ပါလေရာ စက်ချေးဆိုတာ သူ့ကိုပြောတာပေါ့ ။ နေရာတကာ ပါကို ပါနိုင်လွန်းတယ် ။ မိဘနဲ့ သားသမီးကြားလည်း သူပါတာပါပဲ ။ ညီအကိုမောင်နှမကြားလည်း သူပါတာပါပဲ ။ ဆွေမျိုး မိတ်ဆွေအပေါင်းအသင်းကြားလည်း ဒီကောင် ပါတာပါပဲ ။
စီးပွားရေးလောကမှာလည်း ဒီကောင်ရှိတယ်ဗျ ။ ရောင်းသူလုပ်မလား ဒီကောင်နဲ့ ကြုံရမည်။ ဝယ်သူလုပ်မလား ဒီကောင်နဲ့တွေ့ရမည် ။ ထုတ်လုပ်သူ လုပ်ဦးမလား ဒီကောင်နဲ့ မလွဲဘူး ။ အလုပ်သမားနဲ့ အလုပ်ရှင်တွေလည်း ဒီကောင်နဲ့ ရင်းနှီးကြတယ် ။ ကုန်ကုန်ပြောမယ်ဗျာ..။ သူတောင်းစားလုပ်ရင်တောင် ဒီကောင်လက်ကမလွတ်ဖူး ။
နိုင်ငံရေး လောကမှာလား…။ နေရာအနှံ့ ဒီကောင်ခြေရာဆန့်ခဲ့လို့ ကျွန်တော်တို့တိုင်းပြည် လေးမှာ ဒဏ်ရာတွေ မွှထပြီး လူမမာရုပ်တောင် ပေါက်နေပြီ ခင်ဗျ ။
ဒီပါလေရာ စက်ချေးကောင်ရဲ့ အမည်ကတော့ “ပြဿနာ”လို့ခေါ်ပါတယ် ။အောင်မယ် ဒီကောင်မှာ (ခ)အမည်တောင် ရှိလိုက်သေး ။ “ဒုက္ခ”တဲ့ ။ ဟုတ်တယ်လေ ။ဒုက္ခရောက်တယ် ဆိုတာ ဒီပြဿနာကောင်နဲ့တွေ့မှ မဟုတ်ပါလား ခင်ဗျာ ။
နေရာတိုင်းမှာ တို့ရှိတယ်ဆိုတဲ့ ဒီပြဿနာကောင် ။ ဒီကောင့်ကြောင့် မျက်ရည်နဲ့ မျက်ခွက် ဖြစ်ရသူတွေလည်း မနည်းတော့ပြီ ။ ဒေါသတွေလည်း ဖြစ်ခဲ့ရပြီ ။ သွေးရောင်တွေလည်း လွှမ်းခဲ့ရပြီ ။ ဒီလိုကြားထဲမှာမှ ဒီကောင့်ကို စိန်ခေါ်နေသူတွေကိုလည်း ရှားရှားပါးပါး တွေ့မြင်နိုင်လေရဲ့ ။
ကျွန်တော်တို့ ကုမ္ပဏီမှာ ပြဿနာတစ်စုံတစ်ရာ မရှိဘူးဆိုရင်တော့ အရမ်းကို အပြစ်ကင်းစင် လွန်းတဲ့ ကျွန်တော်တို့ရဲ့ မန်နေဂျာ ။အဲ…ပြဿနာတော့ ယောင်လို့တောင် မပေါ်လိုက်နဲ့ နော် ။ အရင်ဘဝက ရဲများ လုပ်ခဲ့လေသလား မသိ ။ ပြဿနာဖြစ်လို့ကတော့ ဆွေမျိုးသော ဘာသော သူနားမလည် ။အိန္ဒိယ ၊မြန်မာ ၊ဖိလစ်ပင်း သူမခွဲ ။ အဲဒီပြဿနာအပေါ် Responsibility ရှိသူကတော့သေဖို့သာပြင်ထား ။ အဟောက်ကောင်းလို့ မန်နေဂျာ ဖြစ်နေ တာလို့များ မှတ်ထားပုံရတယ် ။ လာသမျှ ပြဿနာအရပ်ရပ်ကို တစ်ဖက်သားအား ပုံချတတ် တဲ့နေရာမှာတော့ စံပါပဲ ။ အဲဒီမန်နေဂျာ အကြောင်းပြောနေကြတာကို နားထောင်ရင်း electronic သင်တန်းမှာတုန်းက ပြစ်ချက်ရှာဖွေတာကို troubleshooting ဆိုပြီးသင်ခဲ့ရတာကို ပြန်အမှတ်ရမိတယ် ။ အဲဒီမှာ ဆက်တွေးရင်း ဆက်တွေရင်းနဲ့ ဒီစာရေးဖြစ်သွားတာပါ။
အီလက်ထရောနစ်သင်တန်းမှာ troubleshooting ကို ဘယ်လိုကဘယ်လို ပြစ်ချက်ရှာ ဖွေခြင်းဆိုပြီး ဘာသာပြန်လည်းတော့ မသိပါဘူး ။ကိုယ်လည်းဒီလောက်လည်လည်ပတ်ပတ် အင်္ဂလိပ်စာကို မသိတော့ထားလိုက်ပါတော့ ။ရူးကြောင်ကြောင်နဲ့ စိတ်ဝင်စားသွားတာက ဒီ troubleshooting ဆိုတာလေးကိုပါပဲ ။ troubleဆိုတဲ့ ဒုက္ခ နဲ့ shootingဆိုတဲ့ ပစ်ခတ် တိုက်ခိုက်ခြင်း နှစ်မျိုးကိုပေါင်းထားတဲ့ troubleshootingဆိုတဲ့ ဒီဝေါဟာရလေး ။ ဒုက္ခဆိုတဲ့ကောင်က ကျွန်တော်တို့ကို တိုက်ခိုက်ချေမှုန်းနေတာလား ။ ကျွန်တော်တို့က ဒုက္ခဆိုတဲ့ကောင်ကို တိုက်ခိုက်ချေမှုန်းရမှာလား ။
တကယ်တော့ ဒီဒုက္ခ(ဝါ)ပြဿနာဆိုတဲ့ကောင်က အတော့်ကို ဥာဏ်များပြီး အတော့်ကို ကြောက်ဖို့ကောင်းတဲ့ကောင်ဗျ ။ ကျွန်တော်တို့အင်အားတောင့်တင်း
ဒီကောင့်မှာ ချီးကျူးစရာကောင်းတာက ကျွန်တော်တို့ရဲ့ အားနည်းချက်ကို မရအရ ရှာဖွေတတ်သလောက် သူ့အားနည်းချက်ကိုတော့ လူမသိအောင် နေနိုင်လွန်းပါရဲ့ ။
တကယ်တော့ ဒီပါလေရာ စက်ချေးကောင်ဟာ အဆင့်မရှိတဲ့ ၊အောက်တန်းနောက် တန်းကျတဲ့ ရန်သူပါဗျာ ။ဒီကောင်တစ်ယောက်တည်းနဲ့ ကျွန်တော်တို့ကို မဖိုက်ရဲပါဘူး ။ အနည်းဆုံး တစ်ယောက်ယောက်ရဲ့ အကူအညီ ၊အများအားဖြင့် သုံးလေးယောက်ရဲ့ အကူအညီရပါမှ ကျွန်တော်တို့ကို တိုက်ခိုက်ရဲတဲ့ကောင်ပါဗျာ ။
ပြောမယ့်သာပြောရတာ ။ဒီကောင်က background အလွန်ကောင်းတဲ့ကောင် ခင်ဗျ ။ စိတ်တိုခြင်း ၊ ပျင်းရိခြင်း ၊ စဉ်းစားဆင်ခြင်မှုမရှိုခြင်း ၊ မာန်ရှိလွန်းခြင်း ၊ စွဲလန်းခြင်း ၊ တပ်မက်ခြင်း ၊ မနာလိုခြင်း ၊ ရှားပါးခြင်း ၊ အမြင်မှားခြင်း ၊ လွန်ကဲခြင်း ၊ အို…စုံလို့ပါပဲ ။ လောဘ ၊ဒေါသ ၊မောဟတို့နှင့် ဆက်စပ်သမျှ ဒီကောင်ပေါင်းပြီး လက်နက်လုပ်လိုက်တာပါပဲ။
ဒီလောဘ ၊ဒေါသ ၊မောဟ လွန်ကဲသမျှတို့ဟာ ဒီကောင့်ရဲ့ အကူအညီတွေဖြစ်သလို အားနည်းချက်တွေ ဆိုလည်း မမှားဘူးပေါ့ဗျာ ။
ဒီစာနာစိတ်ကင်းမဲ့တဲ့ ပါလေရာစက်ချေးကောင်ဟာ ကျွန်တော်တို့ကို ကြီးငယ်မဟူ ပုပုကွကွ ၊နုနုရွရွ မရွေး နေရာမဆိုင်း ၊ အချိန်မရွှေ့ပဲ အခွင့်အရေးရသရွေ့ တိုက်ခိုက်ခဲ့ ၊ တိုက်ခိုက်ဆဲ ၊ တိုက်ခိုက်နေဦးမယ့် သတ္တဝါကောင်ပါ ။
ကျွန်တော်တိုကလည်း ဒီကောင့်ရဲ့ အားနည်းချက်တွေကို ရှာဖွေပြီး ဒီကောင်ကို ပြန်လည် တိုက်ခိုက်မောင်းထုတ်ဖို့ ကြိုးစားနေကြရမှာပါ ။ ဒီကောင့်မှာ အကူအညီမဲ့ရင် အဆိပ်မရှိတဲ့ ရေမြွေလေးလို သူ့ဖာသာသူ ဝေးဝေးပြေးသွားမှာပါ လို့တွေးနေနိုင်ရင်ကိုပဲ အားတစ်ရပ် ဖြစ်နေမှာပါ ။
ဒါမှမဟုတ်…
ကျွန်တော်တို့မန်နေဂျာနည်းကလည်း ပြဿနာကို မောင်းထုတ်တဲ့ နည်းတစ်နည်း ပါပဲ ။ ပြဿနာဖြစ်ပြီဟေ့ဆိုတာနဲ့ ဘယ်သူ့ကြောင့်ဆိုပြီး လက်ညှိုးငေါက်တောက်ထိုးပြီး သူများကို အပြစ်ပုံချလိုက်တာပါပဲ ။ ဘာပဲပြောပြော သူကတော့ ပြဿနာက လွတ်ကင်းနိုင်တယ်လေ ။
စိတ်မကောင်းမိတာက ကျွန်တော်တို့နိုင်ငံရဲ့ ခေါင်းဆောင်ဆိုသူများကလည်း ဒီနည်းကို တွင်တွင်သုံးနေကြခြင်းပါပဲ ။တစ်ခါတစ်လေသုံးရင် “ဆေး” ဖြစ်နိုင်ပေမယ့် အမြဲတမ်းသုံးနေကြ တော့ “ဘေး”ဖြစ်နေရဘီဗျာ ။
ဘာပဲဖြစ်ဖြစ်ပေါ့ဗျာ…
ကျွန်တော်ရော
ကျွန်တော်နဲ့ပက်သက်သူတွေရော
ကျွန်တော်တို့နိုင်ငံတော်ကြီးပါ ဒီပါလေရာ စက်ချေးကောင်နဲ့ ဝေးစွာနေရပါလို၏ ဟု ဒီ troubleshootingလေးကို ဆက်တွေးတောရင်း ဆုတောင်းနေမိပါသည် ။
သြော်ဒါနဲ့ …
Responsibility ဆိုတာ လူတိုင်းမှာ ရှိတယ် ။ သိလား…?????????????။
စေတနာ
satanarpar@gmail.com
15.04.2009(11း20)
No comments:
Post a Comment