Wednesday, April 29, 2009

ပညာရှိသတိဖြစ်ခဲ

သြော်…လောက လောက

ပြောရမှာ ခက်တယ်

ကိုယ့်ထက်ကြွယ်သူတွေ ရယ်ဟာမို့

ဘယ်သို့ဆို ဘယ်လိုပြောရပါ့

မောလှပါဘိ…


ဒေါမနဿ တွယ်မဝင်သော်လည်း

သောကနွယ်အငင် ရစ်တာမို့

အပြစ်ဆိုတယ် မထင်ကြပါနဲ့

အဖြစ်တစ်ခု တစ်ခါတွေးပြီး

မာနလေးများ ဘေးဖယ်

အရာရာ အလွယ်မတွေးစေဖို့

ငါလေ အမှန်အရေး ဆိုလိုက်မယ်

ချိုချိုတိုက်တယ်လို့ပဲ ထင်ကြပါတော့ဗျာ…


အဖြစ်က ကံကြမ္မာ

ညဏ်ဗလာ နုံနဲ

ကံအားငယ်သူမို့

ဘယ်သူတွေ ဘယ်လိုပြောပြော

အဇ္ဇျတ္တ အတွင်းသဘော

ကိုကိုလောဘကြောင့်

(ခမျာလေ)သားငါးသတ်ကာရောင်းရတယ်

အကြောင်းမလှ ။

အကြောင်းမလှလို့ လူတွေကသိပ်မပေါင်းကြပေမယ့်

ခေါင်းမာတယ်ရယ်လို့လည်း ဟုတ်ပါဘူး

ဝမ်းခေါင်းရယ်ဆာ ညဏ်ဟောင်းလောင်း ဗလာရယ်မို့

ဘာဘာညာညာလည်း သိပ်မတွေးတတ်

နောင်သံသရာ အရေးခက်ပလေ့စေတော့

ကြော့ကြော့မော့မော့ ဟန်ကိုတင်

ယှဉ်ချင်ရင် ယှဉ်စမ်း

မိုက်ကန်းတယ်လို့ ပြောချင်ပြော

အကုသိုလ်လုပ်ရမှာ မောတော့ပါဘု

ဟောခုဆို တစ်မျိုး

အလေးချိန်တောင် ခိုးတတ်ခဲ့ပြီပဲ ။


သည်လိုလူတစ်ယောက်ကို

မဖောက်ရယ်တဲ့ မပြန် ကာလသုံးတန်

အမှန်ကန်ဆုံး အချိန်မဖြုန်းပဲ

သုံးတတ်တဲ့လူတစ်ယောက်က

ထောက်ပြလို့ ဝေဖန်

စောကြောစေရန် ဆိုပြီး

သောသောလေးပြောလိုက်တယ်

ငါးစိမ်းသည် ”တဲ့ ။


အယူတိမ်းလို့

ငါးစိမ်းသည် ဖြစ်နေတဲ့လူတစ်ယောက်

ဘယ်လောက်တွေးနိုင်သလဲ

သူ ဝေခွဲဖို့ မေ့နေတယ်


အယူတိမ်းလို့

ငါးစိမ်းသည် ဖြစ်နေသူများ

ဘာများ အားနည်းနေသလဲ

သူ ဖြည့်ဆည်းဖို့ မေ့နေတယ်


စေတနာဆိုတာ

ဉာဏ်ပညာနဲ့ဖက်မှ အရာထင်တတ်တဲ့သဘောပါ

ဒီသဘောကို မစောကြောဘဲ

သောသောလေး ပြောချလိုက်တော့

ဟော ခုဆိုကြည့်စမ်း

မှန်းချက်နဲ့ နှမ်းထွက်မကိုက်ပုံများ

အမှားပေါ်အမှားဆင့်

သင့်မသင် မဝေဖန်နိုင်တဲ့သူက

သွေလှန်ကာ ဓမ္မတရားကို

အားရပါးရတုန့်ပြန်လိုက်ပုံက

အမိုက်ကို နှစ်ဆတိုး

အလေးချိန် ခိုးလိုက်တာပါပဲဗျာ

အလေးချိန် ခိုးလိုက်တာပါပဲ………


(အလေးခိုးခံရခြင်းမှ ကင်းဝေးကြပါစေ)


စေတနာ

28.04.2009(2059)


ပညာရှိ သတိဖြစ်ခဲ


ဒွိဟဖြစ်စရာ စကားပုံကောင်းလေး တစ်ခုပါ ။ ကျွန်တော်မောင်လျှာရှည် အကြိုက်ပေါ့ ခင်ဗျာ ။


ပညာရှိတွေက သတိဖြစ်ခဲတာလား ?????


သတိမေ့တတ်တာက ပညာရှိရဲ့ လက္ခဏာလား?????


ဟုတ်ကဲ့..ကျွန်တော်တို့လောကမှာတော့ တစ်ခုခု သတိမေ့ကြပြီဆိုတာနဲ့ ပညာရှိ သတိဖြစ်ခဲ ဆိုပြီး ဆင်ခြေတစ်ခုအနေနဲ့ လှိုင်လှိုင်ကြီး သုံးနေကြလေရဲ့ ။


ပညာရှိဆိုတာ…

လောကီပညာ နဲ့ လောကုတ္တရာပညာ ဆိုပြီး နှစ်မျိုးရှိပါတယ်တဲ့ ။


လောကီပညာကို အမျိုးအမည်ခွဲရင်တော့ ကုန်နိုင်ဖွယ်ပါပဲ ။ သက်မွေးဝမ်းကြောင်းပညာရပ် အားလုံးပါပဲ ။ ကျွန်တော် မတောက်တခေါက်တတ်တဲ့ အီလက်ထရောနစ် ပညာနဲ့ ရှင်းရရင်

ဥပမာ တီဗွီတစ်လုံး ပြင်တယ် ဆိုပါတော့ ။တီဗွီပြင်တဲ့ ပညာဆိုတာ…


တီဗွီတစ်လုံး ဘယ်နေရာ ဘာဖြစ်တယ်ဆိုတာ ဘာကြောင့်ဖြစ်ရတယ်ဆိုတာ တရေးနိုးထမေး သိရမယ့် တတ်ကျွမ်းရမယ့် အပြင်

ကိုယ်ပြင်မယ့် တီဗွီပိုင်ရှင်ရဲ့ သဘောထား

ပြင်သင့်မပြင်သင့်

ဂရုစိုက်သင့်သော အန္တရာယ်များ စသဖြင့် သတိတရားနဲ့ ဆိုင်တဲ့ အချက်တွေကို ကောင်းစွာ တတ်သိနားလည်ခြင်းလို့ ခေါ်ပါတယ် ။

ဟုတ်ကဲ့ …အဲသလိုသိပေမယ့်လည်းပဲ

တီဗွီပိုင်ရှင်က ပူညံ ပူညံ ရန်အလုပ်ခံရတာတွေ

အခန့်မသင့်လို့ တစ်ခြားတီဗွီတစ်လုံး အလျော်ပေးလိုက်ရတာတွေ

မတော်တဆ ဓာတ်လိုက်တတ်တာတွေ ၊မတော်တဆ ကိုယ့်ကြောင့် တီဗွီ ပျက်သွားတာတွေ ဟာ ပညာရှိသော်ငြား သတိဖြစ်ဖို့ ခဲယဉ်းတယ် ဆိုတဲ့ စကားကို နားမထောင်လို့ပါပဲ ။ အဟီး…အဲဒါကျွန်တော်က ထိပ်ဆုံးကပေါ့ ။


လောကုတ္တရာဆိုရာ၌လည်း ကိုးကွယ်မှုအလိုက် အမျိုးမျိုး ကွဲပြားပါလိမ့်ဦးမယ် ။ ကိုယ်က ဗုဒ္ဓ ဘာသာဆိုတော့ ဗုဒ္ဓဘာသာနဲ့ပဲ ပြောပါရစေတော့ ။

ဗုဒ္ဓဘာသာ ပညာဆိုတာ …

သုတ် ၊ဝိနည်း ၊ အဘိဓမ္မာပါပဲ ။ လူတွေကတော့ (ဘုရားရှင် မဟုတ်ဘူးနော် ) အဲဒီ သုတ် ၊ ဝိနည်း ၊ အဘိဓမ္မာတွေကို ရှင်းလင်းစွာ မှတ်မိခြင်း ၊ ဒီဓမ္မတွေ ရဲ့ သဘောကို ကိုယ်တိုင်လည်း မြတ်ဘုရား၏ ဆိုလိုရင်းကို သိရှိခြင်း ၊ တစ်ပါးသူတို့အားလည်း ပြန်လည် ရှင်းလင်း ဟောပြော တတ်ခြင်းကို ဗုဒ္ဓဘာသာရဲ့ ပညာရှိအဖြစ် အများစုက မှတ်ယူနေကြပါတယ် ။


သို့သော်ဓမ္မအတိုင်း မလွဲမသွေ ကျင့်ကြံနိုင်သူဟာ အရေအတွက်အားဖြင့် အချိုးအစား အလွန်နည်းပါးပါတယ် ။ အဲဒါဟာ မြတ်ဘုရားက ပညာရှိအဖြစ် သတ်မှတ်ထားတဲ့ သီလ ၊ သမာဓိ ၊ ပညာဆိုတာကို တကယ် နားမလည်လို့ပါပဲ ။ သြော် သမာဓိဆိုတာ သတိတရား တည်ဆောက်တာလို့ နားလည်တာကို ။ တစ်ခါတရံ အမှန်တရားကြောင့် အမှားတရံ ရတတ်ပါတယ် ။


နောက်တစ်မျိုးက


ကိုယ့်ကိုယ်ကို ပညာရှိလို့ သတ်မှတ်လိုက်တာနဲ့လည်း သတိ ဖြစ်ခဲတတ်သေးတယ် ။ အနည်းဆုံး ထပ်ရမယ့် အရာတွေ ဆုံးရှုံးသွားတတ်တယ် ။


ဟုတ်ကဲ့ …

ကျွန်တော်အမြင်ကို ရှယ်ယာလုပ်တဲ့ သဘော ပါ ။ မှားတယ် လို့မြင်တဲ့အချက်တိုင်းကို မညှာမတာ ဝေဖန်ခြင်း ဖြင့် ဆုံးမ ကူညီပေးကြပါ ။ပြောချင်တာတွေ အများကြီး ရှိပါသေး သော်လည်း..


ခုတော့ အချိန်ရှား၍ နားလိုက်ရ ပါပြီ ။


အားလုံးပဲ သတိတရားနှင့် ပြည့်စုံပါစေ ။


စေတနာ

29.04.2009(0105)






1 comment:

Anonymous said...

လူတိုင်းကြားဖူးနေကျ စကားပုံလေးကို ဝေဘန်သုံးသတ်သွားတာ စိတ်ဝင်စားစရာ ကောင်းသလို မှတ်သားစရာလည်းကောင်းပါတယ်...ကိုထင်တာပြောရရင်...ပညာရှိသတိဖြစ်ခဲဆိုတာ....ပညာပင်ရှိသော်လည်း...ပညာရှိပင်ဖြစ်သော်လည်း...သတိတရားဟာ...ဖြစ်ခဲ..မြဲခဲတယ်...သတိမြဲဖို့ ခက်လှတယ်....သတိမြဲမြံနိုင်ဖို့ ..ပညာရှိလို့  သမုတ်ခံရရုံနဲ့ မလုံလောက်ဘူး....ဆိုပြီး...သတိတရားရဲ့ ...သဘောသဘာဝကို...မမေ့မလျော့ရှိကြစေဖို့ ...remind လုပ်ထားတဲ့ ဆိုစကားတစ်ခုဖြစ်မှာပါ...လူတွေကတော့သိတဲ့အတိုင်း...လိုရာဆွဲချင်ကြတော့လည်း...မှားတိုင်း ပေးစရာ ဆင်ခြေတစ်ခုလိုဖြစ်လာခဲ့တာနေမှာပေါ့...ဒီနေရာမှာ..အဓိကဆွေးနွေးချင်တာက ဒါမဟုတ်ပါဘူး....စကားပုံမှာဖြစ်ဖြစ် ကဗျာမှာဖြစ်ဖြစ် သုတိသာအောင်..ကာရံနဘေ တွေငဲ့ကြရင်းက...ကြာတော့ခုလို လိုရာဆွဲတွေးစရာတွေ ဖြစ်လာတတ်ကြတယ်ဆိုတာကိုပါ...ခုလည်း...တကယ်လို့ သာ...ပညာပင်ရှိသော်လည်း သတိဆိုတာ မြဲဖို့ ခက်တယ် ...လို့  သုတိမသာပေမယ့် သုံးစွဲကြရင်...ဒွိဟ တြိဟ...တွေသိပ်မဖြစ်နိုင်တော့ဘူးပေါ့...ဒီအချက်ကလေးက...ကိုတို့ လို စာတိုစာစ ကဗျာတိုကဗျာစ လေးတွေ ရေးနေတဲ့သူတွေ..သတိထားသင့်တဲ့ အချက်တစ်ခုလို့ ဝင်ပြောချင်တာပါ....

လွင်မင်းခန့် 