တန်ရွတ်ဖတ်မှုများ၊ နတ်ကိုးကွယ်မှုများ၊ အင်းအိုင်လက်ဖွဲ့များကြောင့် သာသနာမှေးမှိန်ကွယ်ပျောက်ခဲ့ရခြင်း ဖြစ်သည်။ ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်များသည် ထေရ၀ါဒ နှင့် မသက်ဆိုင်သော အယူဝါဒများကို ရှောင်ရှားသင့်သည်။ ထိုအယူဝါဒများကို ဖော်ပြရလျှင်--
သံဃာဂိုဏ်းခွဲခြင်း-
နတ်ကိုးကွယ်ခြင်း၊
ဘိုးတော် မယ်တော် ကိုးကွယ်ခြင်း၊-
ဂါထာမန္တန်ရွတ်ဖတ်ခြင်း၊
ဗေဒင်ဟောခြင်း၊
အင်းအိုင်လက်ဖွဲ့ ယတြာပြုလုပ်ခြင်း၊ ယုံကြည်ခြင်း၊-
ဘုရားလောင်း ကိုးကွယ်ခြင်း.. စတာတွေဖြစ်ပါတယ်။
သံဃာဂိုဏ်းခွဲခြင်းအမှုသည် ထေရ၀ါဒဗုဒ္ဓဘာသာတွင် အလွန်အန္တရာယ်အကြီးဆုံးနှင့် အပြစ်အကြီးဆုံး အမှုကိစ္စဖြစ်သည်။ သံဃာဂိုဏ်းခွဲခြင်းသည်ပင် ဗုဒ္ဓသာသနာတော်ကို ဖျက်ဆီးခြင်းပင် ဖြစ်သည်။ ဗုဒ္ဓအလိုတော်အရ သံဃာတော်တို့သည် ကိစ္စများစွာကို ဆောင်ရွက်ကြရာတွင် ကွဲပြားခြားနားခြင်းမရှိစေရဘဲ စည်းလုံးညီညွတ်စွာ ပြုမူလုပ်ဆောင်ရမည်ဖြစ်ကြောင်း မိန့်တော်မူခဲ့သည်။ သံဃာတော်အရှင်သူမြတ်တို့အား စည်းလုံးညီညွတ်မှုပျက်ပြား အောင် ပြောဆိုခြင်း၊ ရေးသားခြင်းသည် သံဃာဂိုဏ်းခွဲခြင်းပင် ဖြစ်သည်။
နတ်ကိုးကွယ်ခြင်း၊ ဘိုးတော် မယ်တော်ကိုးကွယ်ခြင်းသည်လည်း ထေရ၀ါဒဗုဒ္ဓဘာသာပြင်ပ အယူဝါ ဒများဖြစ်သည်။ နတ်ကိုးကွယ်ခြင်းသည် ဗုဒ္ဓလက်ထက်မတိုင်ခင်ကတည်းက ပေါ်ပေါက်ခဲ့သော အယူဝါ ဒပင်ဖြစ်သည်။ ဗုဒ္ဓသည် နတ်ကိုးကွယ်မှု အယူဝါဒကို ဝေဖန်ခြင်းမပြုခဲ့သော်လည်း ထိုအယူဝါဒကို လုံးဝလက်မခံခဲ့ချေ။ ဗုဒ္ဓသည် ထိုအယူဝါဒများနှင့် စပ်လျဉ်း၍ သီးသန့်ဟောကြားမှုမရှိခဲ့ပေမယ့် ရဟန်းသံဃာတော်များအား ဟောကြားတော်မူသောတရား တော်များတွင် ထိုအယူဝါဒများနှင့် ပတ်သက်၍ ကဲ့ရဲ့ရှုတ်ချတော်မူသည်။
နတ်ကိုးကွယ်မှုသည် လူတို့တွင် အရိုးစွဲနေသော အယူဝါဒပင် ဖြစ်သည်။ နတ်ကိုးကွယ်မှုသည် ဗြဟ္မဏ၀ါဒမှ ဆင်းသက်လာပြီး ဟိန္ဒူဝါဒမှတစ်ဆင့် မြန်မာလူမှုရေးနယ်ပယ်ထဲသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ဂါထာမန္တန်ရွတ်ဖတ်ခြင်း၊ ဗေဒင်ဟောခြင်း၊ အင်းအိုင်လက်ဖွဲ့ခြင်းများကို ဗုဒ္ဓသည် ကဲ့ရဲ့ရှုတ်ချတော်မူသည်။ ထိုအယူဝါဒများသည် ဗုဒ္ဓ၀ါဒနှင့် လုံးဝဆန့်ကျင်နေခြင်းကြောင့် ဖြစ်သည်။ ဗုဒ္ဓ၏ တရားဒေသနာတော်များသည် မဂ်ဖိုလ်၊ နိဗ္ဗာန်သို့ ဦးတည်၍ သံသရာမှ လွတ်မြောက်ရန် ဦးတည်သော အယူဝါ ဒဖြစ်သည်။ ဦးအေးမောင်၏ ဗုဒ္ဓအမြင် လူသားစွမ်းအင်စာအုပ်တွင် ဤသို့ ရေးသားထားသည်။ ´´ဗုဒ္ဓသည် အင်္ဂ၀ိဇ္ဖာ၊ ယတြာ၊ ဗေဒင်၊ ဓာတ်ရိုက်ခြင်း၊ မန္တန်မှုတ်ခြင်း၊ အိပ်မက် ဖတ်ခြင်း စသော လောကီအတတ်ပညာများကို ယုံကြည်သော လူတို့အား ကဲ့ရဲ့ပြစ်တင်တော် မမူချေ။ သို့ရာတွင် ရဟန်းတို့အား မဂ်ဖိုလ်နှင့် ဖီလာဖြစ်သော ထိုလောကီပညာများကို လေ့လာခြင်း၊ သင်ကြားပို့ချခြင်းမပြုရန် တားမြစ်တော်မူခဲ့၏။ (သုတ္တနိပါတ် တုဝဋသုတ်နှင့် ၀ိနည်းစူဠ၀ါပါဠိတော်)´´ လူတို့သည် အသိပညာဗဟုသုတ ပြည်စုံသူဖြစ်ပင်သော်လည်း ထိုလောကီအယူဝါဒများကို စွန့်လွှတ်ဖို့ရန် အလွန်ခဲယဉ်းကြ သည်။ ထိုကြောင့် ဗုဒ္ဓသည် ထိုအကြောင်းကိစ္စ များနှင့် စပ်လျဉ်း၍ လူတို့အား အထွေအထူး ဟောကြားခြင်း မရှိခဲ့ခြင်း ဖြစ်သည်။ သို့သော် ထေရ၀ါဒဗုဒ္ဓဘာသာဝင်များသည် ထိုလောကီအယူဝါဒများကို ရှောင်ကျဉ်သင့်သည်။ လူပုဂ္ဂိုလ် ပင် မဆိုနှင့်၊ အချို့သော သံဃာတော်များထဲတွင်ပင် ထိုလောကီအယူဝါဒများနှင့် ရောထွေးလျက် ရှိသည်။ ထိုအယူဝါ ဒများကို ထိုကဲ့သို့သော သံဃာတော်များက ဘုရားဟော ဒေသနာတရားတော်များထဲတွင် ပါသယောင်ယောင် ဟောပြောတတ်ကြသေးသည်။ ထိုသူတို့သည် အင်းအိုင်လက်ဖွဲ့ပေးခြင်း၊ ဂါထာမန္တာန်ရွတ်ဖတ်ခြင်းများပင် ရှိတတ်သည်။ ထိုကဲ့သို့ သံဃာတော်များ သာသနာတော်အတွင်း ရှိနေခြင်းသည် ဗုဒ္ဓသာသနာတော် အနှောင့်အယှက်ပင် ဖြစ် သည်။
ဘုရားလောင်းကိုးကွယ်ခြင်းဝါဒသည် မဟာယာနဗုဒ္ဓဘာသာအယူဝါဒ ဖြစ်သည်။ ဘုရားလောင်းသည် ကိလေသာ မကင်းစင်သေးသော လူသားတစ်ယောက်ပင် ဖြစ်ပေသည်။ ထိုကဲ့သို့ ကိုးကွယ်မှုမျိုးကို ဗုဒ္ဓသည် ကဲ့ရဲ့ရှုတ်ချတော်မူ သည်။ အချို့သော မဟာယာနဗုဒ္ဓဘာသာဝင်များသည် ထေရ၀ါဒနှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်သော အယူဝါဒများကို လက်ခံထားသည်။ မြန်မာနိုင်ငံတွင် ဘာသာရေးအပေါ် လေ့လာမှု အားနည်း သူများသည် ဘာသာတရားနှင့် ပတ်သက်၍ ရှင်းရှင်းလင်းလင်း မသိရှိနိုင်ဘဲ ရောထွေးနေတတ်သည်။ အချို့သော လူအများစုသည် ဗုဒ္ဓဘာသာချင်းအတူတူ ထေရ၀ါဒနှင့် မဟာယာန အတူတူပင်ဟု ထင်မြင်တတ်ကြသေးသည်။
