ခေတ်ကာလသဘောအရ လူတွေမှာ-
-တစ်ဦးအပေါ်တစ်ဦး မေတ္တာ၊စေတနာထားလို့ “ဘာများဖြစ်လာမှာလဲ”ဆိုတဲ့ အတွေးတွေ ၊
-မျိုးချစ်စိတ်ဆိုတာ “ဘာကောင်လဲ ”ဆိုတဲ့ အမေးတွေ ၊
-သီလဆိုတာတောင် “လိုအပ်ရင် ချကျွေးရတာပါ ”ဆိုတဲ့ အပြောတွေ များများလာခဲ့ပါပြီ ။
ဘဝရပ်တည် ရှင်သန်မှုတွေ ကျပ်တည်းကျဉ်းမြောင်း လာတဲ့ ကျွန်တော်တို့ကမ္ဘာကို တစ်နေ့ထက်တစ်နေ့ မြင့်မားတိုးတက်လွန်းနေတဲ့ အမှားကမ္ဘာကြီးတစ်ခုက ဟားတိုက်လို့ လှောင်ပြောင်နေကြတယ် ။
“ဘုရား ၊ဘုရားပဲ တ မိတယ် ။”
“တရား ၊တရားလည်း ရ မိတယ်။”
“အလကားတော့ မနေနိုင်တော့ပြီဗျာ ။”
စေတနာ ဗလာသက်သက်မို့ ဝေဒနာ ဖြာယှက်လို့ နေရတာလည်း ကြာခဲ့ပါပြီ ။ သေးနုပ်လှတဲ့ ရှားရှားပါးပါး ကျွန်တော့် ကောင်းကြောင်းလေးတွေနဲ့ပဲ သက်သေပြုပါရစေတော့ ။ အာပေါက်လို့ သေမယ်ဆိုလည်း အသေထွက်ပဲ ထွက်တော့မယ်ဗျာ ။
စေတနာ ငယ်ငယ်က အသွယ်သွယ် မလှပခဲ့သော်လည်း မိဘနှစ်ပါးက ဓမ္မတရားကို တတ်အားသလောက် အမြဲသွန်သင် ခဲ့ကြပါတယ် ။ အရွယ်က လေးငါးခြောက်တန်း ဆိုပေမယ့် လျှောက်လှမ်းခဲ့ရတဲ့ လမ်တွေ ကြမ်းခဲ့ပါတယ် ။ ပန်းတွေကြားမှာ မွေးဖွားလာခဲ့ရပေမယ့် ပန်းတွေရဲ့ အနုအရွ အလှအပတွေကို မခံစားတတ်ခဲ့ပါဘူး ။
မြက်နှုတ် ၊ပေါင်းသင် ၊ ရေထမ်း အလုပ်တွေနဲ့ ဘဝသိပ်မကြမ်းပေမယ့် ငယ်တုန်းဆိုတော့ စိတ်တွေ လန်းဆန်းနိုင်ပါ့မလား ခင်ဗျာ ။
ပန်းများအလယ်မှာမှ စပယ်ဖြူဖွေးလေးကို ရွေးစိုက်ခဲ့တဲ့ အဖေ့ ကျေးဇူးပေါ့ ။ စပါယ်ပန်းစိုက်ပျိုး လုပ်ကိုင်စားရတယ်ဆိုတာ တကယ်တော့ အလုပ်ရှုပ်တဲ့ ချေးထုပ်အလုပ်ပဲဗျ ။ တစ်နေ့ တစ်နေ့ နှစ်သိန်း ၊သုံးသိန်း အရေအတွက် ထွက်တဲ့ စပါယ်ပန်းခြံလေးမှာ အဖေလေ သူ့ဘဝတွေကို ကျေနပ်စွာ မှိန်းနေ ခဲ့တာပေါ့ ။
ငယ်ငယ်ရွယ်ရွယ် မလယ်မဝယ် ညဏ်လေးနဲ့ပေမယ့် အပါယ်ဘေးကိုတော့ ကြောက်တတ်သား ကလား ။
စပါယ် စပါယ်တကယ်မွှေးပေမယ့် စိုက်တဲ့သူကို အလုပ်ပေးတဲ့နေရာမှာတော့ နှစ်ယောက်မရှိပါ ကလားဗျာ ။
ဟုတ်တယ်ဗျ ။ စပါယ်ဆိုတာ တစ်နေကုန် ဘယ်လောက်ခူးခူး မနက်မိုးလင်းတာနဲ့ အပွင့်အစီအရီထွက်ပြီး စိုက်တဲ့သူကို အပူဆင့်တတ်သေးသဗျ ။ အဲ့လို မိုးလင်းမှ ပွင့်တဲ့ပန်းတွေဟာ ဈေးကွက်နဲ့ဝေးတဲ့ ကျွန်တော်တို့ တောရွာအတွက်တော့ အလကားမှ အလကား ။
