Saturday, April 18, 2009

ထိပ်တန်းလျှို့ဝှက်

အဖြစ်အပျက်တွေ က ကြာတော့ ကြာခဲ့ပါပြီ။ ဒါပေမယ့် အခုထက်ထိ ကို အမှတ်တရ ဖြစ်နေတုန်းပါပဲ။ ကုန်ခဲ့တဲ့ 15 နှစ် ကျော်လောက်က ပေါ့ဗျာ။ သိတဲ့အတိုင်း မြန်မာနိုင်ငံမှာ ဆက်သွယ်ရေး ကွန်ယက်တွေက အခုလောက်တောင် မကောင်းရှာသေးတဲ့အချိန်ကိုးဗျ။ ခရိုင်အဆင့် နယ်မြို့ကြီးမှာတောင် အော်တိုဖုန်းဆိုတာ ဝေးလာဝေးလို့ မြို့တွင်း တအိမ်နဲ့တအိမ် ပြောချင် ဆိုချင်ရင် လက်လှည့်ဖုန်းနဲ့ ပြောကြရတဲ့ အချိန်မဟုတ်လား။


အဲ ... အခြားမြို့တွေကို ပြောမယ်လားဆိုရင် အိတ်ချိန်းရုံးကို ပြေးပေတော့ဗျို့။ အိတ်ချိန်းရုံးက အော်တိုဖုန်းဆိုတာ ကလည်း ဘုရားစူးအော်တိုဖုန်းမို့ တစ်မြို့လုံးကြားအောင်အော်မှ ဟစ်မှ တဖက်က ကြားတော့တာ ကလား။ ဒါကြောင့် အဲဒီမြို့က ကြီးတော်ကြီးတွေက နင်တို့အော်တိုဖုန်းဆိုတာ အော်ရလွန်းလို့ အသက်တိုတဲ့ ဖုန်းလားတဲ့။ တကယ်ပါ။ ပြီးတော့ အိတ်ချိန်းရုံးဆိုတာကလဲ မြို့လယ်ကောင် ဆိုက်ကားဂိတ်၊ မြင်းလှည်းဂိတ်၊ ဈေးနား၊ ကျောင်းနားနီးဆိုတော့ အော်တိုဖုန်းနဲ့များ တစ်ယောက်ယောက်က တခုခုပြောမိရင် တမြို့လုံးသိတော့တာကလား။ ဒါကြောင့် အတတ်နိုင်ဆုံး အော်တိုဖုန်းနဲ့ပြောဖို့ကို ဝေရာမဏိ ရှောင်ကြဉ်ကြပါ၏ပေါ့ဗျာ။


တစ်ခါတော့ အဲဒီမြို့က မြို့နယ်ပညာရေးမှူးကြီးခင်မျာ သူမြို့နုယ်တည်းက ကျေးရွာကြီး တစ်ရွာက ကျောင်းအုပ်ကြီးထံ အော်တိုဖုန်းနဲ့ အော်ရ ဟစ်ရ ပါရောလား။ ထုံးစံအတိုင်း အိတ်ချိန်းရုံးက အော်ရဟစ်ရတာမို့ တစ်မြို့လုံး ကြားစေသတည်းပေါ့ဗျာ။


မြို့နယ်ပညာရေးမှူးကြီးက ဒီလိုပြောတယ်ဗျ။ ““ညီလေ မင်းတို့ကျောင်းကို ငါနဲ့ အဖွဲ့တွေ လာဖို့ရှိတယ် အဲဒါမင်းသိအောင်ကြိုပြောထားတာ။ စီစဉ်စရာရှိတာ စီစဉ်ထား။ ဧည့်သည်တွေကြားမှာ ငါ့မျက်နှာငယ်ရအောင်မင်းမလုပ်နဲ့““စသဖြင့် သူလာမယ်ဆိုတဲ့အကြောင်း လူကြီးတွေပါမယ်ဆိုတဲ့အကြောင်း ဘာတွေပြင်ထားဆင်ထား စသဖြင့် မိန့်ခွန်းတွေ ချွေတာပေါ့ဗျာ။


ဒီအထိတော့ မြို့ကလူတွေက ဘာတွေပြောနေတယ်ဆိုတာ တစ်မြို့လုံးကြားလောက်အောင် ဟစ်ရတဲ့ဖုန်းမို့ ကြားလဲ ဖာသိဖာသာပါပဲ။ အဲ.... နောက်ဆုံးတခွန်း မှာတော်ပုံ ကြားရတော့မှ ပြုံးရုံကလေး ပြုံးကြ ရှာတယ်ဗျ။
အဲဒီ... နောက်ဆုံး တခွန်းကတော့ ““အော် မေ့လို့ဟေ့ အခုငါတို့လာမယ်ဆိုတဲ့ကိစက အရေးကြီးတယ်နော် ငါ့ညီ မင်းကလွဲလို့ မင်းမိန်းမတောင်အသိမပေးနဲ့ကွ ငါလည်းငါကလွဲလို့ ဘယ်သူ့မှ မသိစေရဘူး။ ဟေ့ကောင် ဒါသိပ်အရေးကြီးတယ်။ ထိပ်တန်းလျှို့ဝှက်ကွ။ ထိပ်တန်းလျှို့ဝှက် ..." တဲ့ ဗျာ တို့ . . .။

No comments: