Tuesday, April 28, 2009

ဖြစ်သမျှအကြောင်းအကောင်းကြီးပဲ


တစ်ခါတစ်ခါမှာ အလုပ်တွေလုပ်ရင်းနဲ့ လိုရာမရောက်တတ်တဲ့အတွက် စိတ်ပျက်လက်ပျက် ဖြစ်ရတာတွေ ကြုံရတွေ့ရမှာပါ။ အဲသလိုများ ဖြစ်ခဲ့ရင်ဖြင့် ဒီအဖြစ်အပျက်ကလေးကို သတိရ လိုက်မယ် ဆိုရင် တော်တော်ကြီးကို လောကဓံ ဆိုတာကြီးနဲ့ တရင်းတနှီးကြီး ဖြစ်သွားနိုင်ပါလိမ့်မယ်။

တစ်ခါတုန်းက တစ်အူတုံဆင်း ညီအစ်ကို အရင်း နှစ်ယောက် ရှိသတဲ့။ အစ်ကိုလုပ်သူ က စိတ်သဘောထား ကြီးမြင့်သလောက် ညီလုပ်သူက စိတ်သဘောထား သေးသိမ်ညံ့ဖျင်းတဲ့အပြင် အစ်ကိုလုပ်သူကို အမြဲတမ်းဆင်ကြံကြံနေတဲ လူတစ်ယောက်ဆိုပါတော့။ အစ်ကိုလုပ်သူက ရပ်ထဲရွာ ထဲမှာ လူချစ်လူခင်ပေါတယ်။ မိသားစုအလုပ်ကို ဦးစီးဦးရွက်ပြုပြီးတော့ ဆောင်ရွက်နေသလို ရပ်ထဲရွာထဲမယ် သြဇာညောင်းတဲ့သူ ဆိုပါတော့။ အရာရာကို အကောင်းမြင်တတ်ပြီးတော့ ဘယ်လောက်ပဲဆိုးတဲ့ ကိစ္စရပ်နဲ့ကြုံကြုံ ဖြစ်သမျှအကြောင်း အကောင်းကြီးပါပဲ ဆိုတဲ့မူကို လက်ကိုင် ထားသူပေါ့ဗျာ။ ညီလုပ်သူကတော့ အရက်သောက် ဖဲရိုက် ကြက်တိုက်နဲ့ မိဘစည်းစိမ်ကို ထိုင်ဖြုန်း နေတဲ့လူပေါ့။ တစ်နေ့တော့ ညီလုပ်သူဟာ ခိုက်ရန်ဖြစ်ပွားတာကြောင် လက်မှာဓားထိပြီး လက်သန်း လေးတစ်ချေင်း ပြတ်သွားတယ်ဆိုပါတော့။

ဒီတော့ ရွှေပြည်အေးသမား အစ်ကိုတော်က သူ့လေအတိုင်း “ညီလေးရယ်။ စိတ်ဓာတ် မကျပါနဲ့။ ဖြစ်သမျှအကြောင်း အကောင်းချည်းပါကွာ။. လူသေမသွား တော်သေးတာပေါ့”လို့ ဆိုတော့ လက်ပြတ်သွားတဲ့ ညီဖြစ်သူက ဒီလေသံကြားတော့ မြင်ဖျဉ်းကပ်တာပေါ့ဗျာ။ ဘယ် နှယ့် သူမှာတော့ လက်သန်းပြတ်ပြီး အင်္ဂါမစုံတော့တဲ့ ဘ၀ကြီးဟာကို။ အေး …. သည် လောက် အကောင်းမြင်တတ်တဲ့ အကောင်းမြင်သမားကြီး တွေ့ကြသေးတာပေါ့ လို့ ကြိမ်းဝါး တော့တာပေါ့။

တစ်နေ့မတော့ ညီအစ်ကိုနှစ်ယောက် တစ်နယ်တစ်ကျေးကို ခရီးထွက်ကြရသတဲ့။ ဒီလမ်းခရီးမှာ အစ်ကိုလုပ်သူက တည်တည်ငြိမ်ငြိမ်ရှိသလောက် ဂဏာမငြိမ် မတည်မငြိမ်ဖြစ် နေရတာက ညီဖြစ်သူပါပဲ။ ပြီးတော့ ဒီခရီးဟာ သူတို့မိဘတွေပိုင်တဲ့ ငွေကြေးဓနဥစ္စာတွေကို တစ်နယ်တစ်ကြေးမှာ သွားရောက်သိမ်းဆည်းပြီးတော့ ညီအစ်ကို နှစ်ယောက် ခွဲယူကြရမှာမို့ ညီဖြစ်သူ အကြံသမားက အကွက်ကောင်းကို ချောင်းတာလဲ ပါမှာပေါ့။ လောဘဇောတက်နေ တဲ့ ညီလုပ်သူဟာ တစ်နေရာလည်းရောက်ကရော ချောက်ကမ္ဘာားနက်ထဲကို အစ်ကိုကြီးကို တွန်းချပြီး အသေသတ် အဆုံးစီရင်လိုက်ပါသတဲ့။

ဒီလိုနဲ့ ညီဖြစ်သူဟာ တစ်ယောက်တည်း တပြုံးပြုံးတပျော်ပျော်နဲ့ ခရီးဆက်လာလိုက် တာ လမ်းခရီး တစ်နေရာလည်း ရောက်ကရော လူသားစင်စစ်ကို သတ်ဖြတ်ယစ်ပူဇော်ဖို့ ယစ် ကောင်အရှာထွက်တဲ့ လူရိုင်းတစ်စုနဲ့ တိုးပါလေရောတဲ့။ ကြည့်းစမ်း ….၀ဋ်လည်ပုံများ ပြောပါ တယ်။ အစ်ကိုကို လုပ်ကြံ သတ်ဖြတ်ပြီး အမွေတွေ အကုန်သိမ်းတော့မယ့် လောဘသားလက် သစ်အတွက် ၀ဋ်လည်တာ မြန်လိုက်ပုံများ ပြောပါတယ်။ ယစ်ကောင်ရှာတဲ့ လူရိုင်းတွေဖမ်းဆီး ခေါ်ဆောင်ရာ ပါသွားတဲ့ ညီလုပ်သူကို ယစ်ပူဇော်ဖို့ ယစ်ပလင်ပေါ်တင်ခါနီးမှာ နတ်ဆရာကြီး က ထုံးစံအတိုင်း ယစ်ကောင်မှာ အင်္ဂါစုံမစုံ စစ်ကြည့်တော့ လက်သန်းကလေးတစ်ချောင်း ပြတ် နေလို့ ယစ်ပူဇော်လို့ မဖြစ်တဲ့အတွက် ပြန်လွတ်လိုက်သတဲ့။

ဒီတော့မှ ညီလုပ်သူလည်း သူ့အစ်ကိုကြီး မကြာမကြာ ပြောပြောနေတဲ့ ဖြစ်သမျှ အကြောင်း အကောင်းကြီးပဲ ဆိုတာကို ဖြစ်ခဲ့ပျက်ခဲ့တဲ့ အတွေ့အကြုံတွေနဲ့ စပ်ဟပ်လို့ တစိမ့်စိမ့်တွေးရင်း တဖြည်းဖြည်း သဘောပေါက်သွားပါသတဲ့။ အစ်ကိုဖြစ်သူအပေါ်မှာ အမြင် မကြည်လင်ခဲ့တာတွေကို ၀မ်းပန်းတနည်းဖြစ်ရတယ်တဲ့။ ဒါနဲ့ အစ်ကိုဖြစ်သူကို တွန်းချခဲ့တဲ့ နေရာကို လှည့်ပြန်လာခဲ့တာပေါ့။ အစ်ကိုဖြစ်သူကလည်း ကံကြီးတဲ့သူဆိုတော့ ချောက်ကမ္ဘား ထဲ ကျပေမယ့် မသေရှာပါဘူး။ သစ်ပင်ကြီးတစ်ပင်ပေါ် တင်ပြီး သေကံမရောက် သက် မပျောက်ဘဲ ရှိခဲ့တယ်။ သစ်ပင်ကြီးပေါ်ကနေဆင်းပြီး တစ်တောဝင် တစ်တောင်တက်နဲ့ ခရီး ဆက်လာတာ တစ်နေရာမှာတော့ ညီအစ်ကို နှစ်ယောက် ပြန်စုံကြပါသတဲ့။

ဒီတစ်ခါတော့ အစ်ကိုကြီးကို ညီလုပ်သူက သူအမှားတွေကို ခွင့်လွှတ်ဖို့ ရှိခိုင်းတောင်း ပန့်ရင်း သူ့ကိုယ်တွေ့အဖြစ်အပျက်ကို ပြောပြခဲ့တယ်။ ပြီးတော့ ဒီလမ်းခရီးမှာ ယစ်ကောင်ရှာ နေတဲ့ လူရိုင်းတွေ ရှိဦမှာမို့ ခရီးမဆက်ဘဲ လှည့်ပြန်ကြဖို့ ပြောသတဲ့။ အစ်ကိုလုပ်တဲ့သူက လည်း သဘောတူပြီး မူလလမ်းအတိုင်း ပြန်ခဲ့ကြပါသတဲ့။ အစ်ကိုလုပ်တဲ့သူကလည်း ညီဖြစ်သူ က သူ့ကို ချောက်ထဲချ သေကြောင်းကြံစီခဲ့တာကို အပြစ်မမြင်တဲ့အပြင် ကျေးဇူးပါတင်နေသေး သတဲ့။ သူ့ကတော့ သူရဲ့အကောင်းမြင် ၀ါဒအတိုင်း ညီလုပ်သူသာ သူ့ကို ချောက်ထဲတွန်းမချခဲ့ ရင် ယစ်ကောင်ရှာတဲ့လူရိုင်းတွေနဲ့ တိုးတဲ့အခါ သူက ကိုယ်လက်အင်္ဂါ ပြည့်စုံသူမို့ ယစ်ပူဇော်ခံ ရမှာ မုချမလွှဲပေဘူးတဲ့။ ဒါကြောင့် ညီဖြစ်သူ အကြောင်းကြောင်းကြောင့် ခရီးမထွက်မီ အင်္ဂါမစုံ ဖြစ်ရတာ ယစ်ကောင်အဖြစ်က လွတ်ကင်းဖို့ ဖြစ်ရသလို အစ်ကိုဖြစ်သူဟာ ညီလုပ်သူကြောင့် ချောက်ထဲကျရတာဟာ ယစ်ကောင်ရှာတဲ့ လူရိုင်းတွေနဲ့ လွဲဖို့ ဖြစ်ရလာတာမို့ “ဖြစ်သမျှ အကြောင်း အကောင်းကြီးပါပဲ” တဲ့။


အောင်စည်ဟိန်း

seniorasi08@gmail.com


This photo is belong to http://www.bantransfats.com/images/Bad%20Fats%20Brothers.jpg


5 comments:

Anonymous said...

ကောင်းလိုက်တဲ့post လေးအစ်ကိုအောင်စည်ဟိန်း။
အတွေးလေးတွေနဲ့ အသိတရားကိုရစေတယ်။
ဖြစ်သမျှအကြောင်းအကောင်းကြည့်ပါပဲ။
ညီမလဲအဲ့လိုတွေးတက်တဲ့သူလေ။:)

Unknown said...

ကျေးဇူးတင်ပါတယ်။ နောက်လည်း ဝေဖန်ပေးပါဦး

flowerpoem said...

ကောင်းလိုက်တဲ့ပညာပေးပို့စ်လေပါ.

Anonymous said...

ပို့ စ်ကောင်းတစ်ခုပါ ကိုအောင်စည်ဟိန်း...အားပေးနေပါတယ်....ဒီပို့ စ်နဲ့ ပတ်သက်ပြီး ဆွေနွေးစရာ မရှိပါဘူး...ကျွန်တော် ဆက်စပ်ပြီးတွေးမိတာတစ်ခု ပါ...ဖြစ်သမျှအကြောင်း အကောင်း ဆိုတဲ့စကားမှာပါတဲ့....အကြောင်း ဆိုတာကိုပေါ့...အဲဒီအကြောင်း ဆိုတာ...အကြောင်းအရာကို ဆိုလိုတာသိနိုင်ပေမယ့်...အကျိုးတရားကိုဖြစ်စေတဲ့ အကြောင်းတရားနဲ့ များ..ရောထွေးလာနိုင်ခြေ ရှိမရှိ စဉ်းစားမိတာပါ....နောက်ဆက်တွေးမိတာက...အကျိုးတရား နဲ့ အ ကြောင်း တရား ကိုကြည့်မယ်ဆိုရင်...ဖြစ်လာသမျှဟာ..အကျိုးတရား မဟုတ်လား...အဲဒီဖြစ်လာတဲ့ အကျိုးတရားတွေ ပေါ်မှာ...နှလုံးသွင်းတုန့် ပြန်ပြုမူကြတဲ့အပေါ်လိုက်ပြီး...အကြောင်းတရားတွေ ထပ်ဖြစ်ကြရပြန်တာလေ...ဒီလိုနဲ့  သံသရာဆိုတာ လည်နေကြတာကလား...ကျွန်တော်ကြားဖူးတာတစ်ခုက...“ ပြုသမျှ အကြောင်း အကောင်းချည်းထင်နေရင်....ဖြစ်သမျှ အကျိုး အဆိုးတွေများလိမ့်မယ်...“ တဲ့...အစ်ကို့ ပို့ စ်နဲ့ တော့...သိပ်မဆိုင်ပါဘူး...တွေးမိ ကြားမိခဲ့တာလေး..ဝင်ရေးမိတာပါ....

လေးစားလျက်

လွင်မင်းခန့် 

Anonymous said...

Pretty nice post. I just stumbled upon your blog and wanted to say that I have really enjoyed browsing your blog posts. In any case I’ll be subscribing to your feed and I hope you write again soon!