ကုန်ဘယ်လောက် ရှုံးရှုံး တစ်မျိုးမျိုး အမြတ်ထွက်အောင် ရှာတတ်တာကို ဈေးသည်ဉာဏ်လို့ ခေါ်ပါတယ် ။(စကားမစပ်ဗျာ ကျွန်တော်တို့ မြန်မာနိုင်ငံသား အားလုံး ဒီဉာဏ် ရှိကြစေချင်တယ် ။ အထူးသဖြင့် နိုင်ငံရေးသမား ဆိုသူတွေပေါ့ ။ ) ဟုတ်ကဲ့ဈေးသည်ဆိုတာ ကျွန်တော်ပြောချင်တဲ့ အကျိုး ။ အကြောင်းက …
အသံကောင်းတာတွေကို ကြိုက်တတ်တာကို အဆိုတော်ဗီဇပါတာလို့ ဆိုကြပေမယ့် ဂီတအကြောင်း စနစ်တကျ ဘာမှ နားမလည်ပါဘူး ။ အမြှောက်ကြိုက် နောက်လိုက် ဆိုတဲ့အတိုင်းတော့ အရမ်း အမြှောက်ကြိုက်တတ်ခဲ့ပါတယ် ။
ကျွန်တော်တို့ ခြံနဲ့ မနီးမဝေးမှာ နတ်တရစ် ၊ လူတစ်ရစ်တည်တယ်ဆိုတဲ့ ရွှေနန်းဂူလို့ခေါ်တဲ့ ဘုရားတစ်ဆူရှိသဗျ ။ အဲဒီဘုရား မွမ်းမံတာလား ၊ ထီးတင်တာလားတော့ မသိတော့ဘူးဗျာ ။ အလှူခံခဲ့တာတော့ အသေအချာ ။
ငွေအသပြာ အဖေရှာပေမယ့် ကျွန်တော့်အတွက် ရှားတဲ့အချိန် ။ ကလေးကိုး ။ အားတဲ့အချိန်ကလည်းများ ။ အလကားဖြစ်မယ့် ပန်းကလည်းရှိ ။ ဟုတ်ကဲ့ … အလှူခံ ဘုရားကလည်း ရှိ ။
သေသေချာချာ သိလို့ လုပ်ခဲ့တာတော့ မဟုတ်ခဲ့ပါဘူး ။ နိဗ္ဗာန်ဆော် ခေါ်မလား ။ ဘုရားလူကြီး ခေါ်မလား ။ ဦး ကြံမောင်လား ။ ဦးကျင်မောင်လား သေသေချာချာ မမှတ်မိတော့ ။ သူ့ကြောင့်လည်း ပါခဲ့တာပေါ့ ။
အဲဒီလူကြီးက စပါယ်ပန်းလေးသွားလှူတိုင်း ငွေမလှူပေမယ့် ငွေလှူတဲ့သူတွေလိုပဲ မိုက်ကိုင်ပြီး အသေအချာ အော်သဗျ ။ ဦးဘယ်သူ ၊ဒေါ်ဘယ်သူ့သား မောင်စေတနာ လေးကောင်းမှု ဆိုပြီးတော့ပေါ့ဗျာ ။ “ဟယ် လိမ္မာလိုက်တာ ”ဆိုတဲ့အသံကို ကြားချင်တတ်ခဲ့ တာပေါ့ ။ တကယ်မှ မလိမ္မာခဲ့တာကိုး ။
ဒီလိုနဲ့ တစ်နေ့ ။သြော် မေ့လို့ ။ ကျွန်တော်တို့ ခြံဘေးမှာ အဝေးပြေး ကားလမ်းမကြီး ရှိသဗျ ။ ဘုရားကိုပန်းသွားလှူတိုင်း အဲဒီ လမ်းမကြီးပေါ်ကပဲ ဖြတ်လျှောက် သွားခဲ့တာပေါ့ ။ တစ်နေ့မှာတော့ …
ကားကြီးပေါ်က ဦးကြီးတစ်ယောက်က သီကုံးထားတဲ့ စပါယ်ပန်းကုံးလေးများ ကိုင်ထားတဲ့ ကောင်လေးတစ်ယောက်ကို မေးတဲ့မေးခွန်းက “ကောင်လေး ၊ ပန်း၅ကျပ် ဖိုးပေးပါ”တဲ့ ။ အဲဒီနေ့ကတော့ ကျွန်တော်ငြင်းခဲ့ပါတယ် ။ ဘုရားလှူဖို့လို့ ရှင်းပြရင်းနဲ့ ပေါ့ ။ ဒါပေမယ့် အတွေး …
