တစ်ခါတုန်းက လူပြည့်မှာ နတ်တို့သနင်း သိကြားမင်းနဲ့ ငရဲသနင်း ယမမင်းကြီး တို့ ဆုံကြပါသတဲ့။ ဒီလို ကြုံတောင့်ကြုံခဲ့ ဆုံကြဆဲမှာ မင်းနှစ်ပါးတို့ နှစ်ပါးသဘောတူ (ဟဲ .. ဟဲ .. ခုခေတ်အခေါ် Mou ပေါ့ခင်ဗျာ) အစီအစဉ်တစ်ရပ် ရေးဆွဲကြခဲ့ကြသတဲ့။ အဲဒါကတော့ နတ်ပြည်နဲ့ ငရဲပြည် ရထားလမ်းကြီး ဖောက်ကြမယ်လို့ ဆိုပေတာပဲ။ ဒီလို သဘောတူပြီးတဲ့အခါကျတော့ ဘယ်လိုဖောက်ကြမလဲ ဆိုတာ ထပ်ပြီး ဆွေးနွေး ကြရ ပြန်ပါသတဲ့။ နောက်ဆုံးသဘော တူညီချက်ကတော့ နတ်ပြည်နဲ့ ငရဲပြည်တစ်ယောက်တစ်ခြမ်းစီ ရထားလမ်း ဖောက်ကြမယ်။ စုံမှတ် ကတော့ လူပြည့်မှာစုံကြမယ်လို့ ဒီလို သဘောတူကြသတဲ့။ အဲ ... Mou ထိုးပြီးတယ်ဆိုရင်ပဲ ငရဲမင်းကြီးကလဲ သူရဲ့ ရထားဝန်ကြီး အဲ အဲ ဟုတ်ပါဘူး။ လမ်းဖောက်တတ်တဲ့ ငရဲအရာရှိကြီးကိုခေါ်ပြီး ဘယ်ပုံဘယ်နည်း ဖောက်ကြမယ်။ လူပြည်မှာ စုံမှတ်ဆိုတဲ့အတွက် အချိန်မီ ပြီးစီးအောင်လုပ်ဖို့ အမိန့်ချမှတ်လိုက်သတဲ့။ သိကြားမင်းကြီးလဲ သူရဲ့ ဆောက်လုပ်ရေးဝန်ကြီး ၀ိသကြုံကိုခေါ်ပြီး အမိန့်တွေဘာတွေ ပေးမှာပေါ့နော်။ သူ့အပါးတော်မြဲ မာတလိကိုလဲ ဒီစီမံချက်ကြီးမှာ အနိးကပ်ကြီးကြပ်ဖို့ တာဝန်ပေးထားသတဲ့။
ဒီလိုနဲ့ ရထားလမ်းကြီးဖောက်လာလိုက်ကြတာဟာ ကာလအတော်လေးကြာတော့ ငရဲပြည်ဘက်က တာဝန်ယူထားတဲ့ ငရဲအရာရှိကြီးနဲ့အဖွဲ့ဟာ ငရဲပြည်ကို ကျော်လို့ လူပြည့်ကို ရောက်လာပြီတဲ့။ ဒါပေမယ့် ငရဲပြည်ကသာ ရထားလမ်းဖောက်လို့ လူပြည့်ရောက်လာတာ။ နတ်ပြည်ဘက်က အရိပ်အယောင်တောင်တောင် မတွေ့ရသေးလေတော့။ လမ်းဖောက်နေတဲ့ ငရဲအရာရှိကြီးလဲ ငရဲသနင်းယမမင်းကြီးထံ သတင်းပို့ရပြန်တာပေါ့။ ဒီတော့ ငရဲမင်းကြီးက အကြီးအကျယ် စိတ်ဆိုးသတဲ့။ ဒါဟာ ကလေးကစားတာ မဟုတ်ဘူး။ ဘယ်နှယ်ကြောင့် သိကြားမင်းနှယ် သူကို ဂရုမစိုက်တာလား။ ဒါပေမယ့် သူ့ဘက်ကတော့ နတ်ပြည်ရောက်အောင် ဆက်ဖောက်မယ်ဆိုပြီး ငရဲမင်းကြီးက လမ်းဖောက်နေတဲ့အဖွဲ့တွေကို အမိန့်ပေးလိုက်တယ်။ ဒီလိုနဲ့ ငရဲမင်းကြီးရဲ့ ဘက်တော်သားတွေဟာ ရထားလမ်းတွေ ဆက်ဖောက်လာလိုက်တာ နတ်ပြည်သာ ဒုတ်ဒုတ်ထိ ပေါက်သွားတယ်။ နတ်ပြည်က ရထား လမ်း မပြောနဲ့ ဘာလမ်းမှတောင် မမြင်ရသေးတော့ ငရဲမင်းကြီးထံ အစီရင်ခံရပြန်တာပေါ့။ ဒီအခါကျတော့ ယမမင်းကြီးက တော်တော်ကို စိတ်ဆိုးသွား တာကြောင့် “ဟေ့ မင်းတို့ သိကြားမင်းနေတဲ့ တာဝတိသာအထိသာ ဖောက်ပေတော့။ အဲဒီရထားလမ်းနဲ့ ငါကိုယ်တိုင်လိုက်လာပြီးတော့ မာဃနဲ့ စာရင်းရှင်းမယ်”လို့ ပြောတဲ့အထိ ဖြစ်လာပါလေရောတဲ့။ ဒါနဲ့ ငရဲအရာရှိကြီးတွေလဲ တာဝတိသာအထိရောက်အောင် ရထားလမ်းဆက်ဖောက်ကြရတာပေါ။့ တာဝတိသာအထိ ရထားလမ်းပေါက်ပြီဟေ့ ဆိုတာနဲ့ ငရဲသနင်းယမမင်းကြီးလဲ တပည့် ငရဲအရာရှိကြီးငယ်တွေကို ခေါ်ပြီး နတ်ပြည်အထိ လိုက်လာခဲ့သပေါ့။ တာဝတိသာမှာ သိကြာမင်းကြီးနဲ့ မင်းနှစ်ပါး တွေ့ကြတဲ့အခါ။ ငရဲမင်းကြီးက “ဘယ်လိုတုန်း ကိုမာဃရဲ့ ခင်ဗျားနှယ် ကျုပ်တို့မှာ လူပြည့်ကနေ ရထားလမ်း ဖောက်လာလိုက်တာ ခင်ဗျားနေတဲ့ တာဝတိံသာတောင် ရောက်ပြီ ဘယ်မလဲ ခင်ဗျားရထားလမ်း”” လို့ စိတ်ဆိုးမာန်ဆိုးနဲ့ မေးသတဲ့။ ဒီအခါ သိကြားမင်းကြီးက အခုလို ပြန်ဖြေလိုက်ပါသတဲ့။ “ယမမင်းရယ် ခင်ဗျားအပြစ်တင်ရင်လဲ ကျုပ်ခံရမှာပါပဲ။ အဲ .. ကျုပ်တို့ဆီကို အင်ဂျင်နီယာတွေ ရောက်မလာကြဘူးဗျ” . ..တဲ့။
အောင်စည်ဟိန်း

No comments:
Post a Comment