Wednesday, March 25, 2009

လူစကားပြောတဲ့ တိရိစ္ဆာန်



သူငယ်ချင်းတစ်ယောက် ဆီကနေ Forward Mail တစ်စောင်ရလို့ ဖွင့်ကြည့်လိုက်တယ်။ ကြည့်လိုက်တော့ ရင်ထဲမှာ နင့် ခနဲ ကိုနေသွားတာပဲဗျာ ။

ဘုရားဆင်းတုတော်ပုံထွက်လာတယ်..
နောက် တဖြည်းဖြည်းလည်သွားပြီး နောက်ကျောက အပေါက်ကနေ မင်းသမီး ( အရံ ) ထွက်လာတယ်။ ဒီကတည်းက စိတ်ထဲမှာ မကြိုက်တော့ဘူး။

နောက် အပြင်ထွက်လာလာချင်း ပဲ စင်ပေါ်မှာ ၀ိုင်းပြီးတော့ ထိုင်နေတဲ့ ဘုန်းကြီး (သင်္ကန်းဝတ် )ပုံစံ ယောက်ျား တစ်ယောက် ထွက်လာပြီး အမြင်မကောင်းတာတွေ စပြီး လုပ်ပြတော့တယ်။

ဒီမှာသိလိုက်ပြီ . . .
ဒါဘာသာရေးအရ ထိုးနှက်ချက်တစ်ခု ဖြစ်တယ်ဆိုတာကို ပါ။( ဗုဒ္ဓဘာသာ အကြောင်းမသိတဲ့သူ ၊ သံဃာတော်တွေ အကြောင်း မသိတဲ့ သူ သာ ဒါကို ကြည့်မိရင် ဘုန်းကြီးမြင်တိုင်း ဒါကြီးကို သတိရနေပါလိမ့်မယ် ။ ကလေးတွေဆိုရင်တော့ သေရာပါမှာ ပေါ့ ဗျာ )

အစပိုင်းမှာတော့ သူတို့တွေ နိုင်ငံမှာ လွတ်လပ်လို့ လုပ်ချင်တာလုပ်ကြတာနေမှာပေါ့ လို့ စဉ်းစားမိတယ်။ ဒါပေမယ့် လုပ်ခွင့်ရှိတိုင်းလုပ်တယ် ဆိုတာ မျိုးတော့မဖြစ်သင့်ဘူး။ လူသားချင်းစာနာပါတယ်ဆိုတဲ့ စကား က သူတို့တွေ ပါးစပ်ဖျားကပဲ ထွက်လာတာပါ။

လုပ်လို့ရတိုင်း လျှောက်လုပ်နေတာ ဟာ အခွင့်အရေး ကို အသုံးချတာမဟုတ်ဘဲ စည်းကမ်းမရှိတာ ဖြစ်သွားတယ်။ ဒါသူတို့ရဲ့လုပ်ရပ်ဟာ မှားတယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး ။ ကိုယ်ကိုးကွယ်တဲ့ဘာသာ မဟုတ်တော့ စိတ်ထဲမှာ ဘယ်လိုမှလဲ နေကြမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီလုပ်ရပ်ဟာ လူ့စည်းကမ်း မရှိတဲ့ ၊ လူ့စည်းကမ်း ကို မသိတဲ့ တိရိစ္ဆာန်သာသာ လုပ်ရပ်ပါ။

မင်း က မင်း ဘာသာ ထိလို့နာတယ်လို့ပြောမယ်။ အဖြေက ရှင်းပါတယ်။ ဟုတ်ပါတယ်ခင်ဗျာ။ ကျွန်တော် စိတ်နာပါတယ်။ ကျွန်တော့်ကိုးကွယ်တဲ့ ဘာသာ ကိုထိလို့ပါ။

သာမန် ရုပ်ပွားတော် တစ်ခု ကို ဒီလိုထင်တိုင်း လုပ်နေကြတာပါပဲ ။ ဒါစိတ်ထဲမှာ ဘယ်လိုမှ မနေပါဘူး။ ကျွန်တော်တို့တွေ ကိုးကွယ်နေတာ က ဒီပုံ ကြီး ကို ကိုးကွယ်နေတာမှ မဟုတ်တာ။ ဥပမာ ပြောရမယ်ဆိုရင်တော့ အာဇာနည်နေ့ တို့ လွတ်လပ်ရေးနေ့ တို့ မှာ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ရှေ့မှာ သွားပြီး အလေးပြုကြတယ်။ ဒါဒီကြေးရုပ် ကြီးကို အလေးပြုနေတာမဟုတ်ဘူး။ ဒီကြေးရုပ်ကြီးရဲ့နောက်က ဗိုလ်ချုပ်အောင်ဆန်းရဲ့ လုပ်ရပ်တွေကို အလေးပြုတာပါ။ကြေးရုပ်ဆိုတာ ဗိုလ်ချုပ်အောင်ဆန်းဆိုတဲ့ လူရဲ့ သင်္ကေတ တစ်ခုပဲ ။ ကြေးရုပ်ကြီးက အောင်ဆန်းမဟုတ်ဘူး ။ အောင်ဆန်းဟာ လည်း ကြေးရုပ်မဟုတ်ဘူး။ အလေးပြုတာ ဟာ ကြေးရုပ်ကြီးရဲ့နောက်က အောင်ဆန်းကို ဖြစ်တယ်။

ယခုလည်း ဒီလိုပါပဲ ရုပ်တုကိုးကွယ်တယ် ( ဘာသာခြားတွေ အမြင် ) ဆိုတာ ဒီရုပ်တု ကြီး ကို ထိုင် ကန်တော့နေတာ မြင်ရတော့ သာမာန် လူပြိန်းကြည့်ကြည့်ရင် ရုပ်တုကြီး ကိုးကွယ်နေတယ်ပေါ့။ ဒါပေမယ့် တကယ် အရိုအသေပေး ကန်တော့နေတာ က ဒီရုပ်တုကြီး ကို မဟုတ်ဘူး ။ ရုပ်တုကြီး ဆိုတာ က သင်္ကေတ တစ်ခုပဲ ။ ဒီရုပ်တုကြီး နောက်မှာ ရှိခဲ့တဲ့ ဂေါတမ ဆိုတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို ကန်တော့နေကြတာ။ သတိထားသင့်တာက ရုပ်တုကြီး က ဂေါတမ မဟုတ်သလို၊ ဂေါတမ ဟာလည်း ရုပ်တုကြီး မဟုတ်ဘူး ။ ကိုးကွယ်နေကြတာဟာ ရုပ်တုကြီးရဲ့နောက် က ဂေါတမ ရဲ့ လုပ်ရပ်တွေကို ဖြစ်တယ် ဆိုတာပါ။

ဥပမာ ။ ။ ဘယ်ဘာသာဝင်တွေ ပဲဖြစ်ဖြစ် မိဘ ကို တန်ဖိုးထားကြတယ် ။ အဝေးရောက်နေရင် ပိုတာပေါ့ ။ ကိုယ့် မိဘ ကို သတိရတယ် ဆိုရင် သာမာန် သတိရတာထက် ဓာတ်ပုံကလေး ထုတ်ကြည့် လိုက်ရရင် ပိုပြီး အလွမ်းပြေတယ်။ ဒီဓာတ်ပုံ က ကိုယ့်မိဘ မဟုတ်တာ လူတိုင်း သိပါတယ်။ ဓာတ်ပုံ ကလေးကို ထိုင်ကန်တော့တယ်။ ဒါစက္ကူကို ကန်တော့တာလား .. . ဒါကို သဘောမပေါက်သေးဘူးဆိုရင်တော့ ကိုယ့် မိဘ ဓာတ်ပုံ ကို အောက်ချပြီး ခြေထောက်နဲ့ ဘယ်သူ နင်း ချင်လဲ ပြောပါ။ ဘယ်ဘာသာဝင် မှ လုပ်လိမ့်မယ် မဟုတ်ဘူး ဆိုတာကို ကျွန်တော်ယုံတယ်။

