ရန်ကုန်ရွှေမြို့တော်ကြီးမှာပဲ ဆိုပါတော့။ တခါသားမှာတော့ နိုင်ငံရပ်ခြားက ဧည့်သည်တွေ ရောက်လာတယ်ဆိုရင်ပဲ ရန်ကုန်ုတိရစ္ဆာာန်ဥယျာဉ်ကြီးကို ပို့ပေးရမယ့် အစီအစဉ်ပါလာတယ်တဲ့။ အဲဒီအခါက နိုင်ငံခြားသားတွေ လည်စရာပတ်စရာထဲမှာ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ဆိုတာကြီးလည်း ပါသတဲ့။ တကယ်ပါ အဲဒီခေတ်တုန်းကတော့ အရှေ့တောင်အာရှမှာ အကြီးဆုံးနဲ့ အကောင်ပလောင် အစုံဆုံးဆိုပဲ။ အဲ ပြောဖို့ မေ့နေတာ။ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ကြီး နာမည်ကြီးတဲ့အထဲမှာ ဥယျာဉ်ကြီးထဲမှာ မြန်မာနိုင်ငံမြောက်ဖျားက ရရှိပြသထားတဲ့ နှင်းလူဆိုတဲ့ သတ္တ၀ါလည်း ပါတယ်တဲ့။ နှင်းလူဆိုတာက လူလို အရွယ်အစား အလုံးအဖန်ရှိပြီးတော့ လူဝံလိုလိုဘာလိုလို တဲ့။ အဲ အမွေးအမျှင်တွေက ရွှေရောင်တွေရှိတာရယ်။ မျောက်မျက်နှာရှိတာရယ်၊ လူလိုမပြောတတ်တာက လွဲရင် လူလိုအသိညဏ်ရှိတာမို့ အခြားနိုင်ငံတွေက မြန်မာနိုင်ငံ ရောက်ရင် နှင်းလူကို ကြည့်ပြီးမှ ပြန်လေ့ရှိတာတဲ့။ ပြဿနာကတော့ အဲသည့် နှင်းလူဆိုတဲ့ သတ္တ၀ါက စပေတာပဲ။ ကဲ .... ကြည့်ပါဦးတော့။ နိုင်ငံခြားက ဧည့်သည်တွေ ရောက်လို့ နှင်းလူ နှင်းလူနဲ့ ကြည့်မယ်လည်း လုပ်ရော။ ဟော . .. အဲသည့်ညပဲ နှင်းလူလည်း ဘာဖြစ်တယ် မဆိုနိုင်ဘူး။ လမ်းမလျှောက်နိုင် မစားနိုင်မသောက်နိုင်ဖြစ်ပြီး ဘုန်းဘုန်းလဲပါရောလား။ တာဝန်ရှိတဲ့ လူတွေဆိုတာ ခေါင်းမပြောပါနဲ့ တစ်ကိုယ်လုံးကို ကိုက်လိုက်ခဲလိုက်တာလေ။ မနက်ဖြန်ဆိုတာကြီးကို မတွေ့ချင်ကြတော့ဘူးတဲ့။ ဖြစ်ပုံပြောပါတယ်။ ဒါနဲ့ မြို့တော်ဝန်က ဦးဆောင်ပြီးတော့ အာဏာပိုင်တွေရော၊ မြို့မျက်နှာဖုံးတွေရော ဆွေးကြနွေးကြတိုင်ပင်ကြတာပေါ့။ ဘယ်လိုလုပ်ကြမလဲပေါ့။ မနက်ဖြန်ဆိုရင် လူကြီးတွေနဲ့ ဧည့်သည်တွေ နှင်းလူကို လာကြည့်ကြတော့မယ်။ နှင်းလူကလည်း လဲနေပြီ။ ဒီအကြောင်းကို အမှန်အတိုင်းပဲ လူကြီးတွေကို အစီရင်ခံကြရင် ကောင်းမလား။ ဘာလုပ်ကြရပါ့ပေါ့။ ဒီမှာ အတွေ့အကြုံများနိုင်တဲ့ သူတွေလည်း ဆင့်ခေါ်ရတာပေါ့။ အားလုံးကတော့ တစ်ညီတစ်ညွတ်တည်း တစ်သံတည်းထွက်တာကတော့ နှင်းလူကိစ္စ လူကြီးတွေကို မတင်ပြဘဲနဲ့ တစ်နည်းနည်းနဲ့ ကြိတ်ရှင်းကြရင်ကောင်းမယ်တဲ့။ အင်း ... ညီညွတ်လိုက်ကြပုံများ ပြောပါတယ်။ ကောင်းပြီ ဒါဖြင့်ရင် ဘယ်ပုံရှင်းကြမှာတုန်း။ လူကြီးတွေကို မပြောဘဲထားတာက လွယ်တယ်။ မနက်ဖြန် လာတော့ လဲနေတဲ့ နှင်းလူကို တွေ့မသွားကြပေဘူးလား။ စသဖြင့် အဖြေရှာကြရပေတောပေါ့။ ဒီအထဲမှာ တစ်ယောက်က အကြံပေးတယ်။ အခုလို တစ်ယောက်တစ်ပေါက် လုပ်နေကြမယ့်အစား လူကြီးတွေနားမှာ နေဖူးထိုင်ဖူးတဲ့ လူကြီးတွေရဲ့ အလုပ်တွေကို လုပ်ပေးကိုင်ပေးနေတဲ့ လူကြီးတွေနဲ့ အကျွမ်းတ၀င်ရှိတဲ့ လူတစ်ယောက်ယောက်နဲ့ တိုင်ပင်ကြရင် မကောင်းပေဘူးလားပေါ့။ ဒါနဲ့ အဲသည်လူကို အားချင်းရှာပြီး အကူအညီတောင်းရတာပေါ့။
ဒါနဲ့ တိုတိုပဲ ပြောကြပါစို့ရဲ့။ အဲသည့်ဆရာကြီးက ဒီလို အကြံပြုပေးတယ်ဗျ။ လူကြီးတွေလဲ မျက်နှာမပျက်ရအောင် နှင်းလူကြီးကိုလည်း ဧည့်သည်တွေ ကြည့်ခွင့်ရအောင် သူ့တပည့်တစ်ယောက်ကို နှင်းလူနဲ့တူအောင် ဖန်တီးပြီး ထည့်ထားလိုက်မယ်။ နှင်းလူက လူနဲ့တော်တော်ကို တူတာဆိုတော့ ပြဿနာ သိပ်မရှိဘူးလေ။ ပြီးတော့ လူတစ်ယောက်လို ထလိုက်ထိုင်လိုက် လုပ်ပြနေရင်ပြီးတာပဲ မဟုတ်ဘူးလား။ အဲ သူက မျောက်လိုကောင်ဆိုပြန်တော့ မျောက်လို ဟိုခုန်သည်ခုန်လုပ်ပြ ဂျွမ်းကလေး ဘာလေး ထိုးတတ်ရင် ပြီးတယ်မဟုတ်ဘူးလား။ ဒါနဲ့ သဘောတူကြပြီး ညတွင်းချင်း လူရွေးချယ်ပြီး နှင်းလူကို လူနဲ့ အစားထိုးလိုက်ကြတယ် ဆိုပါတော့။ ဒါနဲ့ မြို့ခံတွေရော မြို့တော်ဝန်ရော တော်တော်ပျော်သွားတာပေါ့။ အခုမှ ရင်ထဲက အလုံးကြီးကျသွားတယ်ပေါ့။ ဒါနဲ့ လူကြိးတွေရဲ့ ဟိုလူကြီးကိုလည်း ကျေးဇူးတင်ရတာပေါ့လေ။ ဟုတ်တယ်နော်။ သူမကယ်ရင် ဘယ်နှယ်လုပ်ရမယ် မဆိုနိုင်ဘူး။ မောင်မင်းကြီးသားတော်ပါပေတယ်။ လူကြီးတွေလည်း ဘုန်းသမ္ဘာကြီးမားလှပါပေတယ်။ ဒီလိုအချိန်ကြီးမှာ လူကြီးတွေရဲ့ လူ အဲဒီဆရာကြီးသာ မရောက်လာရင်တော့ မတွေးဝံ့စရာပဲနော်။ စသဖြင့် ကျေးဇူးတွေ ရှာဖွေတင်ရပေတာပေါ့။ ဒါနဲ့ နံနက်လည်း လင်းရော နှင်းလူအတုလည်း လှောင်အိမ်ထဲ ၀င်ရပေတာပေါ့။ ဟော ဧည့်သည်တွေလဲ လာပြီဆိုရော နှင်းလူအတုကြီးလဲ တတ်သမျှ မှတ်သမျှ နှင်းလူနဲ့တူအောင် လုပ်ပြရရှာတာပေါ့။ အဲ ကုလားထိုင်ပေါ့ထိုင်ပြ။ ဆေးလိပ်သောက်ပြ။ မျောက်လို ဟိုခုန်သည်ခုန်လုပ်ပြ ဧည့်သည်တွေကလည်း လက်ခုပ်လက်ဝါး တဖြောင်းဖြာင်းပေါ့ဗျာ။ အားပေးကြတော့ ဟိုနှင်းလူအတုကြီးခင်ဗျာ။ ပိုလုပ်ပြရတာပေါ့။ ဒါနဲ့ နှင်းလူအတုကြီးခမျာ တစ်ကြိမ်မတော့ ဂျွမ်းအထိုးကောင်းလိုက်တာ ဟိုဘက်လောင်အိမ်ထဲကို ကျသွားပါရောတဲ့ခင်ဗျာ။အဲအဲ ဟိုဘက်လောင်အိမ်ထဲမှာက လူဝံကြီးတစ်ကောင်ရှိနေတယ်ဗျို့။ ဘုရား ဘုရား နှင်းလူအတုကြီးဆိုတာ ကြောက်လိုက်တာ ကယ်တော်မူကြပါလို့ အော်လို့လဲ မရ။ ထွက်ပြေးရအောင်လဲ လောင်အိမ်ထဲမှာ ပိတ်မိနေတာလေ။ သူ အတုကြီးဆိုတာ သိတဲ့ လူကြီးတွေကရော အမလေး ... ကယ်မယ်ထင်လို့လား။ ဝေးသေးတယ်။ ခပ်တည်တည်ပဲ ဧည့်သည်တွေနဲ့ ရောပြီး ကြည့်နေကြတာကလား။ ဘုရားရှင်တော် အဆူဆူ ကယ်တော်မူပါ။ လက်ကိုင်ဖုန်းများရလေမလား။ စက်မှု2 ဒဗယ်ကပ်များ ဒေါ်လာ 7000 နဲ့ ရလေမလား။ ဇူဇူကီးအာပလက်များ ပါမစ်ရလေမလား။ နေပြည်တော် ဒက္ခိဏသိရီမှာ vip မြေကွက်ကလေးများ ရလေမလားလို့ နှင်းလူအတုကြီး လုပ်လိုက်မိပါတယ်။ အမယ်လေး အခုတော့ အဖေကယ်ပါ။ အမေကယ်ပါ။ သားကယ်ပါ။ သမီးကယ်ပါ။ လို့ နှင်းလူအတုကြီးခင်ဗျာမှာ မချိတင်ကဲ ငိုနေသော်လည်း ကယ်မယ့်သူဝေးလို့ ဟို တကယ့်လူဝံကြီးလက်မှာ သေရတော့မယ် ပရိသတ်ကြီးရေ။ လူဝံကြီးကလည်း နှင်းလူအတုကြီးနားကို တရွေ့ရွေ့နဲ့လာနေပြီပေါ့ ခင်ဗျာ။ အင်း ပရိသတ်ရေ နှင်းလူအတု ခင်ဗျာ ကြောက်လိုက်တာ တုန်လို့ လှောင်အိမ်နံရံကို ကပ်သတက်ကပ်ပြီး နေရရှာသတဲ့။ ခင်ဗျာမှာ ကြောက်လွန်းလို့ ရူးရူးတွေလဲ ထွက်ပေါ့။ လူဝံကြီးကလည်း နိးသထက်နိးလာပါရော။ ဒီတစ်ခါတော့ နှင်းလူအတုကြီးက ဆုံးဖြတ်ချက်ချလိုက်တယ်။ ငါ့မိုက်ပြစ်နဲ့ ငါပဲ ထွက်ပြေးလည်း မလွတ်မယ့် အတူတူတော့ ဒီလှောင်အိမ်ထဲမှာပဲ အသေခံလိုက်တာ ကောင်းပါတယ်ပေါ့။ မျက်စိစုံမှိတ်ပြီး။ ဘုရားတရားအာရုံရ ရှာတာပေါ့။ အဲ နှင်းလူအတုကြီးနားကို လူဝံကြီးရောက်လာတယ်ဆိုရင်ပဲ လူဝံကြီးက နှင်းလူအတုနားကို ကပ်ပြီး စကားတစ်ခွန်းပြောလိုက်တယ် ပရိသတ်ရေ။ အဲဒါကတော့ . .
“မကြောက်ပါနဲ့ နှင်းလူအတုကြီးရယ် ငါလည်းမင်းလို့ လူကြီးနားက လူပါပဲ”....တဲ့ ဗျာတို့။

No comments:
Post a Comment