ဟုတ်တယ် ။ ခြံထဲမှာ အလကားဖြစ်မဲ့ ပန်းတွေ အများကြီး ရှိနေသေးတယ် ။ ပိုက်ဆံငါးမူးကို လက်သုပ်တစ်ပွဲ ရတဲ့ခေတ်မှာ ငွေငါးကျပ်မှ မမက်ရင်… ။ နောက်နေ့ကျ တော့ မနက်စောစော ထ ။ ပန်းများများခူး ။ များများသီ ။ များများယူ သွား ။ မနေ့ကလိုပဲ မေးလေမလားပေါ့ ။ မေးရင်တော့ ထီပေါက်ပြီပေါ့ ။ မမေးရင်လည်း ကုသိုလ် အများကြီး ပိုရမှာလေ ။ ကဲဗျာ… ဘယ်မှာလည်း အရှုံး ။
ဒီလိုနဲ့ စေတနာတစ်ယောက် ပန်းသည်ဘဝရောက်ခဲ့တယ် ။ အရွယ်ငယ်ပေမယ့် ငွေရှာနိုင်ခဲ့တယ်ပေါ့ ။ မိဘတွေကို ကြော့ကြော့လေး မထားခဲ့နိုင်ခဲ့ ၊ယခုအထိလည်း မထားနိုင်သေးပေမယ့် ကြမ်းတမ်းတဲ့ ဘဝဆိုတဲ့ လမ်းတစ်ချို့မှာ မိဘတွေကိုလုပ်အားနည်းနည်း ပြနိုင်ခဲ့တဲ့ ၊ ကိုယ့်ကိုယ်ကို အထိုက်အလျောက် နည်းနည်းဖြေသိမ့် နိုင်တဲ့ အကျိုးကျေးဇူးဟာ ကျွန်တော်ပြောချင်တဲ့ လက်ငင်းအကျိုး(၁) ။
လက်ငင်းအကျိုး (၂) ၊ (၃) စသဖြင့်ရေးပါဦးမည် ။ မကြာမှီ လာမည် မျှော် ပေါ့ခင်ဗျာ ။ နောက်ဆုံးပိတ် အိတ်နဲ့လွယ် ဆိုတဲ့အတိုင်း ထပ်သတိပေးလိုက်မယ် ။
“ဘုရားကို အလကား မမှတ်နဲ့ မိတ်ဆွေတို့”
ဘုရားမနိုင်သူများ ဖြစ်ကြပါစေသော်….
(မှတ်ချက် ။ ။ မကောင်းတာတွေ ဘယ်လောက်ပြုပြု ကယ်တင်နိုင်ပါတယ် ဆိုတဲ့ ဘုရားဆိုရင် သေချာတယ် ။ အဲဒါ ကျွန်တော်တို့ ဂေါတမ ဗုဒ္ဓ မြတ်စွာဘုရား မဟုတ်ပါဘူး ။ )
စေတနာ
2 comments:
ရည်ရွယ်ချက်...အကြောင်းအရာ...တင်ပြပုံ....အားလုံးကောင်းပါတယ်...စေတနာ....နောက်ဆက်တွဲတွေကို မျှော်နေမယ်....
လွင်မင်းခန့် 
အော်...အစ်ကိုစေတနာ....
ကံ..ကံ၏အကျိုးတဲ့
အကြောင်းတရားကြောင့်အကျိုးဆိုတာမလွဲမသွေ
ဖြစ်လာတက်တာမျိုးလေ။နောက်ကျတာနဲ့ စောတာမျိုးပဲ
ကွာမယ်။သိလိုက်တာနဲ့ မသိလိုက်တာမျိုးပဲကွာမယ်။
င်္Feedback ကတော့သေချာပေါက်ပြန်လာတက်တဲ့သဘောပါ။
ရေးထားလိုက်တာ ညီမအာရုံထဲတော့စပယ်ပန်းလေးတွေနဲ့ အတူ
ပြုံးနေတဲ့သူတွေအားလုံးကိုမြင်ရောင်နေတယ်။
အေးချမ်းပါစေ အစ်ကို။အားလုံးအစဉ်ပြေပါစေ။
Just Try Ure Best.Everything will be ok...:)
Post a Comment