ဒီဗွီဒီယိုမှာ ပါတဲ့ ရုပ်ပွားတော်ကြီး ဟာ လည်း သာမန်ရုပ်တုကြီး တစ်ခုပါပဲ ။ မန္တလေး ကို ရောက်ဖူးရင်သိပါလိမ့်မယ် ။ ဘုရားကြီး အနောက်မုခ် မှာ ကျောက်ဆစ် တန်း ရှိတယ်လေ ကျောက်ဆင်းတုတွေ တုံးလုံးပက်လက် ပါပဲ အ၀တ်တွေ ဘာတွေ တောင် လှန်းထားလိုက်သေး ။ ဒါကို ဘယ်လို ခံစားရလဲ ။ ဘယ်လိုမှ မခံစားရဘူး။ ဘာလို့လဲ။

သာမာန်ကြေးရုပ်ကြီး တစ်ခု လမ်းလည်ခေါင်မှာ သွားချထား .. ဘာမှမဖြစ်ဘူး။ ဒါပေမယ့် ဒါ ဗိုလ်ချုပ်အောင်ဆန်း လို့ သတ်မှတ်လိုက် ရင် သူ့တန်ဖိုးပြောင်းသွားတယ်။ ဒီသဘောတရား ကို နားလည်မယ်လို့ မျှော်လင့်ပါတယ်။

ဗုဒ္ဓပုံတော် တစ်ခု ကို ၀ယ်ပြီး ထင်သလိုလုပ် ပြနေကြတာဟာ ။ သူငယ်ချင်း တစ်ယောက်ရဲ့ မိဘ ပုံ ကို ငါ့မိဘ မှမဟုတ်တာ ဆိုပြီး ခြေထောက်နဲ့ ချနင်း သလို ဖြစ်နေပါတယ်။ အနင်း ခံရတဲ့ သူငယ်ချင်းရဲ့ မိဘတွေ ကိုလည်း ဘာမှ မထိခိုက်နိုင်ပါဘူး။ စက္ကူ ကြီး ချနင်းတာကိုး ။ ဒါပေမယ့် ချနင်းလိုက်တဲ့ သူအတွက်တော့ သူငယ်ချင်းဖြစ်သူရဲ့ လုပ်ရက်လေချင်း ဆိုတဲ့ သတ်မှတ်ချက် ကိုတော့ခံရမယ်။ ပတ်ဝန်းကျင်ရဲ့ လူမဆန်တဲ့ လုပ်ရပ် လို့ပြောတာ ကို ခံရမယ်။ ဒါသူ့အတွက် ရလဒ်ပဲ။

ကျွန်တော်တို့တွေရဲ့ ဘ၀မှာ ကိုယ်သဘောနဲ့ ကိုယ် လုပ်ချင်တာတွေကို လုပ်လို့ရတယ် ။ ဒါပေမယ့် ကိုယ်လုပ်လိုက်တဲ့ အလုပ်က လုပ်သင့်လား ဆိုတဲ့ စဉ်းစားနိုင်တဲ့ ဦးနှောက်တော့ ရှိဖို့လိုမယ် ။ ဒါမှမဟုတ် ရင်တော့ ကိုယ့်ရဲ့လုပ်ရပ်တွေဟာ ဗရမ်းဗတာ ဖြစ်သွားပြီးတော့ ။ လူစကားပြောတဲ့ တိရိစ္ဆာန် ဖြစ်သွားမယ်။ တိရိစ္ဆာန် နဲ့လူမှာ အဓိက ကွာတာက ဘာသာစကား နဲ့ လုပ်သင့်တာ ၊ မလုပ်သင့်တာ ကို စဉ်းစား နိုင်ခြင်းပဲလေ။ ဟုတ်ဘူးလား။

သူငယ်ချင်းရေ . . .

