ကျွန်တော်တို့ငယ်ရွယ်စဉ် ကလေးဘ၀ စကားမပြောတတ်ခင် ကာလမှာ မိဘတို့ က ရဟန်းတော်များ ၊ အသက်ကြီးတဲ့ လူများ ကို ဦးချလိုက် ( ဦးတော် လုပ် ဦးတော် လုပ် ) ဆို ပြီး သင်ပေးလေ့ ရှိကြပါတယ်။ ထို့ကြောင့် ရဟန်းတော်တွေ့လျှင် ၊ စေတီပုထိုးတွေ့လျှင် ဦးချတတ်ကြတာ ကျွန်တော်တို့ တွေ စကား မပြော တတ်ခင် ကတည်းကပါ။
စကားစပြောတတ်တော့ ဖေ ၊ မေ ၊ ကို ၊ မ တလုံး စ နှစ်လုံး စ စ ခေါ်တတ်ပြီး သိပ်မကြာခင်မှာ ပဲ သြကာဿ ကန်တော့ချိုး တို့ သဗ္ဗုဒ္ဓေ တို့ ကို သင်ပေးကြပါတယ်။ ကလေးအရွယ်မှာ ကတည်း က ဘုရားရှိခိုးတာကို ကျေညက်ခဲ့ကြတာပါ။ မိဘတွေမှာလည်း ကြည်နူးပီတိတွေဖြစ်လို့ပေါ့။
ကကြီး ခခွေးတောင် မသိသေးတဲ့ အရွယ် ၊ ဘာစာမှ မတတ်ခင် ကတည်းက ဆိုတတ်ခဲ့ တဲ့ သြကာဿ ကန်တော့ချိုး နဲ့ ပတ်သတ်ပြီး စဉ်းစားမိတဲ့ အချက် ကိုပြောချင်လို့ ပါ။
ကန်တော့ချိုးမှာ ပါတဲ့ စာတွေကို အကုန် နားမလည် တာ ထားပါတော့ လေ့လာယူလို့ ရတာတွေပါ။ ခုကျွန်တော် ပြောချင်တာက ကိုယ်တွေ့ လေးတွေ ပေါ်မှာ အခြေခံပြီး စဉ်းစားမိတာလေးတွေပါ။
ကျွန်တော် မုံရွာမှာ ပထမနှစ် တက် တော့ အာစရိယ ပူဇော်ပွဲ လုပ်ပါတယ်။ ဒီမှာ ကန်တော့ချိုး စကန်တော့တော့ အသံပေါင်းစုံနဲ့ မညီမညာ ထွက်ကုန်တော့တာပါပဲ။ တစ်ယောက် တစ်ပေါက်နဲ့ အားလုံးပေါင်းလိုက်တော့ သြကာဿ ကန်တော့ချိုး ကြီးက ဘယ်လိုမှ နားထောင်မကောင်းခဲ့ပါဘူး။
နောက် မနှစ်က သင်္ကြန်တွင်းမှာ မြန်မာပြည်ကို ပြန်ရောက်နေတော့ ကျွန်တော့် ဇာတိမှာ သင်္ကြန်အတက်နေ့တိုင်း ငယ်ဆရာတွေကို ကန်တော့တဲ့ပွဲ( စတုတ္ထ အကြိမ် ) လုပ်ပါတယ်။ ( ကျွန်တော် နဲ့ ဘိုကား ၊ သန်းထွန်းဝင်း စလုပ်တာ ... ဒါကကြွားတာ သက်သက် ) ဒီပွဲမှာ ဆရာတွေကို ကန်တော့ တော့ ကန်တော့ချိုး ဆိုတဲ့အသံ က အားလုံးညီနေကြတယ်။ လုံးဝ အဖြတ် ၊ အရပ် ၊ ကွက်တိပဲ။ တော်တော်လေး နားထောင်လို့ကောင်းတယ် ။ ကြားရတဲ့လူတွေ အတွက်လည်း ကြည်နူးစရာပါ။
လတ်တလောကြုံ ခဲ့ ရတာကတော့ ဒီဒူဘိုင်း မှာပါ။ သူငယ်ချင်း တစ်ယောက် ဆုံး သွားလို့ သူ့အတွက် တရားနာ အမျှဝေ ဖို့ စီစဉ်ခဲ့စဉ်ကပါ။ ဆရာတော် က Gtalk ကနေဟော မယ် ။ ဒီဘက်က တရားနာပေါ့။ ဟိုဖက်မှာ က ဆရာတော် အဆင်သင့်ဖြစ်နေပြီတဲ့ ။ ဒါနဲ့ အဆောင်မှာ ရှိနေတဲ့ ဗုဒ္ဓဘာသာဝင် သူငယ်ချင်းတွေ ကို ခေါ်ပြီး တရား နာမယ် ပေါ့။
....အားလုံး ကန်တော့ကြစို့ ဗျား..
ဆိုတဲ့နောက်က ထွက်လာတဲ့ ကန်တော့ချိုး မှာ က သြကာဿ ... သြကာဿ ... သြကာဿ .... ကာယကံ .. ၀စီကံ .. မနောကံ .... ဆိုတဲ့ အထိပဲ ညီတယ် ။ ဒီနောက်တော့ သူတစ်မျိုး ကိုယ်တဖုံ အမျိုး မျိုး စုံနေတဲ့ အသံတွေ ထွက်လာတော့တာပဲ ။ နောက်ဆုံး အဆုံး သတ်မှာလည်း ပြီးတဲ့လူက ပြီး နေပြီ အသံထွက် နေတဲ့လူကလည်း ထွက်နေတုန်းပဲ။
ကျွန်တော် တို့တွေ သြကာဿ ကန်တော့ချိုး ကို မရဘူး ဆိုတာ လုံးဝ မဖြစ်နိုင်ပါဘူး။ ဘာမှန်း ညာမှန်း မသိခင် စကားပြောတတ်စ ကတည်း က ဆိုလာခဲ့တဲ့ ဘုရားရှိခိုးပါ။ ဗုဒ္ဓဘာသာဝင် ၁၀၀ ကို ခေါ်ပြီး ဒီအဓိပ္ပါယ်ကို မေးကြည့်ပါ ။ အားလုံး သိတယ် လို့ လုံးဝ အာမ မခံနိုင်ပါ။ သို့သော် အား လုံး က အလွတ်ရွတ်ပြနိုင်တယ် ဆိုတာ ကို တော့ အာမခံရဲတယ်။
တစ်ယောက်ချင်းဆီ ဆိုခိုင်း ရင်ချောနေမှာပါ ။ ဒါပေမယ့် အများနဲ့ ဆိုတဲ့အခါ ဘာလို့ အသံမတူ ကြတာလဲ ။ ဒီနေရာမှာ ကျွန်တော် စဉ်းစား မိတာကတော့ နယ်မြေဒေသ မတူတဲ့ နေရာ ကနေ လာတွေ့တဲ့ လူတွေ ဖြစ်နေကြလို့ဆိုတာပါပဲ။
မုံရွာမှာ ကျောင်းတက်တုန်း က .. အသံမညီဘူး .. ဘာလို့လည်း နယ်ပေါင်းစုံ က လူတွေ စုနေလို့
ဇာတိရွာမှာ ကန်တော့တော့ အသံညီတယ် .. ဘာလို့လည်း .. အားလုံးက ငယ်ကလေး ကတည်း က တစ်ကျောင်းတည်း တနယ်တည်း သား တွေ (ကျောင်းမတက်ခင် ကန်တော့နေကျ )
ဒူဘိုင်းမှာ ကန်တော့တော့ အသံမညီပြန်ဘူး .. ဘာလို့လည်း ... နယ်တွေ ကွာလို့ .. ကျွန်တော်က အညာ က နောက်တစ်ယောက် က မွန်ပြည်နယ်က .. နောက်တစ်ယောက် ကရန်ကုန်က .. စသဖြင့် ကွာကုန်ရော .. အဲ့ အားလုံပေါင်းလိုက်တော့ ဘုရားရှိခိုးသံက သာယာနာပျော်ဖွယ်မကောင်းတော့ဘူး။ တစ်ယောက် တစ်ပေါက် ဖြစ် နေကြတယ်။
ဘယ်သူမှားတယ် ။ ဘယ်ဘုရားရှိခိုးမှ မှန်တယ်လို့တော့ မရှိပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ဆီမှာ ဘုံ သတ်မှတ်ထားတဲ့ (Standard ) ကန်တော့ချိုးရှိဖို့လိုပါမယ်။ ဒီနေရာမှာ ကန်တော့ချိုးမဟုတ်ဘဲ နိုင်ငံတော် သီချင်း ကို ဆိုခိုင်းကြည့်ပါလား ။ အားလုံး တသံပဲ ထွက်လာလိမ့်မယ်။ လူ အားလုံးနဲ့ ညီတူညာတူ ဆိုတဲ့ အခါမှာ ပိုပြီး စိတ်အား ထက်သန်မှူ ဖြစ်ပါတယ်။ နားထောင်ရတဲ့ သူအနေနဲ့ လည်း နားဝင် ကောင်းပါမယ်။ ကြည်နူးစိတ်တွေ ဖြစ်လာမယ်။
