ဟိုနေ့က ကျွန်တော် အိပ်မက် မက်တယ် ။ အိပ်မက်ထဲမှာ ဗျာ ကျွန်တော် က ဘုရင်ကြီး ကို အကြံဉာဏ် ပေးရတဲ့ ပညာမရှိ ( ကိုယ့်ကိုကိုသိတယ် ) ပါ။ ဗာရာဏသီ ပြည် ( ပုံပြင်ထဲကဟုတ်ဘူးနော် ဒါက တိုင်းပြည်အသစ် ) ရဲ့ ဘုရင် ကို ပါ။ ဘုရင် နာမည်ကတော့ မသိပါဘူး သူ့ ကိုယ် အိပ်မက်ထဲမှာ မင်း တရားကြီး လို့ပဲ ခေါ်တာကိုး ။ သူကတော့ ကျွန်တော့်ကို နာမည်ပဲ ခေါ်ပါတယ်။
တနေ့တော့ မင်းတရား ကြီး ခေါ်တယ် ဆိုလို့ သွားတွေ့ပါတယ်။ ဟိုရောက်တော့ သူက ပြောပါတယ် ။ မေးစရာရှိလို့ တဲ့ ခု တိုင်း သူပြည်သားတွေ အတွက် ဘာလုပ်ပေးရ ရင် ကောင်း မလဲတဲ့။ တိုင်း သူပြည်သားတွေ သူ မရှိတော့ရင်တောင်မှ သူ့ ကို သတိရစေချင်တယ်တဲ့။
သူ့အကြံက တော့ဘုရားတည်ချင်တယ်တဲ့ဗျာ ။ ကောင်းလိုက်တဲ့ အကြံ ။ အလောင်းမင်းတရားတည်ခဲ့တဲ့ဘုရား၊ မင်းတုန်းမင်း ၊ ကျန်စစ်သား ၊ အနော်ရထာ ခေတ်အဆက်ဆက်က မင်းတွေ လုပ်ခဲ့တဲ့လုပ်ထုံးလုပ်နည်း အတိုင်းပါ ပဲ သင့်မြတ်ကြောင်း လျှောက်တင်ရတာပေါ့။
သို့သော် ကျွန်တော် ဆက်ပြောသေးတယ်ဗျ။ အရင်ခေတ် က ဘုရင်တွေ က ပိုက်ဆံပိုလို့ ဘုရားတည် တာပါလို့ ကိုယ်တော် အနေနဲ့တော့ အကျွေးယူ ပြီး ဘုရားမတည်သင့်ပါ ဘုရား ။ ပြည်သူတွေ သတိရမှာ မှန်သော်လည်း ဒီအကြွေးမကျေခင် နတ်ရွာစံသွား ခဲ့လျှင် သံသရာ ကျွေးဖြစ်သွားပါမယ်ဘုရား။ လို့ လျှောက်တော့ ဒေါခီး ပါလေရောဗျာ။
ဒါဆိုမင်း ပြောစမ်းတဲ့ တိုင်း ပြည်က ဆင်းရဲသားတွေ အတွက် ၊ ဘာသာ သာသနာ အတွက် ငါဘာလုပ်ပေး သင့်သလဲတဲ့
ကြီးမား လှတဲ့ ကျောင်း ဆောင် ကြီး နှစ်ခုသာ ဆောက်တော်မူပါဘုရား။ ကျန်တာ တပည့်တော် တာဝန်ထားပါ လို့ ပြောလိုက်တယ်။ ပြောသာပြောရတာဗျာ ကြောက်တော့ကြောက်တယ်ဗျ။ ဒီလိုနဲ့ ကျောင်းဆောင်တွေ ပြီး တော့ ( မြန်တယ်နော် အိပ်မက် ကို ဗျ ) ဘုရင်ကြီး ကခေါ်မေးပြန်သဗျ။
မင်းဆောက်ခိုင်းလို့ ဆောက်ပြီးပြီတဲ့ ဘာဆက်လုပ်မှာလဲတဲ့ ။ ကျွန်တော်လည်း ကျွန်တော်မျိုးအား ဖမ်းချင်သူ တွေ ကို ဖမ်းခွင့်ပေးပါ ဘုရား ။ ဆိုတော့ သဘောတူရောဗျာ။ (အိပ်မက် မို့ မြန်တာနော် အပြင်မှာ ဒီလောက်မလွယ်ဘူး)
ဒါနဲ့ ကျွန်တော်လည်း နိုင်ငံအ၀ှမ်းရှိတဲ့ သူတောင်းစား ပေါက်စ ကလေးတွေ ၊ သူတောင်းစား အလတ်ကလေးတွေ နှင့် အတူ လမ်းဘေး လက်ဖက်ရည်ဆိုင်မှာ ၀င် အလှူ ခံတဲ့ ကိုရင် ပေါက်စလေးတွေ ကို လိုက်ဖမ်းပါလေရော။
တိုင်းပြည်တစ်ခုလုံးလည်း အုတ်အော်သောင်းနင်း ဖြစ်ကုန်ကြတာပေါ့ဗျာ။ နောက်တော့ ဖမ်းမိတဲ့ သူတောင်းစားလေးတွေ ၊ ကိုရင်လေးတွေကို ကျောင်းဆောင်နှစ်ခုဆီကို ခေါ်လာပါတယ်။ ကျောင်းဆောင်တစ်ခု က သူတောင်းစား ပေါက်စိုးပေါက်စ လေးတွေ အတွက် အသက်မွေးဝမ်းကျောင်း ပညာ များဖြစ်တဲ့ တောင်သူလုပ်ငန်း၊ လက်မှူ လုပ်ငန်း ၊ လက်သမား ၊ အစရှိတဲ့ မြန်မာ ကျေးလက်နေ ပြည်သူတို့နဲ့ ကိုက်ညီမယ့် ပညာရပ်များကို သင်ကြားပေးပါမယ်။ နောက်အဆောင်တစ်ခုက တော့ ကိုရင်လေးတွေ ကို ဘာသာရေး စာပေတွေ သင်ကြားပေးပါတယ်။ ဘာသာရေးစာပေ မသင်ချင်တဲ့ ကိုရင် လူထွက်ပြီး ကျောင်းပြောင်းရပါမယ်။
ဘာကြာလို့လဲဗျာ ။ တိုင်းပြည်အတွင်း မှာ ပြည်သူတွေ တောင်း စား နေရပြီ လို့ ဝေဖန်တဲ့ဒဏ် ။ သံဃာတော်တွေ အပေါ် မှာ အကြည်ညို ပျက်မှူ စတာတွေ တဖြည်းဖြည်းလျှော့ လာတယ်။ ဒီကျောင်း ကနေ သံဃာအာဇာနည် ရဟန်းတော်တွေ ထွက်လာတယ်။ နိုင်ငံအတွက် လိုအပ်တဲ့ ကဏ္ဍတွေ အတွက် ကျွမ်းကျင် လုပ်သားတွေ ထွက်လာတယ်။
ဘုရင်ကြီး လည်း ကျေနပ်တာပေါ့ဗျာ။ တိုင်းသူပြည်သားတွေကလည်း မေတ္တာတွေပို့လို့။ ဒါကြောင့် ကျွန်တော်ကို ခေါ်ပြီး ။ မင်းပေးတဲ့ အကြံကောင်းတယ်တဲ့ ။ ဒါကြောင့် ဆုချမယ် ဆိုတော့ ပျော်လိုက်တာဗျာ။
ဆုယူဖို့ ရှေ့ကို တိုးခဲ့ လည်းဆိုရော အိပ်ရာက လန့်နိုးပါလေရော။
အော် အိပ်မက်မက်နေ မှန်း ခုမှ သိတော့တယ် ... ၀ါး.... ရွာကနေ ရွှေဘိုသွားမလို့ နေပူတာနဲ့ သစ်ပင်အောက်မှ ခဏနားရင်း အိပ်ပျော်သွားတာ။ အိပ်မက်တွေဘာတွေ မက်လို့ ။ ခရီး ဆက်ရဦးမယ် တော်ကြာ အိမ်ပြန်နောက်ကျလို့ အိမ်ရှင်မ က ပျစ်တောက်ပျစ်တောက်လုပ်နေဦးမယ်။ အိမ်ရှင်မ မှာလိုက်တဲ့ စာရင်း ပြန်စဉ်းစားကြည့်ဦးမှ
လက်ဖက် ...... ၁ ပိဿာ ( အညွန့် )
ဟင်းချိုမှုန့် .... ၁ ထုပ်
ဂျင်း ပေါက် ... ၅၀ သား
ဆဌမတန်း သင်္ချာ ဖတ် စာ စာအုပ် ... ၁ အုပ် ( ကျောင်းမှာ စာအုပ်မလောက်လို့မဲဖောက်တာ ကျွန်တော့်သား မပေါက်ဘူးလေ )
အင်း တော်ပါသေးရဲ့ မှတ်မိသေးလို့ .... အချိန်ရှိတုန်း ခရီးဆက်လိုက်ဦးမယ်....
(အိပ်မက်ဆိုတာတော့ ဒီလိုပါပဲ တောင်ရောက်မြောက်ရောက် ဘာမှ အဓိပ္ပါယ်ရှိတာမဟုတ်ဘူး သူမက်ချင်တာ လျှောက်မက်နေတာ)
လေးစားစွာဖြင့်
နေစိုးနိုင်

2 comments:
အိပ်မက်တွေ အကောင်အထည်ပေါ်လာပါစေ
အိပ်မက်ဆိုတာ မသိစိတ်ထဲမှာ ပြင်းပြနေသော လိုချင်
ဆန္ဒ ဆိုရင်လက်ခံမလားမသိ။ :)
စာရေးသူရဲ့ အိပ်မက်လေးက Indirect way လေးနဲ့ 
အမြင်တည့်လွန်းလှတယ် အစ်ကိုနေစိုးနိုင်ရေ......
"Dream Will Come True" တဲ့....
ကြိုးစားလိုက်ကြအုန်းစို့ ။။။။။။။:)
Post a Comment