လုပ်လို့ရတိုင်း လျှောက်လုပ်တဲ့လူ ကို လူစကားပြောတဲ့ တိရိစ္ဆာန် လို့ ခေါ်မယ်နော်

လုပ်သင့်တာကို လုပ်တဲ့ လူ ကို မှ လူ စကားပြောသော လူပီသတဲ့ လူလို့ ခေါ်မယ်နော်

မင်း .. သဘောတူလား ?

မတူလည်း မတတ်နိုင်ဘူး ... ငါကတော့ ဒီအတိုင်းပဲ ..

အထက်ဖော်ပြပါ video မှာ Music and Lyric 2007 အစီစဉ်မှ ဖြစ်ကြောင်းသိရပါတယ်။

ဒီနေရာ http://www.imdb.com/title/tt0758766/ ကလေးကနေ သွားပြီး အသေးစိတ်ကြည့်လို့ရပါတယ်။


လူစိတ် ရှိ၍ လူစကား ပြောသော ..... လူပီသတဲ့ လူတွေ ဖြစ်ကြပါစေ ဗျာ


လေးစားစွာဖြင့်

နေစိုးနိုင်







8 comments:

angy said...

Umm,am i acting like animal who can speak as human ,,,now need to think deeply & know my environment who r they,,,,,,think deeplyyyyy,,,,,,,you'll know,before you go to helll,,,,,,,,, not late,,,,,,,,, Life's short,,,,stay awake ,,,,,BE READY,,,,,,,

နေစိုးနိုင် said...

thank you very much angela

your comment is suitable for all of us

leomark said...

အင်း...ဘာသာတွေ အားလုံးထဲ မှာ Buddha ဘာသာဟာ စော်ကားခံဆုံးဘဲဗျ။ ဘာသာတင် မက ပါဘူး။ ယဉ်ကျေးမှု့ ကိုလည်းစော်ကားခံ ခဲ့ရတာပါပဲ။
Allah Bar , Jesus Club ရယ်လို.မကြား ဘူးဖူး။
ဘာသာအားလုံးမှာ တာဝန်ရှိတယ် ဗျ။ သူ.စည်း ကိုယ်စည်း လေး ထား,ထား ရင် ၊ သူ့ဘာသာ ကိုယ်ဘာသာ လေးစားရင် ကောင်းတာပေါ.ဗျာ။

နေစိုးနိုင် said...

leo ပြောတဲ့ သူ့စည်း ကိုယ့်စည်း ဆို တာ ကို သိတဲ့လူတွေက လူစိတ်ရှိတဲ့လူပေါ့ဗျ

Anonymous said...

Buddha ဘာသာဟာ လူအချင်းချင်းတွင်မက...သက်ရှိသတ္တဝါတွေအားလုံးပေါ်မှာ..မေတ္တာဂရုဏာထားဖို့ ...ခွင့် လွှတ်သီးခံဖို့ ...သံသရာကလွတ်မြောက်အောင်ကြိုးစားအားထုတ်ဖို့ ...တို့ ကိုသာ..အဓိကဆုံးမထားတဲ့ ..ဘာသာကောင်း..ဘာသာမြတ်ကြီး ဖြစ်နေလေတော့ ...စော်ကားတတ်တဲ့ သူတွေအဖို့ ...မျက်စိကျစရာဖြစ်နေတာပေါ့ ကွာ..တို့  ဘာသာမှာ..အမုန်းတရားဆိုတာမရှိပေမယ့် ...စော်ကားလာတာတွေကို..အမြဲခေါင်းငုံ့ ခံနေမယ်ဆိုရင်...နောက်ထပ်စော်ကားလာကြဖို့ ..အခွင့်  အရေးပေးလိုက်တာပဲဆိုတာ....သဘောပေါက်ထားကြဖို့  လိုတယ်...အင်အားကြီးလို့ ..အခွင့် သာလို့ ....အနိုင်ကျင့် စော်ကားတတ်တာ...တကယ်တော့ ..တောတွင်းက..တိရိစ္ဆာန်တွေရဲ့ ..အမူအကျင့် မျိုးပါပဲ...အယူအစွဲကင်းကင်းနဲ့ ...လူပီပီ..စဉ်းစားကြည့် ကြဖို့ ကောင်းပါတယ်.......

