ဒီအဖြစ်အပျက် ကလည်း ကြာတော့ကြာခဲ့ပါပြီ။ မေ့တေ့တေ့တောင် ဖြစ်နေတဲ့ အဖြစ်အပျက်ကလေးပါ။ ဒါပေသိ အကြောင်းတိုက်ဆိုင်တဲ့အခါ ခေါင်းထဲ ရောက်ရောက် လာတတ်တဲ့အတွက် ပြန်ပြီး ပြောလေ့ ပြောထ ရှိတဲ့ အဖြစ် အပျက်ကလေးပဲ ဆိုပါတော့။ ဒီလိုလေ ... ။ တစ်ခါတော့ လုံခြုံရေးတပ်ဖွဲ့တစ်ဖွဲ့ဟာ မွန်နဲ့ကရင်နယ်စပ်က မွန်ရွာကြီးတစ်ရွာမှာ နယ်မြေစိုးမိုးရေး လုပ်ငန်းတွေ လုပ်ကြရတယ်။ ရွာကြီးက ကြီးလဲကြီး ခေတ်လဲမီ၊ ပိုက်ဆံလည်းထော ဆိုတော့။ ဇာတ်ပွဲတွေ ဘာတွေတောင် အခါကောင်းရင် သွင်းတယ်ဆိုပဲ။ အဲ အဲ အခါကောင်းရင်ဆိုတာလေးကို ရှင်းပြရဦးမယ်။ ဒီလိုလေ မွန်နဲ့ ကရင်အစပ်က ရွာဆိုတော့ ယခု လို မျိုး မဟုတ်သေးဘူး လက်နှက်ကိုင် အဖွဲ့ စည်း ပေါင်းစုံ ၀င်ထွက်နေကြတဲ့ နေရာလေးပေါ့ဗျ ။ ဒါပေသိ ဘယ်အဖွဲ့ ကမှ အခိုင်အမာ အမြဲအစွဲ မနေကြဘူးဗျ။ နေချင်လည်း နေလိုမရဘူးလေ။ ဘာကြောင့်ဆိုတော့ လက်နက်ကိုင်အဖွဲ့မျိုးစုံ ၀င်ထွက်နေတာဆိုတော့ လုံခြုံရေးမှ စိတ်မချရဘဲ။ ဒီတော့ တပ်ဖွဲ့တစ်ဖွဲ့ဝင်လာမယ်။ တစ်ပတ်တန်သည် ဆယ်ရက်တန်သည် စခန်းချမယ်။ နယ်မြေစိုးမိုးရေးလုပ်မယ်။ ပြီးရင် ပြန်ထွက်သွားမယ်။ ဒါပါပဲ။ ဒီလိုနဲ့ ဂျာအေးကို သူ့အမေရိုက်တဲ့ မုန့်လုံးစက္ကူကပ် နေလိုက်တာ။ တစ်ကြိမ်တော့ တပ်မတော်ဟာ ဒီတစ်ခါတော့ အခိုင်အမာကို စခန်းချကြရပေတာပဲ။ ရွာခံတွေနဲ့ ကတုတ်ကျင်းတွေပါတွေ။ စစ်ထုံးစံအတိုင်း စိုးမိုးကုန်းတွေဘာတွေရှာ။ ကျည်ကွယ် မျက်ကွယ်ရှာ။ ရေလှောင်၊ ရိက္ခာစု လုပ်ရတာပေါ့။ ဒီတစ်ခါတော့ အဖွဲ့ကတောင့်တယ်ဗျ။ ဆက်သွယ်ရေးသမားကလေးလဲ ပါတယ်ဗျ။ ပြဿနာက အဲဒီက စတာပဲ။ ခုခေတ်လို့ အိုင်ကွန်တွေ ဘာတွေ မသုံးနိုင်သေးတဲ့ လက်လှည့်စက်ကြီးနဲ့ စကားဝှက်တွေ အော်ရဟစ်ရတာပဲ။ နယ်မြေစိုးမိုးမှု ယူထားတာ ကြာပြီဆိုတော့ လုံခြုံရေးတပ် နဲ့ ရွာခံတွေက တော်တော်ကို ခင်နေပြီ။ အရက်သောက် ကြက်တိုက် ဖက်တွေတောင် ဖြစ်ကုန်ကြပြီ။ တစ်ရက်တော့ ကြေးနန်းက ၀င်လာတယ်။ ဆက်သွယ်ရေးစက် ဆင်ထားတာက ရွာမြောက်ဖျားက ဘုရားလေးရှိတဲ့ တောင်ကုန်းပေါ်မှာ တပ်ရဲ့နောက်တန်းရုံးက ရွာတောင်ဖျားဆိုတော့ ဆက်သွယ်ရေးတပ်သားကလေးက ကြေးနန်းစာယူပြီး ရွာလယ်ကို ဖြတ်လို့ လာရတာပေါ့။ ရွာလယ်ရောက်တော့ ရွာခံအပေါင်းအသင်းတွေနဲ့ တွေ့ပြီး အရက်ဆိုင် ထိုင်မိပါရောတဲ့။ ဒါနဲ့ ဆက်သွယ်ရေး တပ်သားကလေးနဲ့ ရွာခံ ကာလသားတွေ အရက်သောက်ကြရင်း ရဲဘော်လေးလက်ထဲက စာဟာ အရပ်သားတွေလက်ထဲ ရောက်သွားတယ် ဆိုပါတော့။ အဲ စစ်ကြေးနန်းဆိုတော့ ခပ်တိုတိုပေါ့။ ပြီးတော့ လုံခြုံရေးအတွက် ဆိုက်ဗာ လို့ခေါ်တဲ့ စကားဝှက်တွေ နဲ့မို့ စကားလုံးတွေရဲ့ အဓိပ္ပါယ်က တမျိုးရယ်။ ဘာတဲ့ ဇာဇာရတနာ လာမယ် ဆိုပဲ။ ဒီသတင်းဟာ ဟိုးလေးတကျော်ကျော်ကို ဖြစ်သွားတယ်။ ဇာဇာရတနာ ဆိုတာ အဲဒီခေတ်က နာမည်ကြီးတဲ့ မိုးကြိုးငှက်ကလေးများဇာတ်အဖွဲ့က ခေါင်းဆောင်နာမည်လေ။ ဇာဇာရတနာ လာမယ် ဒီမှာ ဇာတ်ကမယ်ဆိုတော့ ရွာလူကြီးတွေရော ရွာခံတွေရော သူတို့ဖာသာ သူတို့သဘောခွေပြီးတော့ ရွာမြောက်ဖျား ဘုရားနားမှာ ဇာတ်စင်တွေ ဘာတွေထိုး၊ ပွဲဈေးကြီးတောင် ခေါ်ဖို့ပြင်နေတာပေါ့နော်။ အဲ သူတို့သိတာက ဇာဇာရတနာ လာမယ်သာ သိတာ။ ဘယ်တော့ လာမယ်။ မသိဘူးလေ။ တပ်ကလဲ သူတို့လုပ်နေတာ သိပေမယ့် ဒီ ဇာဇာရတနာ လာမယ်ဆိုတဲ့ စာကြောင့်လို့တော့ ဘယ်ထင်မလဲ (ဆက်သွယ်ရေးရဲဘော်ကလည်း ဘယ်ပြောရဲမလဲ။ လုံခြုံရေးပေါက်ကြားမှုက ပြစ်ဒဏ်ကြီးလေးတာကိုး) သူတို့ဟာသူတို့ ဘုရားပွဲမယ် ဇာတ်သွင်းတာထင်လို့ လုံခြုံရေးတောင်လွတ်လိုက်သေးတယ်။ ဒါနဲ့ တစ်ရက်နေလည်း ဇာဇာရတနာ ပေါ်မလာ။ နှစ်ရက်နေလည်း မလာတော့ ရွာလူကြိးတွေလည်း တပ်ကို လာပြီး မေးရမြန်းရတော့တာပဲ။ ဒီတော့မှ အားလုံး ဇာတ်ရည်လည်တာလေ။ တကယ်တော့ ဇာဇာရတနာလာမယ် ဆိုတဲ့ စကားဝှက်ရဲ့ အဓိပါယ်က ချင်းတိုင်းရင်းသား ဗိုလ်ကြီး ဇာလျန်းမုာန်း ရောက်လာမယ် လို့ ဆိုလိုတာပါတဲ့။
အောင်စည်ဟိန်း
အောင်စည်ဟိန်း
3 comments:
ကိုအောင်စည်ဟိန်း ရေ...ဆက်လက်စောင့်မျှော်အားပေးနေပါတယ်...ကျေးဇူးလည်း အထူးတင်လျက်ပါ....
လွင်မင်းခန့် 
ဟားဟား....အရင်ရယ်မိတယ်။မှားတက်ပလေ။:)
အဲ..ဒါပေမဲ့ ဒီလိုမှားတက်မှုမျိုးက အန္တရာယ်ကြီးလွန်း
တယ်နော် အစ်ကို။ ဒါနဲ့ စကားမစပ် အစ်ကိုက
ညီမအစ်ကိုတွရဲ့ နောက်ထပ်အဖွဲ့ ဝင်တစ်ယောက်
များလား။ အေးချမ်းပါစေ ။
မခင်မာလာအောင်နဲ့ ကိုလွင်မင်းခန့်ရေ ကျေးဇူးကမ္ဘာဆိုင်ပါ။ (ကချင်လို ကျေးဇူးတင်ပါတယ်လို့) ရေးသာရေးရတယ်။ ကြိုက်ကြပါ့မလားလို့။ ဒီအစီအစဉ်လေးတွေ ဖြစ်လာဖို့ အကူအညီပေးတဲ့ ကိုနေစိုးနိုင်ကြီးကိုလည်း ရှဲရှဲနီပါ။ ပြီးတော့ အာရိဂတ်တောအိုဇိုင်းရိမတ်ပါလို့။
Post a Comment