နိုင်ငံတော်သီချင်းနဲ့ ဘုရားရှိခိုး .. ဘုရားရှိခိုးတာကို ကျွန်တော်တို့ အရင်တတ်ခဲ့ကြတာပါ။ ဒါဆိုဘာကြောင့် နိုင်ငံတော်သီချင်း ဆိုရင် အသံညီပြီး ၊ ဘုရားရှိခိုး ဆိုရင် အသံမညီတာလဲ ဆိုတော့။ ဘုရားရှိခိုး မှာ အားလုံး အတွက် သတ်မှတ်ထားတဲ့ ဘုံ ဘုရားရှိခိုး မရှိသောကြောင့်ဖြစ်ပါတယ်။
မိမိတို့ နေထိုင်ရာ ဒေသ အလျှောက် ဘုရားရှိခိုးတဲ့ပုံစံတွေ ကွဲသွားပါတယ်။ ဖြစ်သင့်တာကတော့ မိမိဖာသာ တစ်ဦးတည်း ဘယ်ပုံစံ ဆိုနေနေ လူအများနှင့် ဘုရားရှိခိုးဆိုတဲ့ အခါမှာ ဒါကိုပဲ ဆိုရမယ်ဆိုတာမျိုးကို နိုင်ငံတော်အနေနဲ့ သံဃာပိုင် အဖွဲ့ အစည်း ဆရာတော်ကြီးများ နှင့် တိုင်ပင်ပြီး သတ်မှတ်ပေး ကာ Media များ မှ တစ်ဆင့် ဖြန့်ဖြူးပေးခြင်း ။ ကျောင်းတွေမှာ ကန်တော့ခိုင်း ခြင်း ( ကျွန်တော်တို့ကျောင်း က တော့ ကျောင်းတက်ခေါင်းလောင်းထိုးတာနဲ့ ဘုရားကန်တော့ ရပါတယ် .. ဗုဒ္ဓဘာသာဝင်များသာ .. ဗုဒ္ဓဘာသာဝင် မဟုတ်သူတွေတော့ ထိုင်နေပေါ့။ ) များကို လုပ်ဆောင်ပေးသင့်ပါတယ်။
ဒါဆိုရင် လူဦးရေ ဘယ်လောက်များများ ရှိခိုးသံတွေ ဟာ ထပ်တူကြပြီး နားထောင်ရသူတို့ အဖို့ အားကြစရာ ကြည်နူး စရာ များ အဖြစ် မြင်ရကြားရကြရမှာပါ။
ခုတော့ဗျာ .. တရားပွဲ အစ .. သြကာဿ မှာ ကတည်း က ကမောက်ကမ တွေဖြစ်နေလိုက်ကြတာ ရှက်ဖို့တောင်ကောင်းတယ်။
နောက်ဆုံးအနေနဲ့တော့ သက်ဆိုင်ရာ လုပ်ခွင့်ရှိ၍ လုပ်ခွင့်ရ သူတို့ အနေနှင့် အားလုံးအတွက် တခုတည်းသော ( Standard) ဘုရားရှိခိုးကို ကြိုးစား ဖော်ထုတ်ပေးကြပါလို့ ဒီဘလော့ ကလေးက နေ မေတ္တာရပ်ခံ အပ်ပါသည်ခင်ဗျား. . .
လေးစားစွာဖြင့်
နေစိုးနိုင်

2 comments:
လေးလေးမှန်မှန် ဦးဆောင်သံ ဧကံ လိုအပ်သည်
ရှက်ရှက်နဲ့ ပဲ မန့် တော့မယ်ရှင်။ညီမကိုယ်တိုင်ကြုံ
ခဲ့ဖူးပေမဲ့ အစ်ကို့ လောက်မတွေးမိခဲ့ဘူး။
တကယ့်ကို သာသနာတော်အတွက် တန်ဖိုးရှိလွန်းတဲ့
စဉ်းစားချက်။ :)
Post a Comment