LMK

Anonymous said...

ခံစားချက်တွေ သဘောထားတွေ အတော်လေး တိုက်ဆိုင်နေတယ်.. ရုပ်ထု ကိုးကွယ်တယ်ဆိုတဲ့ ကိစ္စမှာလဲ ခင်ဗျားပြောသလိုပဲ ကျနော် ဘာသာခြားအတော်များများကို ရှင်းပြဖူးတယ်..

သူတို့ ထင်ကြာတာ.. ရွှေတုံးကြီး ထိုင်ကန်တော့နေတယ်ပေါ့ဗျာ.. ဟား.ဟားး။ မိဘဓာတ်ပုံလေး.. ထုတ်ကြည့်တဲ့ ဥပမာလိုပေါ့။ ဒါကို သဘောမပေါက်တာကတော့.. သူတို့ရဲ့ ပုဂ္ဂိုလ်စွဲ နေတဲ့.. ကျွန်သခင်ဆန်တဲ့ ကိုးကွယ်မှုတွေ ကြောင့်ပါပဲ။

တစ်ခုပဲ မှတ်ယူကြတာပေါ့ဗျာ.. သူ့အကုသိုလ်နဲ့ သူပါပဲ။ ကျနော်တို့ ဘာသာဝင်တွေလဲ လက်ရှိ ကိုးကွယ်နေတဲ့ အနေအထားမှာပဲ အခြေခံကောင်းပြီး ဗုဒ္ဓစာပေကို စနစ်တကျ လိုက်စားတတ်တဲ့ ဘာသာဝင်ကောင်းတွေ ဖြစ်နေလို့ အရမ်းလိုအပ်နေပါတယ်..။ အဲဒါ အဓိကအားနည်းချက်တွေပဲ..။

Anonymous said...

အစ်ကိုတို့ ရေ။။။။။တကယ့်ကို သနားစရာကောင်းတဲ့
သူတို့ တွေရဲ့ Psycho ရိုက်ကွက်။ တိရိစ္ဆာန် နဲ့ နှိုင်းရ
မှာတောင် တချို့ သော ခွေးလေး ၊ ဝက်လေးတွေကို
အားနာမိပါတယ်။ ဒီလို လုပ်လိုက်လို့  ထိရောက်မယ်
များမှတ်နေလားမသိ။ ရူးလိုက်ကြတာ။ ဗြုန်းကနဲ ကြည့်လိုက်ရင် သူတို့ ကအောင်နိုင်သူလိုလို ဘာလိုလို....တကယ်က သူတို့ 
ဘာသာကိုသူတို့  ဖော်ပြလိုက်တာ။။။။သူတို့ 
ကြောက်နေကြတာလေ။ အထင်းသားကြီး ။သူ
တို့ ကြောက်နေကြတာ။ အတွင်းစိတ်ဓာတ် အားနည်း
သူတိုင်း၊ ကိုယ့်ကိုယ်ကို မယုံကြည်သူတိုင်းက သူများ
ကို ဦးအောင် ဖိဟောက်တက်တယ်။။။ဒီသဘောပဲ...။ သူ
တို့ ဘာသာကို သူတို့  ..........ဟုတ်ပြီနော်။။။။

နေစိုးနိုင် said...

Happy Cloud နဲ့ ညီမလေး မာလာ ကိုကျေးဇူးအရမ်းတင်ပါတယ်