တကယ်လေးစားကြည်ညိုထိုက်သော သံဃာတော်အရှင်သူမြတ်တို့သည်လည်း မြန်မာနိုင်ငံ နေရာအနှံ့အပြား တွင် ရှိနေဆဲပင် ဖြစ်သည်။ ထိုဆရာတော် သံဃာတော်တို့သည်လည်း သာသနာတော်အတွက် အားကြိုးမာန် တက် ဟောပြောပို့ချနေကြတုန်းပင် ဖြစ်သည်။။ နားထောင်ကောင်းရုံသက်သက် ဟောပြောနေခြင်း မဟုတ်ပေ။ အဲဒီလိုမှမဟုတ်ဘဲ ``သာသနာဘက်မှာတော့ အစားချောင်၊ ပျင်းလို့ ပဉ္ဇင်းခံတဲ့ကောင် မဖြစ်ပါစေနဲ့´´ ဆိုတဲ့ အဆိုအမိန့်ထဲကလို သံဃာတော်များစွာလည်း ရှိနေပါသေးတယ်။ အကြောင်းအမျိုးမျိုးကြောင့် လူအများစုဟာ စီးပွားရေးကျဆင်းလာပြီး မနက်စာနဲ့ ညစာ ပုံမှန်စားရဖို့အတွက် ရုန်းကန်လှုပ်ရှား နေကြရတဲ့အချိန်မှာ သူတို့တွေဟာ အခါကြီးရက်ကြီးတွေကလွဲလို့ ဘုရားသွား ကျောင်းတက်လုပ်ကြတာ အတော်ကို နည်းသွားပါပြီ။ စီးပွားရေး ပြေလည်ဖို့၊ ရာထူးတက်ဖို့အတွက် ဗေဒင်လက္ခဏာမေးကြ၊ အဆောင်ယတြာလုပ်ကြတဲ့ သူတွေက များလာကြပါတယ်။ ထေရ၀ါဒ ဗုဒ္ဓဘာသာမှာ ဒီလိုမျိုးကိစ္စတွေ ရောယှက်လာတာဟာ ထေရ၀ါဒဘာသာတရား ပျောက်ကွယ်ဖို့အတွက် အကြောင်းလမ်းစများပဲ ဖြစ်ပါတယ်။ အချို့သော ဆရာသမားကြီးများကလည်း သံယောင်လိုက် လုပ်တတ်ပါသေးတယ်။ ``ဘုရားသာသနာ ကုန်လို့ သိကြားသာသနာခေတ်ကို ရောက်လာပါပြီ´´ ဆိုတာပါ။ သီချင်းတောင် လုပ်ဆိုကြပါသေးတယ်။ ဘုရားသာသနာဟာ နှစ်ပေါင်း ၅၀၀၀ တည်တံ့မယ်လို့ ဘုရားရှင် က ဟောပြောခဲ့ပြီးသားဖြစ်ပါတယ်။။ အခုမှ နှစ်ပေါင်း ၂၅၀၀ ကျော်ပဲ ရှိပါသေးတယ်။ အဲဒီလို ထေရ၀ါဒ ဗုဒ္ဓဘာသာကို ပြုစုမပျိုးထောင်ဘဲနဲ့ တလွဲလုပ်နေကြတဲ့ သူတွေကြောင့် ဘာသာတရားအပေါ် လူအများစု အာရုံစူးစိုက်မှု နည်းပါးလာတာဟာ အဆန်းတော့ မဟုတ်ပါဘူး။
ဗုဒ္ဓသာသနာကို မြန်မာနိုင်ငံသို့ သယ်ဆောင်လာသူ ရှင်အရဟံနှင့် ပထမမြန်မာနိုင်ငံ ထူထောင်သူ အနော်ရထာပုဂံပြည့်ရှင် အနော်ရထာနဲ့ ရှင်အရဟံဟာ မြန်မာနိုင်ငံမှာ ဗုဒ္ဓသာသနာ ပြန့်ပွားဖို့အတွက် အစွမ်းကုန် ကြိုးစားခဲ့ကြသူတွေပါ။ ဘယ်လောက်ထိ သူတို့တွေ ကြိုးပမ်းခဲ့သလဲဆိုတာကို လေ့လာချင်ရင် ဆရာ သော်တာဆွေ ဘာသာပြန် ရေးသားတဲ့ ``ပုဂံသူရဲကောင်းများ´´ ဆိုတဲ့ စာအုပ်ကို ရှာဖွေဖတ်ကြည့် စေချင်ပါတယ်။ မူရင်း စာရေးဆရာမက ဆရာမကြီး ဒေါ်ခင်မျိုးချစ်ပါ။ ဆရာမကြီးက အင်္ဂလိပ်လို ရေးသားထားတာကို ဆရာ သော်တာ ဆွေက မြန်မာလို ဘာသာပြန်ထားတာပါ။ ဒါပေမယ့် အထင်ကရ ထင်ရှားတည်ရှိနေတဲ့ ရွှေတိဂုံဘုရားမှာတောင် အနော်ရထာနဲ့ ရှင်အရဟံတို့ရဲ့ အထိမ်းအမှတ် ရုပ်တုတွေ မရှိပါဘူး။ ဘုရားရှင်ရဲ့ တရားဒေသနာတော်တွေ၊ ကျမ်းဂန်တွေကို မြန်မာနိုင်ငံမှာ လေ့လာခွင့်ရနေတာဟာ အနော်ရထာနဲ့ ရှင်အရဟံ ကျေးဇူးကြောင့်ပါပဲ။ သူတို့ကြောင့် ကျွန်တော်တို့ အရည်းကြီးမဖြစ်ဘဲ ဗုဒ္ဓဘာသာကို ကိုးကွယ်ခွင့် ရနေတာပါ။
ဒီပို့စ်လေးဟာ ထေရ၀ါဒဗုဒ္ဓဘာသာဝင်များအတွက် မိမိတို့ရဲ့ ဘာသာတရားကို ဘယ်လိုထိန်းသိမ်းစောင့်ရှောက် သင့်သလဲဆိုတာကို အကျဉ်းချုံးဖော်ပြထားခြင်း ဖြစ်ပါတယ်။ ပြီးပြည့်စုံသော် ဖော်ပြချက်များ မဟုတ်ပေမယ့် ဒီကမှတစ်ဆင့် ဆင့်ပွားအတွေးကလေးများ ရလာမယ်ဆိုရင် ကျေနပ်ပါတယ်။ ဘာသာတရားတစ်ခုကို လေ့လာတယ်ဆိုတာ အသက်အရွယ်အပိုင်းအခြားနဲ့ မသက်ဆိုင်ပါဘူး။ လေ့လာလို စိတ်နဲ့ပဲ ဆိုင်တာပါ။ ဗုဒ္ဓကိုယ်တော်တိုင် ဟောကြားခဲ့တဲ့ တရားတော်များကို ဖတ်ရှုလေ့လာကြည့်ပါက ထိုသဘောတရားကို မြင်တွေ့နိုင်ပါတယ်။
နွေးထွေးစွာဖြင့်
ဇေယျာဦး
ကိုးကားသောစာအုပ်များနှင့် တရားတော်-
ဦးအေးမောင် - ဗုဒ္ဓအမြင် လူသားစွမ်းအင်-
ညိုသောင်း - ဘာသာကြီးလေးခု အနှစ်သာရများ-
မြသန်းတင့်- လာခြင်းကောင်းသောအရှင်-
ဆန်းလွင်- ရတနာသုံးပါး ယုံကြည်ကိုးကွယ်ဆည်းကပ်သူတစ်ယောက်အကြောင်း-
ဦးရွှေအောင်- အမြင်များ ပြောင်းလဲခြင်းနှင့် အတွေးအမြင်စာစုများ-
ဆရာတော် ဦးကောသလ္လ၏ နှလုံးသားဝယ် ဘုရားတည် တရားတော်
2 comments:
အားလုံးအတွက် ထက်သန်တဲ့ စေတနာကောင်းတွေနဲ့  လေ့လာတင်ပြထားတဲ့ ပို့ စ်ကောင်းတစ်ခုပါပဲ.. ပေးဆပ်သူကို ခုလို တစ်ဖက်တစ်လမ်းက ကူညီရေးသားပေးလာတဲ့ ဇေယျာဦးကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါတယ်။
လေးစားစွာဖြင့်
လွင်မင်းခန့် 
If you rely on books written in Burmese, your knowledge about Buddhism as a whole would become too narrow and shallow. I find out that you have no substantial knowledge and information about what is REAL Mahayana Buddhism and you presented your post from your biased and sectarian Theravada view. I would like to advice you to try to read in other languages about Mahayana Buddhism and extend your limited knowledge about Buddhism. You can contact me at myatchitshin@googlemail.com.
Post a Comment